AMI Life News

လူတွေ ဘာကြောင့်ဟောက်တာလဲ 

အရွယ်ရောက်ပြီးသူ ၄၅% လောက်က တခါတရံဟောက်ပြီး ၂၅% ကတော့ ပုံမှန်ဟောက်တယ်လို့ဆိုပါတယ်။ အများအားဖြင့် အတူအိပ်သူတွေကို အနှောင့်အယှက်ပေးတတ်ပြီး သူတို့ကိုယ်တိုင်အတွက်လည်း ပြဿနာဖြစ်နိုင်ခြေရှိနေနိုင်ပါတယ်။

အဝလွန်တဲ့သူ၊ သတ်လတ်ပိုင်း/အသက်ကြီးတဲ့ အမျိုးသား၊ သွေးဆုံးပြီးအမျိုးသမီးတွေက ပိုပြီးဟောက်တတ်ပါတယ်။ ပြောရရင် အသက်ကြီးလာတာနဲ့အမျှ ပိုဟောက်လာနိုင်တဲ့သဘောပါ။

◼️ဘာကြောင့် ဟောက်တာလဲ

ဟောက်တယ်ဆိုတာ အသက်ရှူလမ်းကြောင်း ကျဉ်းမြောင်းပိတ်ဆို့လို့ ထွက်လာတဲ့အသံပါ။ လည်ပင်းကြွက်သားပျော့ခြင်း၊ လည်ပင်းအတွင်းအရှိ အစိတ်အပိုင်းတွေကြီးခြင်း၊ အာခေါင်အနောက်ဘက်ရှိ အစိတ်အပိုင်းတွေရှည်ခြင်း အစရှိတာတွေကြောင့်ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် နှာပိတ်ခြင်း၊ နှာခေါင်းအတွင်းအသားပိုရှိခြင်း၊ နှာခေါင်းကြားအကန့် ရွဲ့စောင်းခြင်းတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။

ဟောက်တာက သာမန်အကြောင်းအရာငယ်တွေကြောင့်ဖြစ်တတ်သလို တခါတလေမှာတော့ စိုးရိမ်စရာကောင်းတဲ့၊ အသက်အန္တရာယ်ခြိမ်းခြောက်နိုင်တဲ့ ကျန်းမာရေးပြဿနာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

🔴 အိပ်နေစဉ် အသက်ရှူရပ်ခြင်း(Obstructive Sleep Apnea)

အသံအကျယ်ကြီးဟောက်နေရင်းနဲ့ တစ်ချက်တစ်ချက်ရပ်သွားပြီး နောက်မှနှာမှုတ်သံ/အသက်လုရှူသံထွက်လာတဲ့ ဟောက်ခြင်းမျိုးက Obstructive Sleep Apnea(OSA) ရဲ့ လက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်။ OSA က နှလုံးနဲ့သွေးကြောဆိုင်ရာရောဂါဖြစ်စေနိုင်တဲ့ စိုးရိမ်ဖွယ်အချက်တစ်ခုမို့ စောစောစီးစီး သိရှိကုသတာအကောင်းဆုံးပါ။

OSA ရှိတဲ့လူတွေက အိပ်နေချိန်တောက်လျှောက်မှာ အသက်ရှူခဏခဏရပ်ပါတယ်။ တစ်နာရီကို အကြိမ် ၂၀ – ၃၀ အထိ ရပ်တတ်ပါတယ်။ ဒီလိုနဲ့ သွေးထဲမှာအောက်စီဂျင်ပမာဏလျော့ကျတဲ့အခါ ဦးနှောက်က နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတဲ့သင့်ကိုနှိုးပြီး အသက်ရှူစေပါတယ်။ ပြောရရင် သင်အိပ်နေစဉ်တလျှောက်မှာ လူတစ်ယောက်က ဘေးနားကနေ ခဏခဏနှိုးနေသလိုမျိုးပါပဲ။ နောက်ဆက်တွဲအနေနဲ့ နှလုံးနဲ့သွေးကြောအဖွဲ့အစည်းက ပိုမိုရုန်းကန်အလုပ်လုပ်ရပြီး သင်လည်း အိပ်ရေးဝလန်းဆန်းခြင်း မရှိတော့ပါဘူး။

OSA ရှိတဲ့လူတွေက အောက်ပါနောက်ဆက်တွဲပြဿနာတွေကို ရင်ဆိုင်ရနိုင်ပါတယ်။

▪️နှလုံးခုန်မမှန်ခြင်း

▪️သွေးပေါင်ချိန်တက်ခြင်း

▪️နှလုံးဖောက်ခြင်းနဲ့ လေဖြတ်ခြင်း ဖြစ်နိုင်ခြေများခြင်း

▪️ဆီးချိုဖြစ်နိုင်ခြေများခြင်း

▪️နေ့ဘက်ငိုက်မြည်းခြင်းကြောင့် မတော်တဆမှုဖြစ်နိုင်ခြင်း

ပြင်းထန်တဲ့ OSA က အချိန်မတိုင်မီသေဆုံးနိုင်ခြေကို ၄၆% အထိမြင့်မားစေကြောင်း လေ့လာမှုတစ်ခုက ဖော်ပြထားပါတယ်။ သတင်းကောင်းကတော့ Continuous Positive Air Pressure (CPAP) လို့ခေါ်တဲ့စက်က လေပြွန်လမ်းကြောင်းပွင့်အောင် ငြင်ငြင်သာသာလေမှုတ်ထုတ်ပေးလို့ ဖြစ်လာမယ့်ပြဿနာတွေကို ကူညီဖြေရှင်းပေးနိုင်ပါတယ်။

🔴 အိပ်ရေးပျက်ခြင်း

ဟောက်တာက အိပ်ရေးပျက်စေနိုင်ပါတယ်။ အိပ်ရေးပျက်ခြင်းရဲ့ဆိုးကျိုးက နောက်တစ်နေ့မှာမလန်းဆန်းတာထက် အများကြီးပိုပါတယ်။ အိပ်စက်ခြင်းဆိုတာ ကျန်းမာခြင်းရဲ့အစိတ်အပိုင်းတစ်ခုပါ။ အိပ်ရေးဝဝအိပ်စက်ခြင်းက ဖျားနာမှုတွေ၊ ထိခိုက်ဒဏ်ရာတွေကနေ ပြန်လည်သက်သာအောင် ကူညီနိုင်ပါတယ်။ အိပ်ရေးမဝတာကြာတဲ့အခါ အဝလွန်ခြင်း၊ ဆီးချို၊ နှလုံးရောဂါစတဲ့ ကျန်းမာရေးပြဿနာတွေတစ်သီကြီး ဖြစ်လာတတ်ပါတယ်။

အိပ်စက်ခြင်းက စိတ်ကျန်းမာရေးအတွက်လည်း သိပ်အရေးကြီးပါတယ်။ အိပ်ရေးမဝရင် နေ့စဉ်ဘဝမှာ ပိုမိုစိတ်ဖိစီးတာ၊ အလုပ်မတွင်တာကြုံရနိုင်ပါတယ်။ တချို့ ညကောင်းကောင်းအိပ်မပျော်တဲ့သူတွေဟာဆိုရင် စိတ်ပိုင်းဆိုင်ရာပြဿနာတွေပိုဖြစ်တတ်ပါတယ်။ လေ့လာမှုတစ်ခုအရ အိပ်ရေးမဝတဲ့သူတွေက မှတ်ဉာဏ်နဲ့ သင်ယူမှုမှာအခက်အခဲတွေဖြစ်တယ်လို့ ဆိုပါတယ်။

တစ်ယောက်နဲ့တစ်ယောက် အိပ်စက်မှုလိုအပ်ချက်မတူပေမဲ့ အများစုကတော့ တစ်ညကို ၇ – ၉ နာရီလောက် အိပ်စက်သင့်ပါတယ်။

တကယ်လို့ အိပ်နေတုန်းဟောက်တဲ့ကိစ္စက ပြဿနာတစ်ခုဖြစ်လာပြီဆိုရင်တော့ ဆရာဝန်နဲ့တွေ့ဆုံဆွေးနွေးဖို့မတွေဝေဘဲ ကုသမှုခံယူလိုက်ပါနော်။

Share Now: