AMI Life News

အဖြစ်များသော နီ၍ရောင်ရမ်းသော မျက်စိနာခြင်း

အခုရက်ပိုင်း ကလေးတွေမှာပါအဖြစ်များနေတဲ့မျက်စိနာခြင်းနဲ့ပတ်သက်လို့ သိထားသင့်တဲ့ အရာတွေကို မျှဝေသွားမှာဖြစ်ပါတယ်။

မျက်စိနာခြင်းကိုဖြစ်စေတဲ့ အကြောင်းအရင်းများစွာရှိတဲ့အထဲမှ အဖြစ်များဆုံးကိုပြောပါဆိုရင် ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ မျက်စိနာခြင်းပါပဲ။ တိတိကျကျပြောရမယ်ဆို Adenovirus လို့ခေါ်တဲ့ ဗိုင်းရပ်စ်အမျိုးအစားကြောင့်ဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်က အအေးမိတုပ်ကွေးလက္ခဏာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။

လက္ခဏာများ

မျက်စိနီတာ၊ နာတာ၊ မျက်ရည်ထွက်တာတွေဖြစ်စေပါတယ်။ ပိုဆိုးလာရင်တော့ အမြင်ဝါးတာ၊ နားရွက်ရှေ့ဘက်က အကြိတ်ရောင်တာတွေ ခံစားရနိုင်ပါတယ်။ ဒါ့အပြင် လည်ချောင်းနာ၊ ချောင်းဆိုး၊ နှာရည်ယိုစတဲ့ တုပ်ကွေးလိုလက္ခဏာတွေလည်း ဖြစ်နိုင်ပါတယ်။

ဘယ်လိုကူးစက်နိုင်လဲ

Adenovirus ကြောင့်ဖြစ်တဲ့မျက်စိနာခြင်းက ကူးစက်လွယ်ပါတယ်။ လူတွေလက်နဲ့ထိထားတဲ့နေရာတွေကို

ထိမိတာ၊ လက်မဆေးဘဲ မျက်စိကိုကိုင်တာတွေကြောင့် ကူးစက်နိုင်တတ်ပါတယ်။ Adenovirus က အမျိုးအစား ၅၀ ကျော်ရှိလို့ ကူးစက်ပျံ့နှံ့အရမ်းလွယ်ပါတယ်။

ဘယ်သူတွေဖြစ်နိုင်လဲ

ကူးစက်လွယ်လို့ ဘယ်သူမဆိုဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကိုယ်ခံအားနည်းသူတွေမှာတော့ ဖြစ်နိုင်ခြေပိုများပါတယ်။

နောက်ဆက်တွဲ အခြေအနေများ

အများစုမှာတော့ ဘာမှကြီးကြီးမားမားမဖြစ်ဘဲ သက်သာပျောက်ကင်းသွားကြပေမဲ့ လေပြွန်ရောင်တာ၊ အဆုတ်ရောင်တွေလည်းဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ရောဂါအခံရှိတဲ့သူတွေ၊ မကျန်းမာတဲ့သူတွေမှာ ဖြစ်နိုင်ခြေပိုများပါတယ်။

ပျောက်ကင်းအောင်ဘယ်လိုလုပ်ရမလဲ

သတင်းကောင်းကတော့ ဗိုင်းရပ်စ်ကြောင့်ဖြစ်တာမို့ အချိန်တန်ရင် သူ့ဘာသာသူ သက်သာပျောက်ကင်းသွားလေ့ရှိပါတယ်။ ဝေဒနာသက်သာအောင် မျက်ရည်တုမျက်စဉ်းခတ်တာ၊ ရေခဲဝတ်နဲ့အုပ်တာတွေ ပြုလုပ်နိုင်ပါတယ်။ ဘတ်တီးရီးယားပိုးသတ်ဆေးတွေကတော့ အလုပ်ဖြစ်မှာမဟုတ်ပါဘူး။ မျက်စိအရမ်းနာနေတယ်ဆိုရင်တော့ ဆရာဝန်က စတီးရွိုက်ပါတဲ့မျက်စဉ်းညွှန်ပေးနိုင်ပါတယ်။

ဘယ်အခါမှာ ဆရာဝန်နဲ့ပြဖို့လိုမလဲ

အများအားဖြင့် ဆေးကုစရာမလိုဘဲ သူ့အလိုလိုပျောက်တယ်ဆိုပေမဲ့ ဝေဒနာပိုဆိုးလာတာ၊ အမြင်အာရုံပြောင်းလဲလာတာ၊ မျက်စိပိုနာလာတာဆိုရင်တော့ ဆရာဝန်နဲ့ပြသသင့်ပါတယ်။

ဘယ်လိုကာကွယ်နိုင်လဲ

အကောင်းဆုံးကတော့ လက်မဆေးပဲ မျက်လုံးကိုလုံးဝ မထိ၊ မကိုင်ပါနဲ့။ မျက်စိနာနေတဲ့သူနဲ့လည်း အနီးကပ်မနေဘဲ လက်ကို မကြာခဏ စင်ကြယ်စွာဆေးကြောပါ။

Share Now: