Search
Close this search box.
Search
Close this search box.

AMI Life News

ခက်ခဲပင်ပန်းနေတဲ့အချိန်မှာ စိတ်ကျန်းမာရေးကိုလည်း မေ့ထားလို့မဖြစ်ပါဘူးနော်

လူ့ဘဝမှာ ခက်ခဲကြမ်းတမ်းတဲ့ကာလတွေ ရှိတတ်တာသဘာဝပါ။ ငွေကြေးခက်ခဲတာ၊ ချစ်ရသူက နာမကျန်းဖြစ်တာ၊ အလုပ်မရှိတာ၊ သမီးရည်းစား/အိမ်ထောင်ရေးအဆင်မပြေတာ စသဖြင့် အခက်အခဲအမျိုးမျိုးရှိတတ်ကြပါတယ်။  

ဒီလိုအချိန်မှာ အရေးကြီးတာက ဘယ်လိုမျိုးရင်ဆိုင်ကိုင်တွယ်မလဲပဲ ဖြစ်ပါတယ်။ ကျွန်ုပ်တို့က ဖြစ်လာသမျှအားလုံးကို မထိန်းချုပ်နိုင်ပါဘူး။ ဒီအဖြစ်အပျက်တွေကို ကိုယ့်အပေါ်ဘယ်လိုသက်ရောက်စေမလဲပဲ ရွေးချယ်နိုင်ပါတယ်။ 

ဒါကြောင့် ပင်ပန်းခက်ခဲတဲ့အခိုက်အတန့်မှာ အောက်ပါနည်းလမ်းတွေနဲ့ စိတ်ကျန်းမာရေးကိုစောင့်ရှောက်ပါ။ 

🌿 တွေးမြင်ပုံ ပြောင်းလဲပါ။ 

ကိုယ်စိတ်ဆင်းရဲပင်ပန်းရတဲ့ကာလတွေမှာ လူတွေဟာ ဘာလုပ်ရမှန်းမသိဘဲ စိတ်ခံစားချက်တွေ ဗလောင်ဆူနေတတ်ပါတယ်။ ဒါပေမဲ့ ကြိုးစားပြီးတော့ မတူတဲ့ရှုထောင့်ကနေ အခြေအနေကိုမြင်ကြည့်ပါ။ သင့်မိတ်ဆွေတစ်ဦးကို သင်က အကြုံပြုသလိုမျိုးလုပ်ကြည့်ပါ။ ဒါဟာ တစ်သက်လုံးဖြစ်နေမှာမဟုတ်တဲ့အကြောင်း မိမိကိုယ်မိမိ သတိပေးပါ။ 

🌿 ခံစားချက်တွေကို ဖွင့်ထုတ်ပါ။ 

ခံစားနေရတာတွေကို လျစ်လျူမရှုပါနဲ့။ နောင်တစ်ချိန်မှာ သင်မမျှော်လင့်တဲ့ပုံစံနဲ့ ပြန်လည်ထွက်ပေါ်လာတတ်ပါတယ်။ သင့်ကိုယ်သင် ခံစားခွင့်ပြုလိုက်ပါ။ ငိုပါ၊ ဒေါသထွက်ပါ၊ ဝမ်းနည်းပူဆွေးပါ။ ဒါဟာ မိမိကိုယ်မိမိကုစားတဲ့ နည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။ 

🌿 အကောင်းတွေကို ရှာဖွေကြည့်ပါ။ 

ခက်ခဲဆိုးရွားတဲ့ အခြေအနေမှာတောင် ကောင်းကွက် (သို့) အဆုံးသတ်ဆိုတာရှိပါတယ်။ စိတ်တည်ငြိမ်အောင် နေ့စဉ် Meditation လုပ်ပြီး သင်ဖြစ်ချင်တဲ့ရလဒ်အပေါ် အာရုံစူးစိုက်ပါ။ အကောင်းဆုံးဖြစ်နိုင်ခြေကို စိတ်ကူးပုံဖော်ပါ။ 

🌿 အကုန်လုံးကို ထိန်းချုပ်နိုင်ဖို့မကြိုးစားပါနဲ့။ 

အခြေအနေအားလုံးကို ထိန်းချုပ်ဖို့ဆိုတာ မဖြစ်နိုင်တာမို့ အရမ်းကြိုးစားရင် စိတ်ပင်ပန်းဖိစီးမှုတွေဖြစ်လာနိုင်ပါတယ်။ တချို့အရာတွေဟာ သင်ပြုပြင်စီရင်လို့မရတာကို လက်ခံပါ။ 

🌿 အဓိပ္ပါယ်ကိုရှာဖွေပါ။  

အကြပ်အတည်းကြားမှာ ဘဝအဓိပ္ပါယ်ကို ရှာကြည့်ပါ။ အလုပ်မရှိတာကြောင့် မိသားစုကိုအချိန်ပိုပေးဖြစ်တာ၊ မိမိဝါသနာပါရာကို ပိုလုပ်ဖြစ်တာ (သို့) ကျန်းမာရေးပြဿနာကြောင့် နေထိုင်စားသောက်မှုပုံစံ အကောင်းဘက်ပြောင်းသွားတာတွေက ရှင်သန်ဖို့ရာအဓိပ္ပါယ်တွေပါပဲ။ 

🌿 အလေ့အကျင့်ကောင်းမွေးမြူပါ။ 

သတိနဲ့နေထိုင်ခြင်း၊ လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ မိတ်ဆွေတွေနဲ့ တွေ့ဆုံခြင်း၊ တစ်နေ့တာ မှတ်တမ်းရေးခြင်း အစရှိတဲ့အလေ့အကျင့်ကောင်းတွေက မရေရာတဲ့ကာလတွေမှာ သင့်ကိုတည်ငြိမ်စေပါတယ်။ ဇနီးမောင်နှံတွေဆိုရင်လည်း အချိန်ပေးပြီး လွတ်လွတ်လပ်လပ်တွေ့တာ၊ အမှတ်တရအချိန်လေးတွေ ဖန်တီးတာမျိုး ပြုလုပ်သင့်ပါတယ်။ 

🌿 မိမိကိုကူညီဖေးမမယ့်သူတွေနဲ့ ဆက်သွယ်ပါ။ 

အကြံဉာဏ်၊ အကူအညီ၊ ခွန်အား စသဖြင့်ပေးနိုင်ပြီး မိမိကိုဂရုစိုက်တဲ့သူတွေနဲ့ အမြဲထိတွေ့နေပါ။ ဘယ်တော့မှ သီခြားမနေပါနဲ့။ 

🌿 ဘေးကင်းတဲ့ထွက်ပေါက်ကို ရှာဖွေပါ။ 

မိမိအတွေး/ခံစားချက်တွေကို ချရေးတာ၊ မိ‌တ်ဆွေ/မိသားစုတွေနဲ့စကားပြောတာ၊ မိမိကိုယ်မိမိ တည်ဆောက်တာတွေလုပ်ပြီး စိတ်သက်သာရာရှာပါ။  

🌿 ကျေးဇူးတင်ကြည့်ပါ 

သင့်ဘဝမှာ ကျေးဇူးတင်စရာကောင်းတဲ့အရာတွေ၊ အောင်မြင်ဖြစ်ထွန်းခဲ့တဲ့အရာတွေကို ချရေးကြည့်ပါ။ စိတ်ကျေနပ်ပျော်ရွှင်စေတဲ့ကိစွ‌တွေလုပ်ပြီး ခံစားချက်ကောင်းတွေ ဖန်တီးပါ။ 

🌿 စိတ်ကုထုံး ခံယူပါ။ 

ကိုယ့်ရဲ့ခံစားချက်‌တွေ ကိုယ်နားလည်ပြီး ကိုယ်တွယ်ဖြေရှင်းနိုင်အောင် စိတ်ကျန်းမာရေးပညာရှင်တွေက သင့်ကိုကူညီနိုင်ပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့ကာလကို ဖြတ်သန်းနေရချိန်မှာ  သင့်အတွက် စိတ်လုံခြုံသက်သာမှုကို စိတ်ကျန်းမာရေးပညာရှင်တွေက ဖန်တီးပေးနိုင်ပါတယ်။  

[ MyanCare မှာ စိတ်အထူးကုဆရာဝန်၊ စိတ်ပညာရှင်တွေနဲ့လည်း အွန်လိုင်းကတဆင့် Booking တင်ပြီးဆွေးနွေးတိုင်ပင်နိုင်ပါတယ်။ 

MyanCare App Download ရယူရန် – 

Play Store >> https://bit.ly/mcareplaystore 

iOS >> https://bit.ly/mcareios

တစ်ခုမှတ်ထားရမှာက ဘယ်လောက်ခက်ခဲတဲ့ကာလပဲဖြစ်ဖြစ် ထာဝရမတည်မြဲပါဘူး။ ထားသင့်တဲ့စိတ်ခံယူချက်၊ မှန်ကန်တဲ့ဖြေရှင်းနည်းတွေနဲ့သာဆိုရင် အောင်မြင်စွာနဲ့ ကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ခက်ခဲတဲ့အချိန်တွေမှာ အကူအညီယူပါ၊ ခံစားပစ်ပါ၊ တစ်လှမ်းချင်းဆီ ဆက်လျှောက်သွားပါ။ 

Share Now: