Search
Close this search box.
Search
Close this search box.

AMI Life News

မိုးရာသီမှာ သွေးလွန်တုပ်ကွေး ဂရုစိုက်ပါ။

မြန်မာနိုင်ငံမှာ မိုးရာသီဆိုတာ သွေးလွန်တုပ်ကွေးအဖြစ်များလှတဲ့ ဥတုဖြစ်ပါတယ်။ Aedes လို့ခေါ်တဲ့ခြင်ကျားကတဆင့် ကူးစက်တဲ့သွေးလွန်တုပ်ကွေးဟာ လူအများစုမှာတော့ ဘာလက္ခဏာမှမပြကြပါဘူး။ ဒါပေမဲ့ တချို့မှာ ဖျားနာတာမျိုးဖြစ်နိုင်ပါတယ်။ ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ သက်ကြီးရွယ်အိုတွေက ပိုစိုးရိမ်ရပါတယ်။ တချို့အခြေအနေမှာဆိုရင် ‌ရောဂါပြင်းထန်တာ၊  ဆေးရုံတက်ရတာ၊ အသက်သေဆုံးတာတွေအထိတောင် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သွေးလွန်တုပ်ကွေးရဲ့ စိုးရိမ်ရတဲ့လက္ခဏာတွေနဲ့ ဘယ်အခါမှာဆေးရုံသွားရမလဲကို သိထားဖို့အရေးကြီးပါတယ်။ 

◾သွေးလွန်တုပ်ကွေးဖြစ်နေမှန်း ဘယ်လိုသိနိုင်မလဲ? 

သွေးလွန်တုပ်ကွေးလက္ခဏာတွေက သာမန်နေမကောင်းဖျားနာတာနဲ့ ဆင်တူနေတတ်ပါတယ်။ လက္ခဏာတွေကတော့ … 

▪️ရုတ်တရက် အဖျားကြီးခြင်း ( 104 °F အထိ ) 

▪️ပြင်းထန်စွာခေါင်းကိုက်ခြင်း 

▪️မျက်လုံးအနောက်ဖက် နာခြင်း 

▪️ကြွက်သားနဲ့အဆစ် ကိုက်ခဲခြင်း 

▪️ပျို့ခြင်း၊ အန်ခြင်း 

▪️အကျိတ်ရောင်ခြင်း 

▪️အနီစက်၊ အနီကွက်ထွက်ခြင်း 

▪️ကလေးက အရင်ထက် ငိုယိုဂျီကျခြင်း  

▪️အစားစားတာ၊ အိပ်တာ ပုံစံပြောင်းသွားခြင်း စတာတွေဖြစ်ပြီး ၂ – ၇ ရက်အထိကြာနိုင်ပါတယ်။ 

◾ဘယ်လို ပြုစုစောင့်ရှောက်ရမလဲ? 

သီးသန့်ကုသနည်းရယ်လို့မရှိဘဲ လက္ခဏာသက်သာအောင်သာပြုလုပ်ပေးနိုင်ပါတယ်။ အနည်းအကျဥ်းဖျားနားတာမျိုးဆိုရင် အိမ်မှာပဲ ပါရာစီတမောလောက်နဲ့ကုသနိုင်ပါတယ်။ ကလေးက လက္ခဏာမပြင်းထန်ဘူးဆိုရင် … 

▪️နားနားနေနေ နေခိုင်းပါ 

▪️အရည်များများဝင်အောင်တိုက်ပါ 

▪️အာဟာရရှိတဲ့အစားအသောက် ကျွေးပါ 

▪️ဖျားနာကိုက်ခဲမှုအတွက် သတ်မှတ်ပမာဏအတိုင်း ပါရာစီတမောတိုက်ပါ 

▪️အဖျားကျအောင် ရေပတ်တိုက်ပါ 

▪️ပြင်းထန်သွေးလွန်တုပ်ကွေးလက္ခဏာကို စောင့်ကြည့်ပါ။ 

ရောဂါလက္ခဏာက နာရီအနည်းငယ်အတွင်းလည်း ဆိုးရွားပြင်းထန်လာနိုင်တာမို့ သတိထားမိတာနဲ့ချက်ချင်း ဆေးရုံဆေးခန်းကိုသွားပါ။ 

◾ပြင်းထန်လက္ခဏာတွေက ဘာတွေလဲ? 

အများအားဖြင့် အဖျားကျသွားပြီးနောက်ပိုင်းမှ အောက်ပါပြင်းထန်လက္ခဏာတွေပေါ်လာပါတယ်။ 

▪️အပြင်းအထန် ဗိုက်နာခြင်း 

▪️အဆက်မပြတ် အန်ခြင်း 

▪️အသက်ရှူမြန်ခြင်း 

▪️နှာခေါင်း၊ သွားဖုံးသွေးယိုခြင်း 

▪️မောပန်းနွမ်းနယ်ခြင်း 

▪️ဂနာမငြိမ်ခြင်း 

▪️အညိုရောင်အန်ခြင်း၊ ဝမ်းမဲမဲသွားခြင်း 

▪️ရေအလွန်ဆာခြင်း 

▪️အသားအရေအေးစက်ဖျော့တော့ခြင်း 

▪️အားနည်းနေပုံပေါ်ခြင်း 

▪️မှိန်းနေခြင်း 

ပြင်းထန်သွေးလွန်တုပ်ကွေးဖြစ်ရင် ဆေးရုံအမြန်ဆုံးတင်ဖို့လိုအပ်ပါတယ်။ နောက်ပြီး သွေးလွန်တုပ်ကွေးဖြစ်ရင် ရေဓာတ်ခမ်းခြောက်တဲ့လက္ခဏာရှိမရှိ သတိထားစောင့်ကြည့်ရပါမယ်။ ကိုယ်ပူခြင်း၊ အန်ခြင်း၊ ဝမ်းလျှောခြင်း၊ အရည်သောက်နည်းခြင်းကြောင့် ခန္ဓာကိုယ်က ‌ရေဓာတ်ဆုံးရှုံးတတ်ပါတယ်။ 

ရေဓာတ်နည်းတဲ့လက္ခဏာတွေကတော့ … 

▪️ငယ်ထိပ်မပိတ်သေးတဲ့ ကလေးငယ်တွေမှာ ငယ်ထိပ်ချိုင့်ဝင်ခြင်း 

▪️ငိုတဲ့အခါ မျက်ရည်မထွက်ခြင်း၊ မျက်လုံးအစိုဓာတ်မရှိခြင်း  

▪️မျက်တွင်းဟောက်ပက်ဖြစ်ခြင်း 

▪️ရေကို အငမ်းမရတောင်းခြင်း (သို့) နို့ကို အငမ်းမရစို့ခြင်း 

▪️ပြင်းထန်အဆင့်မှာ ရေ (သို့) နို့တိုက်ပေမဲ့ မသောက်နိုင်၊ မစို့နိုင်ခြင်း 

▪️အရေပြားကိုဆွဲကြည့်တဲ့အခါ နဂိုအနေအထားကို ပြန်မရောက်နိုင်ခြင်း (သို့) ပြန်ရောက်ဖို့ ကြာမြင့်ခြင်း 

▪️ဆီးသွားနည်းခြင်းတွေဖြစ်ပြီး ဒီလက္ခဏာတွေ ကလေးမှာရှိနေပြီဆိုရင် ဆေးရုံ၊ ဆေးခန်းကိုအမြန်ဆုံးသွားပါ။ 

သွေးလွန်တုပ်ကွေးမဖြစ်ဖို့ အကောင်းဆုံးကာကွယ်နည်းကတော့ တစ်မိသားစုလုံး ခြင်ကိုက်မခံရအောင်ကာကွယ်နေထိုင်ခြင်းပါပဲ။ ဒါကြောင့် အိမ်ပတ်ဝန်းကျင်မှာ ခြင်တွေမခိုအောင်း၊ မပေါက်ဖွားနိုင်အောင်စီမံပြီး ကလေးကိုခြင်မကိုက်အောင်ဂရုစိုက်ဖို့လည်း အရေးကြီးကြောင်း အသိပေးမျှဝေလိုက်ပါတယ်။ 

မိုးရွာခါနီး ကိုယ်လက်အဆစ်အမြစ်ကိုက်တာ လေးဖက်နာလား? (28.06.2024) 

တချို့လူတွေ ပြောတာကြားဖူးတယ်။ ငါက မိုးရွာတော့မယ်ဆိုရင် ကြိုသိတယ်တဲ့။ ဘာလို့ဆို မိုးရွာခါနီးရင် အဆစ်အမြစ်တွေကိုက်ခဲလာရောတဲ့။  

သုတေသနပညာရှင်တွေကတော့ ဒီနှစ်ခုရဲ့ဆက်နွယ်မှုကို အတည်မပြုနိုင်သေးပေမဲ့ တချို့လေ့လာမှုတွေအရ ရာသီဥတုက အဆစ်နာကျင်ကိုက်ခဲမှုနဲ့ပတ်သက်နေတယ်လို့ ဆိုပါတယ်။ 

◾ဘာကြောင့် ဖြစ်ရတာလဲ? 

ကျွမ်းကျင်ပညာရှင်တွေအဆိုအရ မိုးရွာခါနီးရင် လေထုဖိအားကျပါတယ်။ ဒီအခါ အဆစ်တဝိုက်ရှိ ကြွက်သား၊ အရွတ်နဲ့ တခြားတစ်ရှူးတွေက ဆန့်ထွက်လာပါတယ်။ ဒီလို့ပြန်ကားခြင်းက အဆစ်ပေါ်ဖိအားဖြစ်စေလို့ အဆစ်အမြစ်နာနိုင်ပါတယ်။ 

နဂိုကတည်းက အဆစ်ရောင်/အဆစ်နာလေ့ရှိသူတွေဟာ ပိုပြီးနာကျင်တတ်ပါတယ်။ ရာသီဥတုပုံမှန်ဖြစ်သွားရင်တော့ လေထုဖိအားလည်းပြန်တည်ငြိမ်ပြီး အဆစ်နာတာသက်သာသွားပါတယ်။ 

တခြားဖြစ်နိုင်တဲ့အကြောင်းအရင်းတွေဆိုရင်တော့ : 

▪️ကိုယ်လက်လှုပ်ရှားမှုနည်းများ အထိုင်များတဲ့အခါ အဆစ်၊ ကြွက်သားတွေက တောင့်တင်းပြီးနာနိုင်ပါတယ်။ 

▪️ရာသီဥတုထိုင်းမှိုင်းပြီး စိတ်မရွှင်ပြတဲ့အခါမှာလည်း နာကျင်မှုကိုပိုသတိထားမိတတ်ပါတယ်။ 

👉 ဒီလိုခံစားရတာက လေးဘက်နာဖြစ်နေလို့လားဆိုရင်တော့ ဒီတစ်ချက်တည်းနဲ့ ဘာမှပြောလို့မရပါဘူး။ လေးဘက်နာဖြစ်တဲ့သူတွေလည်း အဆစ်နာပြီး မိုးရွာရင်ပိုနာတတ်ပေမဲ့ ရောဂါသေချာဖို့ဆိုရင် တခြားလက္ခဏာတွေရှိ/မရှိ ဆရာဝန်နဲ့စမ်းသပ်စစ်ဆေးကြည့်ရပါမယ်။ 

ဒီလိုဖြစ်တဲ့ဝေဒနာကို အရှင်းပျောက်စေမယ့်နည်းလမ်း မရှိပေမဲ့ သက်သာအောင်တော့ အောက်ပါနည်းလမ်းတွေနဲ့ ပြုလုပ်နိုင်ပါတယ်။ 

▪️အပေါ့စားလေ့ကျင့်ခန်းတွေ ပုံမှန်ပြုလုပ်ပါ။ 

▪️အရောင်သက်သာအောင် ဆေးသောက်လည်းရပါတယ်။ 

▪️အဆစ်ပေါ် ဝန်မပိအောင် ကိုယ်အလေးချိန်ထိန်းသိမ်းပါ။ 

▪️ရာသီဥတုအေးရင် နွေးနွေးထွေးထွေးနေပါ။ 

‌ကဲ ဒါဆိုရင်တော့ မိုးရွာတာနဲ့ အဆစ်ကိုက်ခဲတာက တစ်နည်းတစ်ဖုံဆက်နွယ်နေပြီး လေးဖက်နာလက္ခဏာတစ်ခုလို့တော့ မပြောနိုင်တာ သိလောက်ပြီထင်ပါတယ်။ 

Share Now: