ရုပ်အသွင်အပြင်ကို အလေးထားတဲ့လူတစ်ယောက်အတွက် ဆံပင်ကျွတ်ခြင်း၊ ပါးခြင်း၊ ပြောင်ခြင်းဆိုတာ စိုးရိမ်ပူပန်စရာတစ်ခုဖြစ်ပါတယ်။ ဒါကို ထိထိရောက်ရောက် ပြန်လည်ကုစားဖို့ဆိုရင် အကြောင်းအရင်းကိုသိဖို့လိုပြီး စောစောစတင်ဖို့အရေးကြီးပါတယ်။
ဒီနေ့မှာတော့ ဆံပင်တွေပုံမှန်ထက်ပိုကျွတ်ရတဲ့ အကြောင်းအရင်းတွေနဲ့ ပြန်ပေါက်နိုင်ခြေရှိမရှိကို မျှဝေသွားပါမယ်။
(၁) မျိုးရိုးလိုက်တဲ့ ဆံပင်ကျွတ်ခြင်း
ဒါကတော့ တစ်ကမ္ဘာလုံးမှာ အဖြစ်များဆုံးအကြောင်းအရင်းဖြစ်ပြီး ကျားမမရွေးဖြစ်နိုင်ပါတယ်။ မျိုးရိုးဗီဇကြောင့် မွှေးညင်းအိတ်တွေကရှုံ့လာပြီး နောက်ဆုံးမှာဆံပင်လုံးဝမပေါက်တော့တဲ့အထိ ဖြစ်လာတာပါ။ ဆယ်ကျော်သက်အရွယ်ကစလို့ ဖြစ်နိုင်ပြီး အများအားဖြင့်တော့ အသက်ကြီးမှဖြစ်ကြပါတယ်။
အမျိုးသမီးတွေမှာဆို တစ်ခေါင်းလုံးဆံပင်ပါးလာတာ၊ ဆံပင်ခွဲကြောင်း ထင်းလာတာတွေဖြစ်ပြီး အမျိုးသားတွေမှာတော့ နဖူးထိပ်ပြောင်တာ၊ ခေါင်းထိပ်ပြောင်တာတွေ ဖြစ်လာပါတယ်။
သင့်တော်တဲ့ကုထုံးနဲ့ဆို ဆံပင်ကျွတ်တာရပ်ပြီး ပြန်ပေါက်နိုင်ပါတယ်။ စောစောကုလေ ပိုထိရောက်လေပါပဲ။ မကုသရင်တော့ ဆက်ကျွတ်နေပါမယ်။
(၂) အသက်အရွယ်
အသက်ရလာတဲ့အခါ ဆံပင်ကသိပ်မသန်တော့ဘဲ တစ်ချိန်မှာ ပေါက်တာ(လုံးဝ)ရပ်သွားနိုင်ပါတယ်။
စောစောသိပြီးကုသမှုခံယူရင် တချို့သူတွေမှာတော့ ဆံပင်ပြန်ပေါက်နိုင်ပါတယ်။
(၃) ကိုယ်ခံအားစနစ်ကြောင့် ဆံပင်ကျွတ်ခြင်း Alopecia areata
မိမိကိုယ်ခံအားက မှားယွင်းပြီးတော့ မွှေးညင်းအိတ်တွေကိုဖျက်စီးမိတဲ့အခါမှာ ဆံပင်ကျွတ်နိုင်ပါတယ်။ ဆံပင်တင်မကဘဲ တခြားအမွှေးအမျှင်တွေလည်း ကျွတ်တတ်ပါတယ်။
ဆံပင်က သူ့ဘာသာသူ ပြန်ပေါက်မလာရင်တော့ ကုထုံးနဲ့နှိုးဆွပြီး ပြန်ပေါက်အောင်လုပ်နိုင်ပါတယ်။
(၄) ကင်ဆာကုထုံး
ကင်ဆာဆေးသွင်းရတာ၊ ခေါင်းနဲ့ လည်ပင်းကို ဓာတ်ရောင်ခြည်ပြရတာကြောင့် တစ်ပတ်နှစ်ပတ်အတွင်း ဆံပင်တွေကျွတ်လာလေ့ရှိပါတယ်။
အရေပြားအထူးကုဆရာဝန်က ဆေးဝါးတွေနဲ့ ဆံပင်မြန်မြန်ပြန်ပေါက်လာအောင် ကူညီနိုင်ပါတယ်။
(၅) ကလေးမွေးခြင်း၊ နေထိုင်မကောင်းခြင်း၊ စိတ်ဖိစီခြင်း
ပင်ပန်းခဲယဉ်းတဲ့ကာလတွေ(ဥပမာ – အိမ်ထောင်ကွဲခြင်း၊ မိမိချစ်ရသူသေဆုံးခြင်း)ကြောင့် ဆံပင်ကျွတ်တာမျိုးက ဖြစ်လေ့ရှိပါတယ်။
စိတ်ဖိစီးမှုတွေ မရှိတော့ဘူးဆိုရင်တော့ ဆံပင်တွေက သူ့ဘာသာသူပြန်ပေါက်လာပါလိမ့်မယ်။
(၆) ဆံပင်အလှပြင်ခြင်း
ဆံပင်ဆေးဆိုးတာ၊ ကောက်တာ၊ ဖြောင့်တာတွေကလည်း ဆံပင်ကိုပျက်စီးစေတာမို့ အချိန်ကြာတာနဲ့အမျှ ဆံပင်ကျွတ်လာနိုင်ပါတယ်။
ဆံသားကို ပြန်လည်ဂရုစိုက်ထိန်းသိမ်းမယ်ဆိုရင်တော့ ပြန်ပေါက်လာနိုင်ပါတယ်။ ဒါပေမဲ့ မွှေးညင်းအိတ်လုံးဝပျက်စီးသွားရင် ပြန်မပေါက်နိုင်တော့ပါဘူး။
(၇) ဆံပင်ထုံးဖွဲ့မှုပုံစံ
ဆံပင်ကို အချိန်ကြာကြာ တင်းတင်းစည်းခြင်း၊ ဆွဲထားခြင်းတွေကြောင့် ဆံပင်ကျွတ်နိုင်ပါတယ်။ ဆံပင်ကျွတ်သက်သာချင်ရင် ဒါမျိုးကိုရှောင်ကြဉ်ဖို့လိုပါတယ်။
(၈) ဟော်မုန်းမမျှတခြင်း
အမျိုးသမီးတွေမှာ သားဥအိမ်ရေအိတ်တည်ခြင်း(PCOS) ဖြစ်တဲ့အခါမှာ ဟော်မုန်းကမောက်ကမဖြစ်ပြီး လက္ခဏာတစ်ခုအနေနဲ့ ဆံပင်ကျွတ်နိုင်ပါတယ်။ တချို့တားဆေးတွေ သောက်တာရပ်လိုက်တဲ့အခါမှာလည်း ဟော်မုန်းမမျှတတာမျိုး ယာယီဖြစ်တတ်ပါတယ်။
ကုသမှုခံယူလိုက်ရင်တော့ ဆံပင်ပြန်ပေါက်နိုင်ပါတယ်။
(၉) ဦးရေပြားကူးစက်ရောဂါ
ဦးရေပြားမှာ မှို/ဘက်တီးရီးယားကူးစက်တဲ့အခါ အရေပြားခြောက်သွေ့အက်ကွဲ၊ အဖတ်တွေကွာပြီး ရောင်ရမ်းပါတယ်။ ခေါင်းမှာ အကွက်လိုက်ဖြစ်ပြီး အမဲ အစုအစုလေးတွေကိုတွေ့ရတတ်ပါတယ်။ တချို့သူတွေမှာတော့ ဆံပင်ကွက်သွားပါတယ်။
ရောဂါကိုကုသလိုက်ရင်တော့ ဆံပင်ပြန်ပေါက်လာပါတယ်။
(၁၀) ဆေးဝါး
တချို့ဆေးဝါးတွေရဲ့ ဘေးထွက်ဆိုးကျိုးက ဆံပင်ကျွတ်စေလို့ သံသယရှိရင် ဆရာဝန်ကိုမေးမြန်းပါ။ မိမိသဘောနဲ့ ဆေးကိုရပ်တာမျိုးတော့ မလုပ်ပါနဲ့။
ဆေးရပ်လိုက်ရင် ဆံပင်ပြန်ပေါက်နိုင်ပါတယ်။
(၁၁) ကိုယ်ခံအားဖောက်ပြန်တဲ့ နာတာရှည်ဦးရေပြားရောဂါ Scalp psoriasis
ကိုယ်ခံအားစနစ်ဖောက်ပြန်ပြီး ဦးရေပြားဆဲလ်တွေ အပွားမြန်တာကြောင့် ခေါင်းမှာ အရေပြားထူထူအကွက်တွေ ဖြစ်လာတာပါ။ ခြောက်သွေ့ယားနာ၊ အက်ကွဲသွေးထွက်တာတွေ ဖြစ်နိုင်ပါတယ်။
ရောဂါအရှင်းပျောက်သွားရင်တော့ ဆံပင်ပြန်ပေါက်ပါတယ်။ ဒါပေမဲ့ အချိန်ယူရပါတယ်။
(၁၂) လိင်ကူးစက်ရောဂါ
လိင်ကတဆင့်ကူးစက်တဲ့ရောဂါကို မကုသဘဲနေရင် ဆံပင်ကျွတ်နိုင်ပါတယ်။ ဥပမာ ကာလသားရောဂါကို မကုသဘူးဆိုရင် ဦးခေါင်း၊ မျက်ခုံး၊ မုတ်ဆိတ်နဲ့ တခြားနေရာတွေမှာ အမွှေးအမျှင်အကွက်လိုက် ပြောင်သွားနိုင်ပါတယ်။
ရောဂါမရှိမှပဲ ဆံပင်ကပြန်ပေါက်လာမှာပါ။
(၁၃) သိုင်းရွိုက်ရောဂါ
ဒီရောဂါဖြစ်တဲ့သူတွေမှာလည်း ဆံပင်ပါးသွားတတ်ပါတယ်။ တချို့သူတွေမှာ ခေါင်းဖီးတဲ့အခါ အထွေးလိုက်ကျွတ်တာမျိုး ဖြစ်နိုင်ပါတယ်။
ရောဂါကိုကုသရင်တော့ ပြန်ပေါက်လာနိုင်ပါတယ်။
(၁၄) အာဟာရချို့တဲ့ခြင်း
သင့်ခန္ဓာကိုယ်မှာ သံဓာတ်၊ ပရိုတင်း၊ ဇင့်ဓာတ်နဲ့ Biotin တစ်ခုခုချို့တဲ့ရင်လည်း သိသိသာသာဆံပင်ကျွတ်နိုင်ပါတယ်။
ကဲ ဒါဆိုရင်တော့ ဆံပင်ကျွတ်စေတဲ့အကြောင်းအရင်း တော်တော်များများကို သိသွားကြပြီလို့ထင်ပါတယ်။ အများစုက ကုသလို့ရတာမို့ ဘာကြောင့်ဖြစ်လဲ သေချာသိဖို့သာ အရေးကြီးပါတယ်။
တကယ်လို့ ဆံပင်ကျွတ်တာနဲ့ပတ်သက်ပြီး အရေပြားအထူးကုဆရာဝန်၊ အလှအပရေးရာဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်လိုရင်တော့ MyanCare မှာ Booking ပြုလုပ်လိုက်ပါနော်။