AMI Life News

လေဖြတ်ခြင်းကိုကာကွယ်နိုင်တဲ့ဆေး တကယ်ရှိတာလား

“လေဖြတ်ကာကွယ်ဆေး” ရဲ့အကြောင်း မပြောခင် လေဖြတ်တယ် ဆိုတဲ့ အကြောင်းလေး အရင်ဆုံး ပြောပြရမယ်ထင်ပါတယ်။

အများစုက လေဖြတ်တယ်ဆိုရင် ကိုယ်တစ်ခြမ်း မလှုပ်နိုင်တော့ဘူး၊ မျက်နှာတွေရွဲ့သွားတယ်၊ ပါးတွေရွဲ့သွားတယ် စသဖြင့်တွေးမိကြမှာပါ။ တကယ်တော့ လေဖြတ်တယ်ဆိုတာက ဦးနှောက်ရဲ့ တစ်စိတ်တစ်ပိုင်း တစ်နေရာမှာ သွေးအလုံအလောက်မရတဲ့အတွက် အဲ့တစ်နေရာမှာ ထိခိုက်ပြီး သက်ဆိုင်တဲ့ လုပ်ဆောင်မှုတွေ မလုပ်နိုင်တော့တာပဲ ဖြစ်ပါတယ်။

ဦးနှောက်အစိတ်အပိုင်းတွေကို သွေးထောက်ပံ့ပေးနေတဲ့ သွေးကြောပိတ်သွားတာပဲဖြစ်ဖြစ်၊ ပေါက်သွားတာပဲ ဖြစ်ဖြစ် ဦးနှောက်ကို သွေးထောက်ပံ့မှု အားနည်းသွားရင် လေဖြတ်တာ ဖြစ်စေနိုင်ပါတယ်။

ဘယ်လိုအခြေအနေတွေက ပိုဆိုးစေနိုင်လဲဆိုရင်တော့ ဒီသွေးကြောတွေမှာ ပြဿနာဖြစ်စေနိုင်တဲ့ အခြေအနေတွေ-

  • အသက်အရွယ်ကြီးခြင်း
  • သွေးတိုးရောဂါ
  • ဆီးချိုရောဂါ
  • သွေးတွင်းအဆီဓာတ်များခြင်း
  • အဝလွန်ခြင်း
  • နှလုံးသွေးကြောဆိုင်ရာပြဿနာများ
  • ဆေးလိပ်၊ အရက်အလွန်အကြွံသောက်ခြင်း
  • လှုပ်ရှားမှုအားနည်းခြင်း
  • တချို့သွေးဆဲလ်ဆိုင်ရာပြဿနာများ
  • ဦးနှောက်ခေါင်းပိုင်း ထိခိုက်ဒဏ်ရာရမှု စတာတွေပဲ ဖြစ်ပါတယ်။

အဲဒါကြောင့် ဒါတွေအကုန်လုံးကို တစ်ခါတည်းမဖြစ်အောင်တားနိုင်တဲ့ ဆေး၊

ကာကွယ်နိုင်တဲ့ဆေး တစ်နည်းပြောရင် “လေဖြတ်ကာကွယ်ဆေး” ဆိုပြီး ရှိလားဆိုရင်

သေချာစဉ်းစားကြည့်ရင် အဖြေပေါ်ပါတယ် ခုထိမရှိသေးပါဘူး။

တကယ်လို့ရှိခဲ့တယ်ဆိုရင် ဆေးတီထွင်တဲ့ အနောက်နိုင်ငံကလူတွေ အကုန်လုံး ရောဂါပိုး ကာကွယ်ဆေးလိုပဲ ကြိုထိုးပြီး ကာကွယ်နေကြမှာပါ။ လေဖြတ်ကာကွယ်ဆေး ကြီးပေါ်ပြီ၊ လေဖြတ်ရောဂါဖြစ်တဲ့သူ မရှိတော့ဘူးဆိုပြီး ကြေညာမှာပါ။ ခုထိတော့ အဲလိုကြေညာချက်မျိုး သတင်းမျိုး မတွေ့သေးပါဘူးရှင့်။

ဒါဆို အခု အရပ်ထဲမှာ လေဖြတ်ကာကွယ်ဆေး၊ လေငန်းကာကွယ်ဆေး၊ လေကာဆေးဆိုပြီး နာမည်ကြီးတဲ့ဆေးတွေက ဘာတွေလဲ။ လေဖြတ်တာမှာ သုံးတာ မဟုတ်ဘူးလားဆိုရင် လေဖြတ်တာမှာသုံးပါတယ်။ ဒါပေမယ့် လေမဖြတ်အောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ မဟုတ်ပါဘူး။ လေဖြတ်ပြီး လူနာတွေမှာ ပိုမဆိုးအောင်၊ တတ်နိုင်သမျှပြန်လည်သက်သာစေဖို့

ရည်ရွယ်ပြီး အသုံးပြုတဲ့ဆေးတွေ ဖြစ်ပါတယ်။

လေဖြတ်ပြီးလူနာမှာတောင် ဖြစ်တဲ့အချိန်အပိုင်းအခြားပေါ်လိုက်ပြီး အကျိုးအာနိသင် ရနိုင်၊ မရနိုင် ရှိသေးတဲ့အပြင် ထပ်ပြီးလေ့လာမှုတွေ ပြုလုပ်ဖို့လိုသေးတယ်လို့လည်း ဖော်ပြထားကြပါတယ်။

ဒါကြောင့် လေဖြတ်တာကို တကယ်ကာကွယ်ချင်တယ်ဆိုရင်တော့ အပေါ်မှာ ပြောပြခဲ့တဲ့ လေဖြတ်ခြင်းကို ဖြစ်စေတဲ့၊ ပိုဆိုးစေတဲ့အကြောင်းရင်းတွေကိုတတ်နိုင်သမျှမဖြစ်အောင်၊ ရှိခဲ့ရင်လည်း ပိုမဆိုးအောင် စနစ်တကျနေထိုင်မှ လေမဖြတ်အောင် တတ်နိုင်သမျှ သေချာကာကွယ်နိုင်မှာပါ။

တကယ်တော့ ကာကွယ်ဖို့ နည်းလမ်းလေးတွေက ရိုးရိုးရှင်းရှင်းလေးတွေပါပဲနော်…

  • ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို ရွေးချယ်စားသုံးပါ။
  • အသီးအရွက်များများစားပါ။
  • အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေစားပါ။
  • ဆီ-ကြော်စာ၊ အဆီများတဲ့အစားအစာ၊ အချိုအငန်လွန်ကဲတဲ့အစားအစာတွေကို တတ်နိုင်သမျှရှောင်ပါ။
  • ခန္ဓာကိုယ်ကို ကိုယ်နဲ့သင့်တော်တဲ့၊ ကျန်းမာတဲ့ ကိုယ်အလေးချိန်ပမာဏမှာ ထိန်းသိမ်းထားပါ။
  • ဆေးလိပ်ဖြတ်ပါ။
  • အရက်လျှော့သောက်ပါ။
  • လေ့ကျင့်ခန်း  ပုံမှန်လုပ်ပါ။
  • ကိုယ့်မှာရှိနေတဲ့ရောဂါနဲ့ သက်ဆိုင်ရာဆေးတွေ (ဥပမာ – သွေးပေါင်ထိန်းညှိဆေး၊ ဆီးချိုဆေး၊ သွေးတွင်းအဆီကျဆေး) စတာတွေကို ပုံမှန်သောက်ဖို့လည်း မမေ့ပါနဲ့။
  • သွေးပေါင်ချိန် ပုံမှန်တိုင်းကြည့်ပါ။
  • ဆီးချိုဓာတ်ကို စစ်ဆေးကြည့်ပါ။
  • သွေးဖောက်စစ်ဆေးဖို့ လိုအပ်တာတွေကို ပုံမှန်စစ်ဆေးပါ။
  • ရက်ချိန်းပြဖို့လိုအပ်တဲ့အခါ ပုံမှန်အတိုင်း ပြသပါ။
Share Now: