Search
Close this search box.
Search
Close this search box.

AMI Life News

အပေါ်ယံဟန်မပျက်တဲ့ စိတ်ကျခြင်း

စိတ်ကျတယ်လို့ပြောလိုက်တာနဲ့ ကျွန်ုပ်တို့အများစုထင်ကြတာက လူတစ်ယောက်ဟာ အိပ်ရာထဲအမြဲလှဲနေမယ်၊ မျှော်လင့်ချက်မဲ့နေမယ်၊ လောကကြီးမှာ မနေချင်တော့ဘူး စသဖြင့်ပေါ့။ တကယ်လည်း စိတ်ကျတဲ့သူအများစုက အလုပ်ဆက်လုပ်ဖို့၊ ဆက်ဆံရေးတစ်ခုကို ထိန်းသိမ်းဖို့၊ ပုံမှန်အတိုင်း နေထိုင်နိုင်ဖို့ ခက်ခဲကြပါတယ်။  

ဒါပေမဲ့ အမြဲတမ်းဒီလိုတော့ မဟုတ်ပါဘူး။ တချို့စိတ်ကျတဲ့သူတွေဟာ စိတ်အတွင်းပိုင်းမှာ ကြိုးစားရုန်းကန်နေရပေမဲ့ အပြင်ပန်းမှာ၊ နေ့စဉ်ဘဝမှာတော့ သူလုပ်ရမယ့်/သူယူရမယ့်တာဝန်တွေကို လုပ်ဆောင်နိုင်နေတုန်းပါပဲ။ ပြောရရင် စိတ်ကျတယ်ဆိုတာ အမြဲတမ်းမြင်လွယ်တဲ့အရာတစ်ခုတော့ မဟုတ်ပါဘူး။ တချို့သူတွေဟာ စိတ်ကျတာကို ဖုံးကွယ်ထားပြီး အများအမြင်ပုံမှန်လို့ထင်ရပေမဲ့ ဟိုးအတွင်းထဲမှာ ပင်ပန်းခက်ခဲစွာ ရှင်သန်နေရတာပါ။ ဒါကို “High-Functioning Depression” လို့ (တရားဝင်ဆေးပညာအခေါ်အဝေါ် မဟုတ်ပေမဲ့)ခေါ်လေ့ရှိပါတယ်။ 

◾High-Functioning Depression က ဘယ်လိုမျိုးလဲ? 

တွေ့မြင်နေကျစိတ်ကျရောဂါနဲ့ သိပ်မကွာပါဘူး။ ဆင်တူတဲ့လက္ခဏာတွေရှိပါတယ်။  

▪️ဝမ်းနည်းခြင်း/မျှော်လင့်ချက်မဲ့သလိုခံစားရခြင်း 

▪️အရင်ကနှစ်သက်ခဲ့တဲ့အရာတွေကို စိတ်မဝင်စားတော့ခြင်း 

▪️စားသောက်ပုံ၊ အိပ်စက်ပုံ ပြောင်းလဲခြင်း 

▪️အာရုံမစူးစိုက်နိုင်ခြင်း 

▪️မကောင်းတဲ့အတွေးတွေ တွေးမိနေခြင်း 

အဓိက ကွာခြားချက်ကတော့ ပြင်းထန်စိတ်ကျလက္ခဏာရှိသူတွေဟာ နေ့စဉ်ဘဝဟန်ချက်ပျက်တတ်ပြီး High-Functioning Depression ရှိတဲ့သူတွေကတော့ နေ့စဉ်လုပ်ရမယ့်အရာတွေကို လုပ်နိုင်ကြပါတယ်။ ဒါပေမဲ့ ပုံမှန်လူတွေထက် အများကြီးပိုအားထုတ်ရပါတယ်။ 

ဥပမာပေးရရင် ရေကူးနေတဲ့ဘဲတစ်ကောင်လိုမျိုးပါ။ အမြင်မှာတော့ အေးဆေးသာယာစွာ ကူးခတ်နေတယ်ဆိုပေမဲ့ ရေအောက်မှာ ခြေထောက်က အဆက်မပြတ်လှုပ်ခတ်နေရပါတယ်။  

◾ဘာကြောင့်ဖြစ်တာလဲ? 

အကြောင်းအရင်းကတော့ အများကြီးရှိပါတယ်။ မျိုးရိုးဗီဇ၊ ဟော်မုန်းမမျှတခြင်း၊ စိတ်ထိခိုက်စရာ/ စိတ်ဖိစီးစရာ အခြေအနေ စတာတွေဖြစ်နိုင်ပါတယ်။ ဘာကြောင့် အပေါ်ယံဟန်မပျက်ဘဲ စိတ်ကျတာလဲဆိုရင် ဖြစ်နိုင်တာက … 

၁။ ပြင်းထန်မှု – စိတ်ကျခြင်းက ပုံစံအမျိုးမျိုးရှိပြီး High-Functioning Depression က တခြားပုံစံတွေထက် ပြင်းထန်မှုလျော့နည်းလေ့ရှိပါတယ်။ 

၂။ ဖုံးအုပ်နိုင်ခြင်း – ဒီလူတွေဟာ စိတ်ကျလက္ခဏာအများကြီးကို ခံစားနေရပေမဲ့လည်း လူမသိအောင်ဖုံးထားနိုင်စွမ်းရှိပါတယ်။ အထူးသဖြင့် ကူညီဖေးမတတ်တဲ့ပတ်ဝန်းကျင်မှာ ရှင်သန်ရသူတွေဟာ ခံစားချက်တွေကိုပိုဖုံးကွယ်နိုင်စွမ်းရှိပါတယ်။ 

၃။ အလုံးစုံ မဖုံးဖိနိုင်ခြင်း – တချို့စိတ်ကျသူတွေဟာ အပေါ်ယံဟန်မပျက်ဘဲ တကယ်နေနိုင်တာမျိုးမဟုတ်ပါဘူး။ သူတို့ဟာ တချို့နေရာတွေမှာ ‌အဆင်ပြေပေမဲ့ တချို့အချိန်တွေမှာတော့ ရုန်းကန်ကြရပါတယ်။ ဥပမာပြောရရင် အလုပ်မှာထူးချွန်တဲ့သူက အလုပ်ပိတ်ရက်ဆို အိပ်ရာထဲပဲလဲနေတာ၊ ဆိုရှယ်မီဒီယာမှာ ပျော်စရာဓာတ်ပုံတွေတင်နေပေမဲ့ စိတ်ထဲမှာ ဗလာကျင်းနေတာ‌မျိုးတွေပေါ့။ 

◾ဘယ်လိုလုပ်ရမလဲ? 

High-Functioning Depression အပါအဝင် စိတ်ကျခြင်းမှန်သမျှက ကုသမှုခံယူဖို့လိုပါတယ်။ ဒီလိုလူတွေက ဟန်မပျက်နေထိုင်နိုင်တာမို့ ကိုယ့်မှာ စိတ်ကျလက္ခဏာရှိမှန်းသိဖို့ ခက်နိုင်ပါတယ်။ ဒါပေမဲ့ မကုသဘဲထားရင် ပိုဆိုးလာနိုင်ပါတယ်။ တကယ်လို့ ပိုဆိုးမလာဘူးဆိုရင်တောင် ပုံမှန်ဘဝကို ခက်ခက်ခဲခဲဖြတ်သန်းနေရတာကိုက အလွန်အင်မတန်ပင်ပန်းပါတယ်။ 

ဒါကြောင့် သင် (သို့) သင့်အသိမိတ်ဆွေမှာ High-Functioning Depression ရှိတယ်ယူဆရင် စိတ်ကျန်းမာရေးပညာရှင်နဲ့ ဆွေးနွေးသင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။ 

Share Now: