ဆေးလိပ်သောက်ခြင်းက ကျန်းမာရေးကိုအဖက်ဖက်ကနေ ထိခိုက်ချို့ယွင်းစေတယ်ဆိုတာ လူတိုင်းနားရည်ဝပြီးသား အကြောင်းအရာတစ်ခုပါ။ ဒီနေ့မှာက လူတွေသတိမပြုမိကြတဲ့၊ ဆေးလိပ်သောက်သလိုပဲ ကျန်းမာရေးဆိုးကျိုးတွေပေးနိုင်တဲ့၊ ခေတ်သစ်ဆေးလိပ်သောက်ခြင်းလို့ တင်စားခေါ်ဝေါ်တဲ့ အထိုင်များခြင်းရဲ့ ကျန်းမာရေးအန္တရာယ်တွေကို ပြောပြသွားချင်တာဖြစ်ပါတယ်။
သုတေသနပညာရှင်တွေက အထိုင်ကြာချိန်၊ ကိုယ်လက်လှုပ်ရှားမှုပမာဏနဲ့ဆိုင်တဲ့ လေ့လာမှုပေါင်း ၁၇ ခုကို ခွဲခြားစိတ်ဖြာကြည့်ခဲ့ကြပါတယ်။ ရလဒ်အရ တစ်နေ့ကို ၈ နာရီအထက်ထိုင်ပြီး ကိုယ်လက်လှုပ်ရှားမှုမရှိသူတွေက အဝလွန်သူ၊ ဆေးလိပ်သောက်သူတွေ ရင်ဆိုင်ရတဲ့ အလားတူကျန်းမာရေးပြဿနာတွေ ဖြစ်ပွားနိုင်ကြောင်း တွေ့ရှိခဲ့ရပါတယ်။
အခုဆိုရင် ကမ္ဘာ့ကျန်းမာရေးအဖွဲအစည်း(WHO)ကလည်း ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းကို အရွယ်မတိုင်ခင်သေဆုံးခြင်းရဲ့ အဓိကအကြောင်းအရင်းတစ်ခုအနေနဲ့ သတ်မှတ်လိုက်ပါတယ်။ ကမ္ဘာပေါ်မှာ မကူးစက်နိုင်တဲ့ရောဂါကြောင့် အရွယ်မတိုင်မီသေဆုံးမှုတွေရဲ့ ၈% အထိက အထိုင်များခြင်း/ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။
အထိုင်များပြီး ကိုယ်လက်လှုပ်ရှားမှုမရှိခြင်းကြောင့်
▪️ဆီးချို
▪️နှလုံးနဲ့သွေးကြောရောဂါ
▪️ကင်ဆာ
▪️စိတ်ကျခြင်း
▪️သွေးခဲခြင်း
▪️အယ်လ်ဇိုင်းမားရောဂါ
▪️ဗိုက်ပူခြင်း
▪️ကိုလက်စထရာမြင့်မားခြင်း
▪️ဇီဝဖြစ်စဉ်ဆိုင်ရာရောဂါ
▪️သေဆုံးနှုန်းမြင့်ခြင်းတွေ ဖြစ်လာနိုင်ပါတယ်။
ဒါတွေကို တားဆီးဖို့ဆိုရင် ၇ နာရီလောက်အညောင်းထိုင်ပြီး ၁ နာရီလောက် Gym ဆော့ရုံနဲ့ မရပါဘူး။ လေ့ကျင့်ခန်းလုပ်တာကို မကောင်းဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ အဓိကဆိုလိုရင်းက တောက်လျှောက်အညောင်းမထိုင်ဖို့၊ အကြောဆန့်ဖို့ဖြစ်ပါတယ်။
အချိန်ကြာမြင့်စွာ အညောင်းထိုင်ခြင်းက ကျောကြွက်သား၊ ကျောရိုး၊ အဆစ်တွေအပေါ် ဝန်ပိစေတာမို့ တဖြည်းဖြည်းနဲ့ ခန္ဓာကိုယ်ကိုယိုယွင်းလာစေပါတယ်။
✅ ဒီအတွက် အကောင်းဆုံးဖြေရှင်းနည်းကတော့ မတ်တပ်ရပ်ခြင်းပါပဲ။
တစ်နေ့လုံးမှာ ခဏတဖြုတ်ပဲဖြစ်ဖြစ် မကြာခဏ မတ်တပ်ရပ်ဖို့ (သို့) မိနစ် ၃၀ ကြာထိုင်ပြီးတိုင်းမှာ အနည်းဆုံး စက္ကန့် ၃၀ မတ်တပ်ရပ်ဖို့ သုတေသနတွေက အကြံပြုထားပါတယ်။ အဓိကကတော့ အညောင်းထိုင်ချိန်မကြာစေဖို့ပါပဲ။
Squat ထိုင်ခြင်းကလည်း အညောင်းမိလို့ဖြစ်တဲ့ဆိုးကျိုးတွေကို ချေဖျက်ပေးနိုင်တဲ့၊ ပေါင်ကြွက်သားတွေကို ကြံ့ခိုင်သန်မာစေတဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။
ကျန်းမာအသက်ရှည်ဖို့ဆိုတာ ရှောင်ကြဉ်မှုတွေလုပ်ရုံနဲ့မပြည့်စုံဘဲ လုပ်ဆောင်မှုတွေလည်း လိုအပ်ပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်သလို ကျန်းမာရေးဆိုးကျိုးတွေကိုပေးနိုင်တဲ့ အထိုင်များခြင်းကို အခုပဲ မတ်တပ်ရပ်ပြီး ဆန့်ကျင်လိုက်ပါ။