Search
Close this search box.
Search
Close this search box.

Health & Wellness

မနက်အိပ်ရာနိုးရင် ဘာကြောင့်မလန်းတာလဲ?

မနက်ရောက်ရင် မြည်လာတဲ့ Alarm ကိုပိတ်ပြီး နည်းနည်းပဲဖြစ်ဖြစ်ထပ်အိပ်ချင်တာက လူတိုင်းနီးပါပဲ။ ဒါပေမဲ့ အိပ်ရာကနိုးတိုင်း မကြည်မလင်ဖြစ်နေမယ် (သို့) နေ့ဘက်တွေမှာ အမြဲလိုလို နွမ်းနယ်သလိုခံစားနေရမယ်ဆိုရင် ဒါဟာ ကျန်းမာရေးပြဿနာ (သို့) အိပ်စက်မှုပုံစံမမှန်ခြင်းရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။  

ဒီနေ့မှာတော့ မနက်အိပ်ရာထရင် မလန်းဆန်းရခြင်းရဲ့ ဖြစ်နိုင်ခြေအကြောင်းအရင်းတချို့ကို မျှဝေသွားပါမယ်။  

◾အိပ်နေစဉ် အသက်ရှူခဏခဏရပ်ခြင်း(Sleep Apnea)  

ဒီကျန်းမာရေးပြဿနာက သင်အိပ်နေတုန်းမှာ အသက်ရှူရပ်ရပ်သွားစေတာမို့ သတိပြုသင့်တဲ့ အခြေအနေဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကြောင့် သွေးထဲအောက်စီဂျင်ကအကြိမ်ကြိမ်ကျပြီး နှလုံးနဲ့သွေးကြောဆိုင်ရာ ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ မကုသဘဲထားရင် သွေးတိုးခြင်း၊ နှလုံးကြွက်သားအားနည်းခြင်း၊ နှလုံးမခုန်နိုင်ခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း၊ လေဖြတ်ခြင်းစတဲ့ ကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်ပါတယ်။ နောက်ပြီး ဆီးချိုနဲ့ အဝလွန်ခြင်းဖြစ်နိုင်ခြေ မြင့်တက်စေပါတယ်။  

Sleep Apnea ရဲ့ လက္ခဏာတွေကတော့ …  

▪️ဟောက်ခြင်း  

▪️အိပ်‌နေစဉ် လေရှိုက်အသက်ရှူခြင်း  

▪️မနက်နိုးတဲ့အခါ ပါးစပ်ခြောက်နေခြင်း  

▪️မနက်ဘက် ခေါင်းကိုက်ခြင်း  

▪️တစ်ညလုံးအိပ်ထားပေမဲ့ နုံးနေခြင်း စတာတွေဖြစ်ပါတယ်။  

တကယ်လို့သင့်မှာ Sleep Apnea ရှိတယ်လို့သံသယဖြစ်ရင် ဆရာဝန်နဲ့ပြသဖို့ အရေးကြီးပါတယ်။  

◾အိပ်ပျော်ဖို့ခက်ခဲခြင်း(Insomnia)  

တော်ရုံနဲ့အိပ်မပျော်တာ၊ နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်တာမျိုးရှိရင် Insomnia ဖြစ်နိုင်ပါတယ်။ ဒီအခါ လူက အားမရှိသလိုခံစားရပြီး စိတ်မကြည်လင်ခြင်း၊ စိတ်ကျခြင်း‌တွေ ဖြစ်တတ်ပါတယ်။  

◾ခြေထောက်အငြိမ်မထားနိုင်တဲ့ လက္ခဏာစု(Restless Legs Syndrome)  

ခြေထောက်မလှုပ်ရမနေနိုင်အောင်ဖြစ်စေတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ အများအားဖြင့် ညနေနဲ့ ညဘက်‌တွေ အနားယူတဲ့အခါ ခြေထောက်မှာ မသက်မသာတစ်ခုခုခံစားရပြီး ခြေထောက်လှုပ်နေမှ နေသာသလိုခံစားရပါတယ်။ ဒီလိုနဲ့ ညကောင်းကောင်းအိပ်ဖို့ခက်ပြီး မနက်ကျနုံးနေတတ်ပါတယ်။  

◾ညဘက် အပေါ့ခဏခဏသွားခြင်း  

ညအိပ်နေချိန်မှာ ခဏခဏအပေါ့ထသွားရခြင်းက အိပ်ရေးကိုပျက်စေပါတယ်။ ညအိပ်ခါနီး ရေသောက်များတာကြောင့် ဖြစ်နိုင်သလို ဆီးချိုစတဲ့ ရောဂါတစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။  

နေထိုင်အိပ်စက်ပုံ အလေ့အကျင့်  

လွဲမှားတဲ့နေထိုင်စားသောက်ပုံ၊အိပ်စက်ပုံတွေကြောင့်လည်းအိပ်ရေးမဝတဲ့ခံစားချက်ကိုဖြစ်စေနိုင်ပါ တယ်။  

နေ့စဉ်အချိန်မှန် အိပ်ရာမဝင်ခြင်း၊ အိပ်ရာမထခြင်း  

အိပ်တဲ့အခါမှာ သက်သောင့်သက်သာမရှိခြင်း(ဥပမာ – မွေယာ/ ခေါင်းအုံး အဆင်မပြေခြင်း၊ ပူခြင်း၊ မီးလင်းနေခြင်း၊ အသံဆူခြင်း)  

ညမအိပ်ခင် ဖုန်း၊ ကွန်ပျူတာသုံးခြင်း  

နေ့လည်ဘက်မှာ တရေးတမောအိပ်ထားခြင်း  

အိပ်ခါနီး အဆီ/ အစပ်များတဲ့ အစားအစာစားခြင်း  

ညနေ/ညဘက်မှာ ကော်ဖီသောက်ခြင်း  

မအိပ်ခင် အရက်သောက်ခြင်း  

အိပ်ခါနီးမှ လေ့ကျင့်ခန်းပြုလုပ်ခြင်း/ တစ်နေကုန် ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း  

ဒီတော့ မနက်အိပ်ရာထ မလန်းရင် ဖြစ်နိုင်တဲ့ကျန်းမာရေးပြဿနာကို ထည့်စဉ်းစားပြီး မိမိရဲ့နေထိုင်အိပ်စက်ပုံကို ပြောင်းလဲကြည့်ဖို့ တိုက်တွန်းအကြံပြုလိုက်ပါတယ်။  

Share Now: