AMI Life News

အရက်နဲ့ အသည်းကျန်းမာရေး

အသည်းသည် လူ့ခန္ဓာကိုယ်ကို ဘယ်လိုအကျိုးပြုနေသလဲ?

အစာအိမ်နဲ့ အူမှလာသော သွေးအတွင်းရှိ မိမိတို့ စားသုံးမှီဝဲသမျှ အာဟာရ၊ ဆေးဝါး၊ အဆိပ်အတောက်တို့ကို အသည်းသည် ခွဲခြမ်းစိပ်ဖြာကာ စုပ်ယူစရာ စုပ်ယူ၊ ဖယ်ရှားစရာများကို ဖယ်ရှား၊ သိုလှောင်သင့်သည်ကို သိုလှောင်ကာ ခန္ဓာကိုယ်အတွက် စီမံပေးပါတယ်။ ဒါ့အပြင် အရေးပါသော အရာများ တည်ဆောက်ပေးခြင်း ( သွေးတိတ်စေသော ပရိုတင်းများ၊ ဇီဝကမ္မဖြစ်စဥ်အတွက် လိုအပ်သော ဓာတ်ကူပရိုတင်းများ၊ ဗီတာမင်ဓာတ်အချို့ စသည့်) နှင့် ခန္ဓာကိုယ်၏ စွမ်းအင်သုံးစွဲမှု ကဏ္ဍမှာလည်း ပါဝင်ပါတယ်။

အသည်းသည် သောက်သုံးလိုက်သော အရက်ကို အဆင့်ဆင့်ချေဖျက်ပစ်ပြီး ခန္ဓာကိုယ်မှ စွန့်ထုတ်ဖို့ ပြုလုပ်ရပါတယ်။ တစ်ကြိမ်စွန့်ထုတ်ရတိုင်း အသည်းဆဲလ်အချို့ ပျက်စီးဆုံးရှုံးရပါတယ်။ ဆဲလ်အသစ်များ ပြန်လည်တည်ဆောက်နိုင်စေကာမူ နှစ်ရှည်လများ ကြာအောင် အရက်ကို အမြောက်အမြား သောက်သုံးနေလျှင် အသည်း၏ ပြန်လည်တည်ဆောက်နိုင်စွမ်းသည်လည်း ကျဆင်းသထက် ကျဆင်းလာရာမှ အလုံးစုံပျက်သုဉ်းခြင်းအဖြစ် ရောက်သွားနိုင်ပါတယ်။

အရက်ကြောင့် ဖြစ်ပေါ်ရတဲ့ အသည်းရောဂါအမျိုးအစားများ

၁။ အသည်းအဆီဖုံးခြင်း
အရက်အမြောက်အမြားသောက်မှုသည် ရက်အနည်းငယ်အတွင်းပင် အသည်းတွင် အဆီများစုပုံလာစေပါတယ်။ အသည်းရဲ့ လုပ်ငန်းဆောင်တာများကို အဟန့်အတားဖြစ်စေပါတယ်။

၂။ အသည်းရောင်ရမ်းခြင်း
အသည်းအဆီဖုံးနေသူများ၏ သုံးပုံတစ်ပုံတွင် အသည်းရောင်ရမ်းလာတတ်ပါတယ်။ အရက်ကြောင့် အသည်းရောင်ရမ်းလာလျှင် အစပိုင်းတွင် လက္ခဏာမပြတတ်သော်လည်း အသည်းပျက်စီးလာရာမှ အစားအသောက်ပျက်ခြင်း၊ ဖျားနာနှုန်းချိခြင်း၊ ဗိုက်အောင့်ခြင်း၊ အသားအရည်နဲ့ မျက်လုံးအဖြူသားများ ဝါလာခြင်းစသည့် ဝေဒနာများ ဖြစ်ပွားလာတတ်ပါတယ်။ အရက်ကြောင့် အသည်း အပြင်းအထန်ရောင်ရမ်းပျက်စီးမှုဟာ သုံးယောက်မှာ တစ်ယောက်နှုန်း သေဆုံးလေ့ရှိပါတယ်။။

၃။ အသည်းခြောက်ခြင်း
အရက်အလွန်အကျွံသောက်သုံးသူ ၅ ယောက်အနက် တစ်ယောက်မှာ အသည်းခြောက်လေ့ရှိပါတယ်။ အရက်သည် ခန္ဓာကိုယ်အတွင်းတွင် ဓာတုပစ္စည်းများအဖြစ် ပြောင်းလဲသွားကာ အသည်းကို အနာဖြစ်စေပြီး ကျန်းမာသော အသည်းဆဲလ်များနေရာတွင် ဝင်ရောက်အစားထိုးကာ အသည်းကိုဖျက်ဆီးပစ်ပါတယ်။ ထိုအခါ လူသည် ကိုယ်လက်မအီမသာဖြစ်ကာ သွေးများအန်ခြင်း၊ ဗိုက်ဖောသွပ်ဖောင်းကားနေတတ်ခြင်း၊ ယားယံခြင်း၊ ကြွက်တက်ခြင်း၊ အစားအသောက်ပျက်ခြင်းများရင်ဆိုင်ရပါတယ်။

အသည်းအဆီဖုံးခြင်းသည် အရက်ဖြတ်လိုက်လျှင် နောက်ထပ်မပျက်စီးစေဖို့ ကာကွယ်ပေးနိုင်သော်ငြား အသည်းခြောက်သွားပြီဆိုလျှင် ကုသဖို့ အလွန်ခဲယဉ်းသွားနိုင်ပါတယ်။

သို့ဖြစ်ပါ၍ ခန္ဓာကိုယ်အတွက် လွန်စွာအရေးပါလှသော အသည်းထိခိုက်ပျက်စီးမှုမှ ကင်းဝေးနိုင်အောင်
• ဆေးလိပ် နှင့် အရက်ကို လျှော့ပါ။ဖြတ်ပါ။
• ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။
• ကိုယ်ကာယလေ့ကျင့်ခန်းများ ပြုလုပ်သည့်အလေ့ကို လိုက်စားပါ။
• ဗီတာမင် D လျော့နည်းခြင်းသည် အသည်းရောဂါကို ပိုမိုဆိုးဝါးစေတဲ့အတွက် လုံလောက်သော နေရောင်ခြည် ထိတွေ့မှု ရှိပါစေ။
• အသင့်စား အစားအစာများ စားသုံးခြင်းကို လျှော့၍စားသုံးပါ။

Share Now: