AMI Life News

အရေပြားမှို ယားနာအကြောင်း

မှိုဆိုတာ နေရာတိုင်းမှာရှိတဲ့ကောင်တွေပါ။ မြေကြီးထဲမှာ၊ လေထဲမှာအပြင် ခန္ဓာကိုယ်ထဲမှာတောင် ရှိနေနိုင်ပါတယ်။ အဏုကြည့်မှန်ပြောင်းနဲ့ ကြည့်မှသာမြင်ရတဲ့ ဒီမှိုလေးတွေက ပုံမှန်အားဖြင့်အရေပြားမှာရှိနေတတ်ပြီး ဒုက္ခမပေးပေမဲ့ ပုံမှန်ထက်ပိုပွားလာတဲ့အခါ၊ အရေပြားပွန်းပဲ့ပေါက်ပြဲတဲ့အခါမှာ အရေပြားမှိုယားနာဖြစ်လာတတ်ပါတယ်။ ဒီနေ့မှာတော့ အဖြစ်များတဲ့ အရေပြားမှိုယားနာအမျိုးမျိုးအကြောင်းကို ပြောပြသွားမှာဖြစ်ပါတယ်။

🔴 ပွေး

ပွေးက အဖြစ်များပြီး ကူးစက်လွယ်တဲ့အရေပြားမှိုရောဂါတစ်မျိုးဖြစ်ပါတယ်။ အများအားဖြင့် ကိုယ်လုံးနဲ့ ခြေလက်တွေမှာဖြစ်ပါတယ်။ ပွေးက ဖြစ်တဲ့နေရာအပေါ်လိုက်ပြီး နာမည်အခေါ်အဝေါ်တွေပြောင်းပါတယ်။ အဓိကလက္ခဏာကတော့ အနားထူတဲ့ ကွင်းအဝိုင်းပုံသဏ္ဍန်ပဲဖြစ်ပါတယ်။ အဝိုင်းထဲက အရေပြားကတော့ အများအားဖြင့် အကောင်းအတိုင်းရှိပါတယ်။ ပွေးက ပျံ့တတ်ပြီး ယားလည်းယားပါတယ်။

🔴 ဒက်

ဒီအမျိုးအစားကတော့ ဦးရေပြားနဲ့ဆံပင်မှာဖြစ်ပြီး အသက် ၃ နှစ်နဲ့ ၁၄ နှစ်ကြားအရွယ်တွေမှာ အဖြစ်များဆုံးပါပဲ။ လက္ခဏာတွေကတော့ …

▪️ဆံသားပျက်စီးခြင်း

▪️ဆံပင်အကွက်လိုက်ကျွတ်ပြီး ဦးရေပြားနီရဲခြင်း (သို့) ကြေးခွံလိုဖြစ်ခြင်း

▪️အဖတ်ကွာပြီး ယားယံခြင်း

▪️ဆိုးရွားတဲ့သူတွေမှာ ဆံပင်ပြန်မပေါက်တော့ခြင်း စတာတွေဖြစ်ပါတယ်။ သူက ဗောက်ထတာနဲ့ဆင်တတ်ပါတယ်။ ဦးရေပြားနဲ့မဆိုင်တဲ့ ဖျားတာ၊ လည်ပင်းအကျိတ်ထွက်တာတွေလည်းဖြစ်နိုင်ပါတယ်။

🔴 ပေါင်ခြံပွေး

နာမည်အတိုင်း ပေါင်နဲ့ ပေါင်ခြံတဝိုက်မှာဖြစ်ပါတယ်။ ဆယ်ကျော်သက်ကောင်လေးတွေနဲ့ အမျိုးသားတွေမှာ အဖြစ်များဆုံးပါ။ လေ့ကျင့်ခန်း (သို့) လှုပ်ရှားမှုပြုလုပ်ပြီးနောက်မှာ ပိုဆိုးတတ်ပါတယ်။ တင်ပါးနဲ့ ဝမ်းဗိုက်ဆီကိုလည်း ပျံ့တတ်ပါတယ်။

🔴 ညှင်း

ညှင်းက အရေပြားပေါ်မှာ အဖြူကွက်လေးတွေအနေနဲ့ ပေါ်လာတတ်ပါတယ်။ အရေပြားပေါ်မှာ ပုံမှန်သဘာဝအားဖြင့်ရှိနေတတ်ပြီး အလွန်အကျွံပွားများလာတဲ့အခါမှာတော့ ညှင်းဖြစ်လာပါတယ်။ ညှင်းက ကျော၊ ရင်ဘတ်၊ လက်မောင်းတွေမှာ အများဆုံးဖြစ်ပြီး တခါတလေ ဦးရေပြားမှာလည်းဖြစ်တတ်ပါတယ်။ တချို့ညှင်းတွေကတော့ နဂိုအသားရောင်ထက်ပိုရင့်နိုင်ပါတယ်။

အများအားဖြင့် ပူနွေးစိုစွတ်တဲ့ဥတု၊ နွေရာသီမှာဖြစ်လေ့ရှိပြီး လေ့ကျင့်ခန်းပြုလုပ်သူ၊ ချွေးထွက်သန်သူတွေမှာ အဖြစ်များပါတယ်။

🔴 သဲဝဲ

သဲဝဲက ခြေထောက်အရေပြား(အများအားဖြင့် ခြေချောင်းကြား)မှာ ဖြစ်ပါတယ်။ တခါတလေ ခြေဖဝါးမှာလည်းဖြစ်တတ်ပါတယ်။ ဖြစ်တတ်တဲ့လက္ခဏာတွေကတော့ …

▪️ယားခြင်း၊ နာခြင်း

▪️အရေပြားကွာခြင်း၊ နီခြင်း၊ ခြောက်ခြင်း၊ အဖတ်လန်ခြင်း

▪️ရေကြည်ဖုထခြင်း၊ အရေပြားကွဲခြင်းစတာတွေဖြစ်ပါတယ်။

🔴 ခြေသည်းလက်သည်း မှိုစွဲခြင်း

ခြေရောလက်မှာပါဖြစ်တတ်ပေမဲ့ ခြေသည်းမှာတော့ ၇ – ၁၀ ဆအထိပိုဖြစ်ပါတယ်။ လက္ခဏာတွေကတော့

▪️အရောင်ပြောင်းခြင်း(အများအားဖြင့် ဝါညစ်ညစ်ဖြစ်ပြီး အညို၊ အနက်၊ ခရမ်း၊ အစိမ်းနဲ့ အဖြူလည်းဖြစ်တတ်ပါတယ်)

▪️ကြွပ်ဆတ်ခြင်း၊ ကျိုးပဲ့လွယ်ခြင်း

▪️ထူခြင်း

▪️အောက်ခံအရေပြားကနေ ကွာပြီးကြွတက်ခြင်းစတောတွေဖြစ်ပါတယ်။

👉 ဘယ်အခါမျိုးမှာ အဖြစ်များလဲဆိုရင် …

▪️ပူနွေးစိုစွတ်တဲ့ပတ်ဝန်းကျင်မှာ နေထိုင်ခြင်း

▪️ချွေးထွက်သန်ခြင်း

▪️အရေပြားကို သန့်ရှင်းခြောက်သွေ့အောင်မထားခြင်း

▪️အင်္ကျီ၊ တဘက်၊ ဖိနပ်၊ အိပ်ရာခင်း အတူမျှဝေသုံးခြင်း

▪️အရေပြားချင်း ထိတွေ့ခြင်း

▪️မှိုပိုးရှိတဲ့တိရစ္ဆာန်နဲ့ ထိတွေခြင်း

▪️ကိုယ်ခံအားနည်းခြင်းစတဲ့အခြေအနေတွေမှာ ဖြစ်တတ်ပါတယ်။

💚 ကာကွယ်နည်း

အရေပြားမှိုယားနာတွေက မဖြစ်ခင်ကြိုတင်ကာကွယ်တာက အကောင်းဆုံးကုသခြင်းဖြစ်လို့ အောက်ပါအချက်တွေကို လိုက်နာဆောင်ရွက်ပါ။

▪️တစ်ကိုယ်ရေသန့်ရှင်းအောင် နေထိုင်ပါ

▪️တစ်ကိုယ်‌ရေသုံးပစ္စည်းတွေကို မျှဝေမသုံးပါနဲ့

▪️နေ့စဉ် သန့်ရှင်းတဲ့အဝတ်ကိုလဲလှယ်ဝတ်ဆင်ပါ

▪️လေဝင်လေထွက်ကောင်းတဲ့ အဝတ်အစား၊ ဖိနပ်ကို ဝတ်ဆင်ပါ

▪️ရေချိုးပြီးရင် ခြောက်သွေ့အောင်သုတ်ပါ

▪️အပြင်ကို ခြေဗလာနဲ့မသွားပါနဲ့

▪️တိရစ္ဆာန်တွေနဲ့ ဝေးဝေးနေပါ

🔴 ဘယ်အခါမှာ ဆရာဝန်နဲ့ပြဖို့လိုမလဲ

အရေပြားမှိုယားနာရောဂါက ဆိုးရွားပြင်းထန်တဲ့ရောဂါမဟုတ်ပေမဲ့လည်း နေရခက်တဲ့ဝေဒနာပါ။ မကုသဘဲထားရင် တခြားနေရာတွေကိုပါပျံ့ပြီး ပိုနေရခက်လာပါလိမ့်မယ်။

အရေပြားမှိုယားနာရောဂါအများစုက အလွယ်တကူဝယ်လို့ရတဲ့ဆေးတွေနဲ့ပျောက်ကင်းသက်သာနိုင်တယ်ဆိုပေမဲ့ အောက်ပါအခြေအနေတွေမှာဆိုရင်တော့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

▪️ဆေးလိမ်းပေမယ့် မသက်သာခြင်း၊ ပိုဆိုးလာခြင်း၊ ပြန်ပြန်ဖြစ်ခြင်း

▪️ဦးခေါင်းယားယံ၊ အဖတ်ဖြစ်ပြီး ဆံပင်အကွက်လိုက်ကျွတ်ခြင်း

▪️ကိုယ်ခံအားနည်းခြင်း

▪️ဆီးချိုရောဂါနဲ့အတူ သဲဝဲ‌ရှိခြင်း၊ လက်သည်းခြေသည်းမှိုစွဲခြင်း

ဆီးချိုရှိသူ၊ ကိုယ်ခံအားကျနေသူတွေမှာ ရောဂါကိုမကုသဘဲထားတာက အရေပြားနဲ့ အောက်ခံတစ်ရှူးရောင်ရမ်းခြင်း၊ တစ်ကိုယ်လုံး ပိုးကူးစက်ခြင်းတွေဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် အရေပြားမှိုယားနာဖြစ်လို့ ဆေးဆိုင်ကဆေးတွေနဲ့ကုသတာ မသက်သာဘူးဆိုရင် ပိုပြီးထိရောက်တဲ့ ကုသမှုအတွက် ဆရာဝန်နဲ့ဆွေးနွေးပြသဖို့လိုအပ်ပါတယ်။

Share Now: