AMI Life News

ဆီးချိုရှိသူတစ်ယောက် ကျန်းမာအောင် ဘယ်လိုနေမလဲ

ဆီးချိုရောဂါ ရှိလာပြီဆိုရင် နေ့တိုင်းစိန်ခေါ်မှုခံစားရနိုင်ပါတယ်။ ဆေးဆက်တိုက်သောက်ရမယ်၊ သွေးစစ်ဆေးရမယ်၊ ဘာစားသင့်လဲ ချင့်ချိန်ရမယ်၊ ဆေးထိုးခြင်းနဲ့အမျိုးမျိုးသောဆရာဝန်ရဲ့ ချိန်းဆိုမှုတွေက နေထိုင်ရတာ ခက်ခဲစေပါတယ်။

စားသောက်နေထိုင်မှုအတွက် ထည့်သွင်းစဉ်းစားရမည့်အချက်တွေ အများကြီးရှိနေပေမယ့် ဘဝကိုချုပ်နှောင်ထားဖို့တော့ မလိုအပ်ပါဘူး။ ကောင်းမွန်တဲ့ကုသနည်းနဲ့ ဘာစားရမယ်ဆိုတဲ့ အကြံဉာဏ်တွေကနေ ဆီးချိုရောဂါကို လက်တွေ့ကျကျ သေချာဂရုစိုက်မယ်ဆိုရင် ရောဂါကြောင့် ခံစားရတဲ့လက္ခဏာတွေ သက်သာလာပြီး ရောဂါ ရဲ့ နောက်ဆက်တွဲဆိုးကျိုးဖြစ်တဲ့ နှလုံးရောဂါ ၊ လေဖြတ်ခြင်း၊ အာရုံကြောပြဿနာ၊ ကျောက်ကပ်ရောဂါ၊ မျက်စိပြဿနာတွေကိုပါ လျော့ချနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့် မိမိမှာ ဆီးချိုရောဂါရှိလာခဲ့ရင် ဘယ်လိုကျန်းမာအောင် နေထိုင်သင့်လဲဆိုတာ ပြောပြပေးလိုက်ပါတယ်။

အစားအစာကို သင့်တင့်မျှတစွာစားပါ

  • ဆီးချိုသမားတွေအတွက် အစားစားတဲ့အခါမှာ Plate Model ဆိုတာ ရှိပါတယ်။
  • ပန်းကန်ပြားရဲ့ တစ်ဝက်စာဟာ အသီးအရွက်နဲ့ အသီး ဖြစ်ရပါမယ်။ လေးပုံတစ်ပုံက ကစီဓာတ်အစားအစာ (ဥပမာ-ထမင်း) ဖြစ်ပြီး ကျန်တဲ့လေးပုံတစ်ပုံက အသားဓာတ်ဖြစ်ရပါမယ်
  • တတ်နိုင်သမျှ အဆီ၊ သကြား၊ ဆား၊ ကယ်လိုရီနည်းတဲ့ အစားအစာတွေစားပါ။
  • အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာများကို စားပါ။
  • သစ်သီးဖျော်ရည်၊ အချိုရည်တွေအစား ရေသောက်ပါ။

ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါ

  • နေ့ရက်တိုင်းမှာ ခန္ဓာကိုယ်ကို တက်ကြွစွာလှုပ်ရှားပေးသင့်ပါတယ်။
  • အများကြီး လှုပ်လှုပ်ရှားရှား မလုပ်နိုင်တောင် တစ်နေ့ကို ၁၀ မိနစ်စာ လမ်းလျှောက်တာမျိုး သုံးကြိမ်ကနေ စလုပ်ကြည့်ပါ။
  • တစ်ပတ်နှစ်ခါ ကြွက်သားသန်မာစေတဲ့ လေ့ကျင့်ခန်းမျိုး ပြုလုပ်သင့်ပါတယ်။ ယောဂကျင့်တာ၊ သစ်ပင်လေးတွေကို ပေါင်းသင်တာမျိုးတွေ လုပ်လို့ရပါတယ်။
  • မိမိရဲ့ ခန္ဓာကိုယ်နဲ့ကိုက်ညီပြီး ကျန်းမာရေးအရသင့်တော်တဲ့ ကိုယ်အလေးချိန်တစ်ခုကို ထိန်းသိမ်းထားဖို့ လိုအပ်ပါတယ်။

နေ့စဉ်ပြုလုပ်ရမယ့် အရာများ

  • ဆီးချိုရောဂါအတွက် ပုံမှန်သောက်ဖို့ လိုအပ်တဲ့ဆေးတွေကို မမေ့မလျော့ဘဲ သောက်ပါ။
  • ဆီးချိုဓာတ်ကို ပုံမှန်စစ်ဆေးပြီး စာအုပ်တစ်အုပ်နဲ့ မှတ်သားထားပါ။
  • ခြေချောင်းတွေမှာ အနာ၊ ပြတ်ရှဒဏ်ရာ၊ ယောင်တာတွေ ရှိလားဆိုတာကို ကြည့်ရှုစစ်ဆေးပါ။
  • အနာမကျက်တာမျိုးဖြစ်တယ်ဆိုရင် ဆရာဝန်ဆီ ပြသစစ်ဆေးဖို့လိုပါမယ်။
  • သွားနဲ့ခံတွင်းကျန်းမာရေးကို ဂရုစိုက်ပါ။
  • ဆေးလိပ်ဖြတ်ပါ။
  • သွေးပေါင်ချိန်တိုင်းဖို့ ဆရာဝန်က ညွှန်ကြားထားတယ်ဆိုရင် တိုင်းပြီး မှတ်သားထားဖို့လည်း မမေ့သင့်ပါ

စိတ်ညစ်မခံပါနဲ့

  • စိတ်ဖိစီးမှုက ဆီးချိုဓာတ်ကို တက်စေနိုင်တာကြောင့် စိတ်ကျန်းမာပျော်ရွှင်ဖို့ကလည်း အရေးကြီးပါတယ်။
  • ကိုယ်နဲ့ သင့်တော်မယ့် စိတ်ဖိစီးမှုကို လျော့ချနိုင်မယ့်နည်းလမ်းတွေ ( ဥပမာ- တရားထိုင်တာ ၊ အသက်ရူလေ့ကျင့်ခန်းလုပ်တာ ၊ လမ်းလျှောက်တာ၊ ဝါသနာပါတဲ့ အရာတွေ လုပ်တာ ၊သီချင်းနားထောင်တာ ) ပြုလုပ်လို့ရပါတယ်။

ဆရာဝန်က မှာကြားထားတဲ့အတိုင်း ရက်ချိန်းပြဖို့ သွေးစစ်ဖို့တွေကိုလည်း မပျက်မကွက်ပြသစစ်ဆေးကြည့်ဖို့ မမေ့သင့်ပါ။

ဆီးချိုသွေးချို ရှိနေလို့ ကိုယ့်ရဲ့ဘဝကို ထိန်းချုပ်ကန့်သတ်တာမျိုး လုပ်စရာမလိုပါဘူး။ ဆီးချိုရောဂါရဲ့ ထိန်းချုပ်မှုကို မခံယူဘဲ ရောဂါကို ထိန်းချုပ်ပြီး သက်ရှည်ကျန်းမာစွာ နေထိုင်ကြပါလို့ တိုက်တွန်းလိုပါတယ်။

Share Now: