AMI Life News

ပိုးသတ်ဆေးသောက်ရင် ဘာတွေ သတိထားရမလဲ?

နေမကောင်းတာပဲဖြစ်ဖြစ် နှာစေးချောင်းဆိုးလို့ပဲဖြစ်ဖြစ် ပိုးသတ်ဆေးသောက်ဖူးကြမှာပါ။ ပိုးသတ်ဆေးဆိုတဲ့အတိုင်း ဘက်တီးရီးယားပိုးနဲ့ ရောဂါပိုးတွေကို တိုက်ဖျက်ကုသနိုင်ပြီး ရောဂါပျံ့နှံ့မှုကို ဟန့်တားပေးနိုင်ပါတယ်။ ပိုးသတ်ဆေးတွေက ပြင်းထန်သောရောဂါတွေရဲ့ နောက်ဆက်တွဲပြဿနာတွေကိုလည်း လျှော့ချနိုင်တာကြောင့် လူနာတွေ အလွယ်တကူသောက်သုံးကြတဲ့ ဆေးမျိုးပါ။ ဒါပေမယ့် ပိုးသတ်ဆေးတွေကို အလွန်အကျွံသုံးစွဲခြင်းနဲ့ သောက်ပုံသောက်နည်းလမ်းမမှန်တာတွေကြောင့် ဆေးယဉ်ပါးမှုနဲ့ အရေးပေါ်ကျန်းမာရေးပြဿနာတွေလည်း ဖြစ်နေကြပါတယ်။ ဒါဆို ပိုးသတ်ဆေးကို ဘယ်လို မှန်မှန်ကန်ကန် သုံးစွဲကြမလဲ? ကိုယ်သောက်နေတဲ့ပုံစံကရော မှန်ရဲ့လား သေချာဆန်းစစ်ကြည့်ဖို့ လိုအပ်ပါတယ်။ ပိုးသတ်ဆေးကို အလွန်အကျွံ သောက်မိနေပြီလား?

ဒါက တော်တော်များများ ဖြစ်ကြတဲ့ ပြဿနာတစ်ခုပါ။ ပိုးသတ်ဆေးသောက်ရင် ရောဂါအပျောက်မြန်တယ်၊ ထိရောက်တယ်ဆိုပြီး နေထိုင်မကောင်းတာနဲ့ ပိုးသတ်ဆေး တန်းသောက်ကြတာမျိုးပါ။ ပိုးသတ်ဆေးဆိုတာက ဘက်တီးရီးယားကြောင့်ဖြစ်တဲ့ ရောဂါပိုးတွေကို ကုသပေးပေမယ့် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပေါ်လာသော ရောဂါပိုးတွေကိုတော့ မကုသပေးနိုင်ပါဘူး။ ဒီလိုမျိုး ကုသမှုမမှန်တဲ့အခါမှာ ပိုးသတ်ဆေးသောက်ခြင်းက ဆေးယဉ်ပါးမှုကို ဖြစ်စေနိုင်ပါတယ်နော်။​

ပိုးသတ်ဆေးကို ဆေးပတ်လည်အောင် သောက်ရဲ့လား?

ရောဂါသက်သာလာပြီ၊ မဖျားမနာတော့ဘူးဆိုတာနဲ့ တချို့တွေက ဆေးသောက်တာကို ရပ်လိုက်ကြပါတယ်။ ဒါပေမယ့် ရောဂါဖြစ်စေတဲ့ဘက်တီးရီးယားတွေကို သတ်ဖို့အတွက် အပြည့်အဝ ကုသမှုခံယူဖို့ လိုပါတယ်နော်။ ပိုးသတ်ဆေးသောက်တာ ရပ်လိုက်မယ်ဆိုရင် အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေ ကြားမှာ ပဋိဇီဝဆေးခံနိုင်ရည်ရှိတဲ့ ဂုဏ်သတ္တိတွေ ပျံ့နှံ့မှုကိုလည်း မြှင့်တင်ပေးလိုက်စေပါတယ်။ ဒီလို ကိုယ့်သဘောနဲ့ကိုယ် ဆေးပတ်လည်အောင် မသောက်တာက နောက်ပိုင်းကုသမှုအတွက် ပိုးသတ်ဆေးမတိုးတော့ဘဲ ဖြစ်တတ်ပါတယ်။ ​

ပိုးသတ်ဆေး ယဉ်ပါးရင် ဘာတွေဖြစ်လာနိုင်လဲ ?

ပိုးသတ်ဆေးတွေကို မကြာခဏ လွန်လွန်ကဲကဲ အသုံးပြုပြီး ကုသမှုလမ်းညွှန်ချက်များ မပါဘဲ သောက်သုံးခြင်းကြောင့် ဆေးယဉ်ပါးမှုပြဿနာတွေ ကြုံတွေ့နေရပါတယ်။ ဘက်တီးရီးယားပိုးမွှားများကို ကာကွယ်ရန်နှင့် ကုသရန်အသုံးပြုသောက်သုံးရင်း အချို့သော ဘက်တီးရီးယားပိုးတွေမှာ ဆေးယဉ်ပါးတဲ့ဂုဏ်သတ္တိအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ ဆေးယဉ်ပါးပိုးဝင်ခြင်းကြောင့် ကုသဖို့ ပိုမိုခက်ခဲပြီး တခြားသောပြဿနာများဖြစ်တဲ့…​

  • ရောဂါပိုပြင်းထန်လာခြင်း​
  • ပြန်လည်နာလန်ထူရန် ကြာရှည်ခြင်း​
  • မကြာခဏ သို့မဟုတ် ပိုကြာကြာ ဆေးရုံတက်နေရခြင်း​
  • နောက်ထပ် ကျန်းမာရေးစောင့်ရှောက်မှု ခံယူရခြင်း​
  • ပိုစျေးကြီးသော ဆေးကုသမှုစရိတ်များနဲ့ ​
  • သေဆုံးမှုတိုးလာစေနိုင်တဲ့အတွက် ဆေးယဉ်ပါးမဖြစ်အောင် အထူးသတိပြုသင့်ပါတယ်။​

တန်ဆေး လွန်ဘေး ဆိုတဲ့အတိုင်း ကုသဖို့‌အတွက် သောက်သုံးလိုက်တဲ့ ပိုးသတ်ဆေးတွေ‌ကြောင့် ဒုက္ခမရောက်ရလေအောင် ဆရာဝန်ညွှန်ကြားချက်အတိုင်း တိတိကျကျ လိုက်နာသောက်သုံးကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Share Now: