AMI Life News

မီးဖွားပြီးနောက် ဝမ်းနည်းစိတ်ကျခြင်း

အခုတလော လူတွေစိတ်ဝင်စားသတိပြုမိကြတဲ့ ၂၀၂၀ တုန်းဖြစ်ခဲ့တဲ့  ဂျပန်လူမျိုး အမျိုးသမီးသရုပ်ဆောင်တစ်ဦး မိမိကိုယ်မိမိ အဆုံးစီရင်သွားတာကို တချို့သိကြမယ်ထင်တယ်။ သူက ဒုတိယကလေးကိုမွေးဖွားပြီးနောက် ရှစ်လခန့်အကြာမှာ အဆုံးစီရင်ခြင်းဖြစ်လို့ တချို့က Baby Blues နဲ့ပတ်သက်နိုင်တယ်လို့ ထင်မြင်ယူဆကြပြီး စိတ်မကောင်းဖြစ်ခဲ့ကြရပါတယ်။ ဒီတော့ Baby Blues ဆိုတာက ဘာလဲ၊ ဘယ်လောက်အထိဆိုးရွားနိုင်လဲ၊ ဘယ်လိုသတိပြုရမလဲစတဲ့အကြောင်းအ‌ရာတွေကို အားလုံးသိရှိနိုင်အောင် မျှဝေသွားမှာဖြစ်ပါတယ်။

◼️မီးဖွားပြီးနောက် ဝမ်းနည်းခြင်း (Baby Blues)

မီးဖွားပြီးခါစမိခင်အယောက် ၁၀၀ မှာ ၈၅ ယောက်လောက်ဖြစ်ကြတဲ့ အဖြစ်များတဲ့ဝေဒနာတစ်ခုဖြစ်ပါတယ်။ ဟော်မုန်းအပြောင်းအလဲကြောင့် တစ်ခုခုကို စိုးရိမ်ပူပန်ခြင်း၊ ရုတ်တရက် ဝမ်းနည်းငိုကြွေးခြင်း၊ ကြောင့်ကြများခြင်းတွေကို မီးဖွားပြီး နှစ်ပတ်အတွင်းမှာသာ ခံစားရလေ့ရှိပါတယ်။ Baby Blues ဆိုတာ ဟော်မုန်းအတက်အကျကြောင့်ဖြစ်တဲ့ အပျော့စား ယာယီစိတ်ကျလက္ခဏာသာဖြစ်လို့ သူ့ဘာသာသူပြန်ကောင်းပါတယ်။

◼️မီးဖွားပြီးနောက် စိတ်ကျခြင်း (Postpartum Depression)

ဒါကတော့ ပိုပြင်းထန်တဲ့ဝေဒနာဖြစ်ပါတယ်။ တချို့အမျိုးသမီးတွေမှာ Baby Blues ဖြစ်ရာကနေ တစ်ဆင့်တက်ပြီး စိတ်ကျခြင်းဖြစ်လာပါတယ်။ မီးဖွားပြီးခါစမိခင် ငါးယောက်မှာ တစ်ယောက်ဖြစ်လို့ အဖြစ်များတယ်လို့လည်း ဆိုနိုင်ပါတယ်။ ဒါက ခပ်ပေါ့ပေါ့ သဘောထားရမယ့်ကိစ္စမဟုတ်ပါဘူး။ မီးဖွားပြီးနောက် စိတ်ကျခြင်းက အဖြစ်များဆုံး ကိုယ်ဝန်ဆောင်နောက်ဆက်တွဲပြဿနာဖြစ်ပြီး မိခင်ရော ကလေးကိုပါ ဒုက္ခဖြစ်စေနိုင်ပါတယ်။

ဒေတာအချက်အလက်ကောက်ယူတဲ့ နိုင်ငံတွေမှာ မိခင်သေဆုံးရခြင်းရဲ့ ၂၀ % ခန့်က ဒီစိတ်ကျခြင်းကြောင့်ဆိုတာကို တွေ့ရှိထားလို့ အသက်အန္တရာယ်စိုးရိမ်စရာအခြေအနေဖြစ်ပါတယ်။

◾ဘယ်လိုလက္ခဏာတွေပြလဲ

တစ်‌ဦးနဲ့တစ်ဦးမတူလို့ တစ်ထစ်ချပြောလို့တော့မရပါဘူး။ 

▪️စိုးရိမ်ပူပန်မှုများခြင်း

▪️ဝမ်းနည်းခြင်း

▪️ဒေါသထွက်ခြင်း၊ စိတ်ဆတ်ခြင်း

▪️ညအိပ်ပျော်ဖို့ခက်ခြင်း

▪️မစဉ်းစားဘဲ ခေါင်းထဲအတွေးတွေရောက်လာခြင်း(ဥပမာ-မိမိကလေးကို ထိခိုက်ဒဏ်ရာရအောင်ပြုလုပ်မယ့်အတွေး ဝင်လာခြင်း)

ဒီလိုလက္ခဏာတွေ နှစ်ပတ်အထက်ကြာလာရင် (သို့) ပိုပြီးဆိုးလာရင် (အထူးသဖြင့် ကိုယ်ဝန်မရှိခင်ကတည်းက စိတ်ပိုင်းဆိုင်ရာဝေဒနာတွေခံစားဖူးရင်) ဆရာဝန်နဲ့အမြန်ဆုံးပြသဖို့ လိုအပ်နေပါပြီ။

မကုသဘဲထားမယ်ဆိုရင် ဒီလက္ခဏာတွေက လတွေ၊ နှစ်တွေအထိကြာနိုင်ပါတယ်။ လေ့လာမှုတစ်ခုအရ တချို့အမျိုးသမီးတွေမှာဆိုရင် ကလေးမွေးပြီး သုံးနှစ်ကြာတဲ့အထိ စိတ်ကျရောဂါခံစားနေရတုန်းလို့ဆိုပါတယ်။ ဒါကြောင့် စောစီးစွာစမ်းသပ်ကုသမှုခံယူဖို့ အလွန်အရေးကြီးပါတယ်။

◼️မီးဖွားပြီးနောက် စိတ်က‌ယောင်ချောက်ချားဖြစ်ခြင်း (Postpartum Psychosis)

ဒါကတော့ ဖြစ်ခဲသလို ဖြစ်လာခဲ့ပြီဆိုရင်လည်း ချက်ချင်းကုသမှုခံယူဖို့လိုအပ်ပါတယ်။ မီးဖွားပြီးခါစမိခင်တွေရဲ့ ၀.၁ % မှာသာဖြစ်တယ်ဆိုပေမဲ့ နဂိုကတည်းက စိတ်ကျစိတ်ကြွရောဂါရှိတဲ့မိခင်တွေမှာတော့ ဖြစ်နိုင်ခြေက ၃၀ % အထိမြင့်တက်လာပါတယ်။ လက္ခဏာတွေကတော့ ကယောင်ချောက်ချားဖြစ်ခြင်း၊ မူမမှန်စွာပြုမူခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်းစတာတွေ ဖြစ်ပါတယ်။

အရင်က စိတ်ပိုင်းဆိုင်ရာပြဿနာမရှိခဲ့ဘူးဆိုရင်တောင် ဒီအခြေအနေဟာ ချက်ချင်းကုသဖို့အရေးကြီးပါတယ်။ ဘာကြောင့်လဲဆို မိမိကိုယ်မိမိ သတ်သေနိုင်ခြေ၊ ကလေးကိုနာကျင်အောင်ပြုလုပ်နိုင်ခြေရှိနေလို့ပဲဖြစ်ပါတယ်။

◾ဘယ်လိုကာကွယ်လို့ရနိုင်လဲ

ဒီရောဂါက အဖြစ်များပေမဲ့လည်း သုတေသနသေချာမပြုလုပ်နိုင်သေးလို့ မဖြစ်အောင်ကာကွယ်နည်းကတော့ မရှိသေးပါဘူး။ သုတေသနတစ်ခုအရတော့ ကလေးကို ကောင်းကောင်းချော့သိပ်တတ်ပြီး ကိုယ်တိုင်လည်း ကောင်းစွာအိပ်ပျော်တဲ့မိခင်တွေမှာ ဒီဝေဒနာတွေအဖြစ်နည်းတယ်လို့ဆိုပါတယ်။ 

စိတ်ရောဂါတွေကို ကာကွယ်ကုသရာမှာ အိပ်စက်ခြင်းက အရေးကြီးတဲ့သ‌ဘောပါပဲ။

တခြားသုတေသနတစ်ခုမှာတော့ ရောဂါဖြစ်နိုင်ခြေရှိတဲ့မိခင်တွေမှာ မီးဖွားပြီးနောက်ချက်ချင်း စိတ်ကျကုဆေးသောက်သုံးခြင်းက ကာကွယ်ပေးနိုင်တယ်လို့ဆိုပါတယ်။ 

🧡 ဒီနေရာကနေ မိခင်တွေကို စိတ်ခွန်အားပေးချင်တာကတော့ မီးဖွားပြီးနောက် ဝမ်းနည်းစိတ်ကျခြင်းဆိုတာ ဖြစ်လေ့ဖြစ်ထရှိတဲ့၊ ကုသလို့ရနိုင်တဲ့ရောဂါဖြစ်ပြီး ရှက်ရွံ့စရာကိစ္စ( လုံးဝ)မဟုတ်ပါဘူး။ ရောဂါပြင်းထန်တဲ့သူတွေမှာတောင် ကုသမှုက ထိရောက်ပြီး လူနာ ၉၈% ဟာ တိုးတက်မှုရှိကြပါတယ်။

✅ စိတ်‌ပိုင်းဆိုင်ရာဝေဒနာတွေဆိုတာ ဖုံးကွယ်စရာမဟုတ်သလို အကူအညီတောင်းဖို့လည်း မရှက်ကြောက်သင့်ပါဘူး။ အထူးသဖြင့် အခုမှမိခင်ဖြစ်ခါစသူအတွက် အလွန်အရေးကြီးပါတယ်။ ကုသခြင်းဖြင့် သက်သာ‌ကောင်းမွန်နိုင်တဲ့ဝေဒနာဖြစ်လို့ အချိန်မီကုသမှုခံယူကြဖို့ကို တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။

Share Now: