အိပ်စက်ခြင်းဆိုတာ လူသားတွေအသက်ရှင်ဖို့ အခြေခံလိုအပ်ချက်တစ်ခုဆိုပေမဲ့လည်း ဒီနေ့ခေတ်လို စိတ်အာရုံကိုဖမ်းစားမယ့်အရာတွေ ပေါများတဲ့ကမ္ဘာမှာ လူတွေဟာ အိပ်စက်ခြင်းကို ပြီးစလွယ်သဘောထားလာကြပါတယ်။ ဂိမ်းတစ်ခု၊ ရုပ်ရှင်တစ်ကားအတွက်နဲ့ အိပ်ချိန်တွေကို နှမြောခြင်းမရှိ ဖလှယ်ကြပါတယ်။ တစ်ညတစ်လေ အိပ်ရာဝင်နောက်ကျတာက ပြဿနာကြီးမဟုတ်ပေမဲ့ ညစဉ်ရက်ဆက် အိပ်ရေးပျက်လာရင်တော့ သိသာတဲ့ကျန်းမာရေးဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဒီနေ့မှာတော့ အိပ်ရေးမဝတာကြာလာရင် ကိုယ်နဲ့စိတ်မှာဖြစ်ပေါ်လာမယ့် လက္ခဏာတွေ၊ ဆိုးကျိုးတွေကို ရှင်းလင်းဖော်ပြသွားပါမယ်။
⚫ အိပ်ရေးပျက်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ
အိပ်ချိန်မပြည့်တာပဲဖြစ်ဖြစ်၊ နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်တာပဲဖြစ်ဖြစ် ကောင်းကောင်းမအိပ်ရရင် အိပ်ရေးပျက်ပါတယ်။ အိပ်ရေးပျက်တာက တစ်ညတစ်လေ ကာလတိုလည်းဖြစ်နိုင်သလို နှစ်ပတ်သုံးပတ်၊ လတွေနှစ်တွေနဲ့ချီပြီးလည်း ကြာရှည်တတ်ပါတယ်။ တစ်ညကို လူတစ်ယောက်က ဘယ်လောက်အိပ်ရမလဲဆိုတာ အသက်နဲ့အလိုက်ကွဲပြားတယ်ဆိုပေမဲ့ လူအများစုအတွက် ၇-၉ နာရီခန့် လိုအပ်ပါတယ်။
⚫ အိပ်စက်မှုစက်ဝန်း
အိပ်ရေးပျက်ခြင်းရဲ့ဆိုးကျိုးတွေကို ပြောတဲ့အခါ ကောင်းစွာနားလည်နိုင်ဖို့ အရင်ဦးဆုံး အိပ်စက်မှုစက်ဝန်းအကြောင်းကို သိထားဖို့လိုပါတယ်။ အိပ်စက်မှုစက်ဝန်းတစ်ခုကို အဆင့်လေးဆင့်ခွဲခြားသတ်မှတ်ထားပါတယ်။
▪️အိပ်ပျော်ခါစချိန်
▪️ပိုပြီးအိပ်မောကျချိန် (မှတ်ဉာဏ်နဲ့ သင်ယူမှုအတွက် အရေးပါတဲ့အချိန်)
▪️အိပ်မောအကျဆုံးချိန် (ခန္ဓာကိုယ်ပြန်လည်အားဖြည့်ချိန်)
▪️မျက်စိလျင်မြန်စွာလှုပ်ရှားချိန် (အိပ်မက်မက်ချိန်)
အိပ်စက်မှုစက်ဝန်းတစ်ပတ်ပြည့်ဖို့အတွက် မိနစ် ၉၀ ကနေ ၁၂၀ အထိကြာတတ်ပြီး ပုံမှန်လူတစ်ယောက်က တစ်ညကို အိပ်စက်မှုစက်ဝန်း ၄-၅ ပတ်ရှိပါတယ်။
⚫ နောက်ဆက်တွဲ ကျန်းမာရေးဆိုးကျိုးဂယက်
အိပ်ရေးမဝခြင်းက သာမန်အသေးအမွှားကိစ္စမဟုတ်ပါဘူး။ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေအပေါ် ကြီးမားတဲ့သက်ရောက်မှုတွေရှိပါတယ်။
၁။ နှလုံးနဲ့သွေးကြောကျန်းမာရေး – ကာလရှည် အိပ်ရေးပျက်ခြင်းက သွေးတိုးခြင်း၊ သွေးတွင်းအဆီများခြင်းကိုပိုဖြစ်စေလို့ နှလုံးကျန်းမာရေးကို ထိခိုက်ယိုယွင်းစေပါတယ်။
၂။ ဇီဝကမ္မဖြစ်စဉ် – ဆီးချိုဖြစ်နိုင်ခြေကိုလည်း မြင့်မားစေပါတယ်။
၃။ ကိုယ်ခံအား – အိပ်ရေးမဝခြင်းက ကိုယ်ခံအားကိုနည်းစေပါတယ်။
၄။ အာရုံကြော – အိပ်ရေးပျက်တဲ့သူတွေက နာကျင်မှုအကဲဆတ်လို့ အလွယ်တကူနာကျင်တတ်ပြီး သူများထက်ပိုနာတတ်ပါတယ်။
၅။ ဦးနှောက် – အိပ်ရေးပျက်ခြင်းက ဦးနှောက်အတွက် စိုးရိမ်စရာကောင်းပါတယ်။ မှတ်ဉာဏ်ပြဿနာ၊ အယ်လ်ဇိုင်းမားလို ဦးနှောက်ဆဲလ်ပျက်စီးတဲ့အခြေအနေတွေကို ဖြစ်စေတယ်လို့ တွေ့ရှိထားပါတယ်။
၆။ စိတ်ကျန်းမာရေး – အိပ်ရေးပျက်ကြာရှည်ခြင်းက စိတ်ကျခြင်း၊ စိုးရိမ်စိတ်များခြင်းလက္ခဏာတွေ ဖြစ်စေနိုင်ပါတယ်။
⚫ အိပ်ရေးပျက်ခြင်းကြောင့် ဆိုးရွားလာနိုင်တဲ့အခြေအနေများ
အိပ်ရေးမဝတာကြာလာတဲ့အခါ အောက်ပါကျန်းမာရေးပြဿနာတွေ ပိုဆိုးရွား (သို့) ပိုဖြစ်လာနိုင်ပါတယ်။
▪️ဆီးချို
▪️သွေးတိုးရောဂါ
▪️အဝလွန်ခြင်း
▪️အိပ်နေစဉ် အသက်ရှူရပ်ရပ်သွားတဲ့ အိပ်စက်မှုဝေဒနာ
▪️သွေးကြောပြဿနာ
▪️လေဖြတ်ခြင်း
▪️နှလုံးသွေးကြောပိတ်ခြင်း
▪️စိတ်ကျခြင်း
▪️စိုးရိမ်စိတ်များခြင်း
▪️စိတ်ကျန်းမာရေးပြဿနာ
⚫ အိပ်ရေးပျက်ခြင်း လက္ခဏာများ
အိပ်ရေးပျက်ရင် စစချင်းမှာ နေ့ဘက်အိပ်ငိုက်တာ၊ နုံးတာတွေဖြစ်ပါတယ်။ ကြာလာရင်တော့ စိတ်ဆတ်တာ၊ မှတ်ဉာဏ်အားနည်းတာ၊ တုံ့ပြန်မှုနှေးကွေးတာ၊ ခေါင်းကိုက်တာ၊ ရုတ်တရက် မသိလိုက်ဘဲ ငိုက်သွားတာတွေဖြစ်လာနိုင်ပါတယ်။ ဒီထက်ဆိုးလာရင် ထိန်းချုပ်မရတဲ့ မျက်စိရွေ့လျားခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်း၊ စဉ်းစာဆင်ခြင်နိုင်စွမ်းကျခြင်းစတာတွေအထိ ဖြစ်လာနိုင်ပါတယ်။
ကာလကြာရှည်အိပ်ရေးပျက်ခြင်းက ကိုယ်စိတ်ကျန်းမာရေးအပေါ် ဆိုးရွားပြင်းထန်တဲ့သက်ရောက်မှုတွေရှိလို့ အိပ်ရေးဝအောင် အိပ်စက်ဖို့အရေးကြီးပါတယ်။
ဒါကြောင့် ညဘက်အိပ်စက်တဲ့အခါ …
▪️အချိန်မှန်အိပ်ရာဝင်ပါ။
▪️အိပ်ခါနီးရင် ဖုန်း၊ ကွန်ပျူတာအသုံးပြုတာ၊ အလင်းစူးစူးနဲ့ ထိတွေ့တာကိုလျှော့ချပါ။
▪️အရက်အလွန်အကျွံသောက်ခြင်း၊ ညနက်မှ အစာစားခြင်းကို ရှောင်ကြဉ်ပါ။
▪️စိတ်သက်သာပြေလျော့စေမယ့် အသက်ရှူလေ့ကျင့်ခန်း၊ ယောဂစတာတွေကို လေ့ကျင့်ပြုလုပ်ပါ။
▪️လိုအပ်လာရင် ပညာရှင်တွေရဲ့အကူအညီကိုရယူပါ။
အနှစ်ချုပ်ပြောရရင် အိပ်ရေးပျက်ခြင်းဆိုတာ နေ့ဘက်အိပ်ငိုက်တာထက်အများကြီးပိုတဲ့ ဆိုးရွားတဲ့နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အိပ်ရေးမဝတာကြာနေပြီလို့ ကိုယ့်ကိုယ်ကိုယ် သတိပြုမိရင် လျစ်လျူမရှုထားသင့်ပါဘူး။ အိပ်စက်ခြင်းဆိုတာ စည်းစိမ်ယူဇိမ်ခံခြင်းမဟုတ်ဘဲ ကျန်းမာတဲ့ဘဝအတွက် အခြေခံလိုအပ်ချက်တစ်ခုသာဖြစ်လို့ ညဘက်ကောင်းစွာအိပ်စက်ဖို့ အရေးကြီးလှကြောင်းမျှဝေလိုက်ရပါတယ်။