AMI Life News

အအေးမိဖျားနာခြင်းနှင့် ဖြစ်လေ့ဖြစ်ထ ရှိသော နောက်ဆက်တွဲ ဆိုးကျိုးများ

အသက်ရှူလမ်းကြောင်းတွင် ဗိုင်းရပ်စ်ပိုးရှိသူတစ်ယောက် နှာချေ၊ ချောင်းဆိုးလိုက်တဲ့အခါ ရောဂါပိုးတွေဟာ မမြင်နိုင်တဲ့အမှုန်အမွှားတွေအနေနဲ့ လေထဲကတစ်ဆင့် တခြားတစ်ယောက်ကို ကူးစက်စေနိုင်ပါတယ်။ ဗိုင်းရပ်စ်ပိုးကူးစက်ခံရပြီး (၁) ရက်ကနေ (၃) ရက်အတွင်း အအေးမိဖျားနာခြင်းကို စတင်ခံစားရနိုင်ပါတယ်။ အအေးမိဖျားနာခြင်းဆိုတာ အသက်ရှူလမ်းကြောင်းအပေါ်ပိုင်း (နှာခေါင်းနဲ့ လည်ချောင်းတဝိုက်) ကို ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတာပါ။ နှာရည်ယို နှာစေး နှာပိတ်ဖြစ်မယ်၊ ချောင်းဆိုး၊ အသံဝင် လည်ချောင်းနာမယ်၊ ကိုယ်ပူပြီးဖျားမယ်၊ ခေါင်းကိုက်မယ်၊ ခန္ဓာကိုယ်ကြွက်သားတွေနာကျင်ကိုက်ခဲမယ်၊ အစားအသောက်ပျက်ပြီးအားမရှိသလိုခံစားရပါမယ်။ အများအားဖြင့် သာမာန်အအေးမိဖျားနာခြင်းက အိမ်တွင်းကုထုံးတွေနဲ့ ၁ ပတ်၊ ၁၀ ရက် ကြာရင် သက်သာသွားပါတယ်။ ၂ ပတ်ကျော်တဲ့အထိ အဖျားတာရှည်နေပြီ ဆိုရင် နောက်ဆက်တွဲဆိုးကျိုးတွေ ရှိလာနိုင်တာမို့ ဆရာဝန်နဲ့ ကုသသင့်ပါတယ်။  

အသက်အရွယ်ကြီးလွန်းသူတွေ၊ ကလေးငယ်လေးတွေ၊ နာတာရှည်ရောဂါအခံရှိသူတွေ နဲ့ ကိုယ်ခံအားစနစ် အားနည်းသူတွေမှာ အအေးမိဖျားနာခြင်းရဲ့နောက်ဆက်တွဲဆိုးကျိုးတွေ အဖြစ်များတတ်တာမို့ သတိထား သင့်ပါတယ်။ 

(၁) အဆုတ်လေပြွန်ရောင်ခြင်း 

အအေးမိဖျားနာလို့ ကိုယ်ခံအားကျနေချိန်မှာ ဘက်တီးရီးယားပိုးထပ်ဆင့် ဝင်ရောက်လာနိုင်ပြီး အဆုတ်လေပြွန် ရောင်တတ်ပါတယ်။ အဆုတ်လေပြွန်ရောင်ရမ်းတဲ့အခါ အဖျားမကျပဲ ချောင်းဆိုးရက်ရှည်နေတာ၊ ရင်ဘတ်အောင့်တာ၊ အသက်ရှူရခက်တာမျိုး ဖြစ်တတ်ပါတယ်။

(၂) နားအတွင်းပိုင်းပိုးဝင်ခြင်း 

နှာရည်ယို၊ နှာပိတ်ခြင်းကြောင့် နားစည်အနောက်၊ နားအတွင်းဘက်မှာ ဘက်တီးရီးယားဝင်ရောက်ပြီး နားအတွင်းပိုင်းပိုးဝင်ခြင်း ဖြစ်တတ်ပါတယ်။ နားစည်အနောက်ဘက်ပိုင်းမှာ အရည်တွေစုနေပြီး မခံမရပ်နိုင်အောင် နားကိုက်တာမျိုးဖြစ်နိုင်ပါတယ်။ အထူးသဖြင့်ကလေးငယ်လေးတွေမှာ ပိုဖြစ်တတ်ပါတယ်။ 

(၃) ပန်းနာရင်ကျပ်ဖြစ်ခြင်း 

ပန်းနာရင်ကျပ် ရောဂါအခံရှိသူတွေက အအေးမိဖျားနာခြင်းကြောင့် ရင်ကျပ်ဝေဒနာပိုဆိုးလာနိုင်ပါတယ်။ အဖျားတာရှည်တတ်ပါပြီး ကလေးငယ်တွေမှာ အဖြစ်များပါတယ်။  

(၄) ထိပ်ကပ်နာဖြစ်ခြင်း 

နှာရည်ယို၊ နှာပိတ်ခြင်းကြောင့် မျက်လုံးနဲ့ နှာခေါင်းတစ်ဝိုက်ရှိ လေဟာနယ်လေးတွေ ရောင်ရမ်းပြီး ထိပ်ကပ်နာဖြစ်တတ်ပါတယ်။ မျက်ရိုးကိုက်တာ၊ နှာခေါင်းတစ်ဝိုက် နာကျင်တာ စတဲ့လက္ခဏာတွေ ခံစားရတတ်ပါတယ်။ 

အအေးမိဖျားနာခြင်းမဖြစ်အောင် ကာကွယ်ဖို့ 

  • ကိုယ်ခံအားကောင်းဖို့လိုပါတယ်။ အိပ်ရေးဝဝအိပ်ပါ။ စိတ်ဖိစီးမှုလျော့ပါ။ လုံလောက်တဲ့ အနားယူခြင်းမျိုးရှိပါစေ။ ကိုယ်လက်လှုပ်ရှားအားကစားတခုခု လုပ်နိုင်ရင်အကောင်းဆုံးပါ။ 
  • တစ်ကိုယ်ရေသန့်ရှင်းမှု အရေးကြီးပါတယ်။ နှာချေ၊ ချောင်းဆိုးတဲ့အခါ လက်ကိုင်ပဝါနဲ့ အုပ်ထားပါ။ လက်ကို မကြာခဏဆေးပါ။ မိမိပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားပါ။  
  • အာဟာရပြည့်ဝအောင်စားပါ။ ကိုယ်ခံအားစနစ်ကို အထောက်အကူပေးတဲ့ ဗီတာမင်စီ၊ ဇင့်ဓာတ်ပါတဲ့ အသား ငါး အသီးအနှံမျှတအောင် စားပါ။  
  • ရေများများသောက်ဖို့ မမေ့ပါနဲ့။ တစ်နေ့ကို (အနည်းဆုံး) ရေ ၂လီတာ သောက်ပါ။  
  • ကာကွယ်ဆေးထိုးကြပါ။ 
Share Now: