ကြက်ကြော်တစ်တုံး၊ဘာဂါတစ်ခု၊မစ်ရှိတ်တစ်ခွက်ကသင်ဗိုက်ဆာနေတဲ့အချိန်မှာ ချက်ချင်းတင်းတိမ် ကျေနပ်အောင်စွမ်းဆောင်နိုင်ပါတယ်။ဒါပေမဲ့ဒီလိုမျိုးအလွယ်တကူ အသင့်စားနိုင်အောင်ပြုလုပ်ထားတဲ့ အစားအစာတွေကကျန်းမာရေးဘက်ကကြည့်ရင် ဆိုးကျိုးတွေရှိနေပါတယ်။တခါတလေစားတာက မျိုးကပြဿနာမဟုတ်ပေမဲ့အမြဲလိုလိုစားဖြစ်နေတယ်ဆိုရင်တော့နောက်ဆက်တွဲကျန်းမာရေးဆိုးကျိုးတွေတသီကြီးဖြစ်လာနိုင်ပါတယ်။ဒီဆောင်းပါးမှာတော့အသင့်စားအစားအစာတွေ အလွန်အကျွံစားသုံး ခြင်းနဲ့ဆက်နွယ်နေတဲ့ ကျန်းမာရေးပြဿနာတွေအကြောင်း ဖော်ပြသွားပါမယ်။
အာဟာရနည်းခြင်း
အမြဲလိုလိုအသင့်စားအစားအစာတွေပဲစားတတ်သူတွေရဲ့အဓိကပြဿနာတစ်ခုကအာဟာရချို့တဲ့ခြင်းပါပဲ။ဒီအစားအစာတွေကအများအားဖြင့်ကယ်လိုရီ၊မကျန်းမာတဲ့အဆီ၊သကြားတွေများပြီး မရှိမဖြစ် လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ တခြားအာဟာရဓာတ်တွေ နည်းပါးကင်းမဲ့ပါတယ်။ ဒါကြောင့် အလွန်အကျွံစားသုံးတဲ့အခါမှာကိုယ်ခံအားနည်းပြီးအထွေထွေကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ပါ တယ်။
ကိုယ်အလေးချိန်တက်ခြင်း၊ အဝလွန်ခြင်း
အသင့်စားအစာတွေက ကယ်လိုရီပါဝင်မှုများပြားခြင်းကြောင့် နာမည်ဆိုးနဲ့ကျော်ကြားပါတယ်။ ဒီအစားအစာတွေကို အလွန်အကျွံစားရင် ကိုယ်အလေးချိန် တဖြည်းဖြည်းတက်လာပြီး ကြာလာရင် အဝလွန်တဲ့အထိဖြစ်လာနိုင်ပါတယ်။ အဝလွန်ခြင်းက ကျန်းမာရေးပြဿနာအများစု(ဥပမာ – နှလုံးရောဂါ၊ ဆီးချို၊ ကင်ဆာ)ရဲ့ အရင်းခံအကြောင်းတရားတစ်ခုပါ။ ကယ်လိုရီများခြင်း၊ ပမာဏအများအပြားစားခြင်း၊ အာဟာရတန်ဖိုးနည်းခြင်းတွေကြောင့် အသင့်စားအစာတွေက သင့်ကို မကျန်းမမာနဲ့ ကိုယ်အလေးချိန်တက်စေနိုင်ပါတယ်။
နှလုံးနဲ့ သွေးကြောပြဿနာ
အသင့်စားအစာတွေပုံမှန်လိုလိုစားသုံးခြင်းကနှလုံးနဲ့သွေးကြောပြဿနာတွေနဲ့လည်း ဆက်စပ်နေပါ တယ်။ဒီအစားအစာတွေကပြည့်ဝဆီ၊မကောင်းတဲ့အဆီ၊များပြားတဲ့ဆိုဒီယမ်(ဆား)တွေပါဝင်လို့သွေးပေါင်ချိန်တက်၊သွေးကြောကျဉ်းစေပြီးနှလုံးရောဂါတွေဖြစ်နိုင်ပါတယ်။ဒါ့အပြင်မကောင်းတဲ့ကိုလက်စထရောကိုတက်စေပြီး၊ကောင်းတဲ့ကိုလက်စထရောကိုကျစေလို့နှလုံးဖောက်ခြင်း၊လေဖြတ်ခြင်းတွေဖြစ်နိုင်ခြေလည်း များပါတယ်။
ဆီးချို
ဒီအစားအစာတွေက ပုံမှန်အားဖြင့် သကြားဓာတ်နဲ့ မကောင်းတဲ့ကစီဓာတ်များလို့ စားလိုက်တဲ့အခါ သွေးတွင်းသကြားပမာဏကို ရုတ်တရက်ဆောင့်တက်စေပါတယ်။ ကြာလာတဲ့အခါ အင်ဆူလင်က မတိုးတော့ဘဲ ဆီးချိုဖြစ်နိုင်ခြေများလာပါတယ်။
အစာခြေလမ်းကြောင်းပြဿနာ
အသင့်စားအစာတွေမှာက အမျှင်ဓာတ်နည်းပါးလွန်းပါတယ်။ အစာခြေစနစ်ကောင်းဖို့၊ အူလမ်းကြောင်းကျန်းမာဖို့လိုအပ်တဲ့ ဒီအမျှင်ဓာတ်တွေချို့တဲ့ခြင်းက ဝမ်းချုပ်ခြင်း၊ အူမကြီးရောင်ခြင်း၊ လိပ်ခေါင်းစတာတွေဖြစ်စေပါတယ်။ ဒါ့အပြင် တာရှည်ခံဆေးတွေ၊ ဓာတုပစ္စည်းတွေက အစာခြေလမ်းကြောင်းကို ထိခိုက်စေလို့ နောက်ဆက်တွဲဆိုးရွားတဲ့အခြေအနေတွေဖြစ်လာနိုင်ပါတယ်။
ကင်ဆာဖြစ်နိုင်ခြေများခြင်း
အသင့်စားအစာထဲမှာ ပါဝင်တဲ့ ဓာတုပစ္စည်းတွေ၊ မကောင်းတဲ့အဆီ၊ များပြားတဲ့ဆိုဒီယမ်စတာတွေက ကင်ဆာဖြစ်နိုင်ခြေမြင့်မားခြင်းနဲ့ ဆက်စပ်နေပါတယ်။ ပြုပြင်ထားတဲ့အသားတွေ(ဥပမာ – ဟော့ဒေါ့၊ ဝက်အူချောင်း၊ အသားလုံး၊ ဘေကွန်)၊ အပူချိန်မြင့်မားစွာပေးပြီး ကြော်ထား၊ ကင်ထားတဲ့အသားတွေ၊ ကျပ်တိုက်ထားတဲ့အသားတွေကကင်ဆာ(အထူးသဖြင့်အူမကြီးကင်ဆာ)နဲ့ အထင်အရှားဆက်နွယ်နေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းက ဆိုထားပါတယ်။
အသင့်စားအစာတွေက အလွယ်တကူရရှိပြီး အရသာလည်းကောင်းလို့ လူတိုင်းနီးပါး ကြိုက်ကြတယ်ဆိုပေမဲ့လည်း ကျန်းမာရေးသတိပြုဖို့တော့ အရေးကြီးပါတယ်။ အဓိကက အသင့်စားအစာတွေကို ပုံမှန်အစားအစာတစ်ခု၊ အခြေခံအစားအစာတစ်ခုအနေနဲ့ မစားသုံးမိဖို့ပါပဲ။ ကျန်းမာရေးဆိုတာ သင်စားသောက်နေထိုင်ပုံပေါ် မူတည်တာမို့ အသက်ရှည်ကျန်းမာစွာနေထိုင်နိုင်ဖို့ အသင့်စားအစာတွေကို လျှော့ချစားသုံးပါ။
(အသင့်စားအစာတချို့ကိုလည်း ဗဟုသုတအဖြစ် ဖော်ပြလိုက်ပါတယ်။
ဘာဂါ၊ ကြက်ကြော်၊ ဒိုးနတ်၊ ဘီစကစ်၊ ကွတ်ကီး၊ အာလူးချောင်းကြော်၊ ဝေဖာ၊ ဆန်းဒဝစ်ခ်ျ၊ ပီဇာ၊ အချိုရည်၊ ရေခဲမုန့်၊ မစ်ရှိတ်၊ အသားလုံး၊ အသားပြား၊ အကြော်၊ ဟော့ဒေါ့၊ ဘေကွန်၊ ဝက်အူချောင်း၊ အသင့်စား ခေါက်ဆွဲခြောက် အစရှိတာတွေဖြစ်ပါတယ်။)

