အရိုးကင်ဆာဟာ အဖြစ်နည်းတဲ့ကင်ဆာဆိုပေမယ့် တခြားအသက်အရွယ်တွေထက် ဆယ်ကျော်သက်လူငယ်တွေမှာ ပိုအဖြစ်များတဲ့ကင်ဆာဖြစ်ပါတယ်။ အမေရိကန်အစိုးရကင်ဆာဌာနရဲ့ ပြောကြားချက်အရ အရိုးကင်ဆာဖြစ်သူ ၂၇% က အသက် ၂၀ အောက်ဖြစ်ပြီး ၁၅.၇% က အသက် ၂၀ နဲ့ ၃၄ နှစ်ကြား ဖြစ်ပါတယ်။
ကျားမ မရွေးဖြစ်နိုင်ပေမယ့် ယောင်္ကျားလေးတွေမှာပိုအဖြစ်များပြီး လူငယ်တွေမှာတွေ့ရအများဆုံး အမျိုးအစားကတော့ …
၁။ Osteosarcoma (အရိုးဆဲလ်အသစ်ပွားများရာ ရှည်တဲ့အရိုးတွေရဲ့ အစွန်းဖက်တွေမှာဖြစ်ပွားတဲ့ အရိုးကင်ဆာ)
၂။ Ewing’s Sarcoma (မျိုးရိုးဗီဇမူမမှန်မှုကြောင့် ဖြစ်ပွားတဲ့အရိုးကင်ဆာ) ဖြစ်ပါတယ်။
ရောဂါလက္ခဏာ
ဒီအမျိုးအစား ၂ ခုလုံးက မြန်ဆန်စွာပွားတဲ့ကင်ဆာတွေ ဖြစ်ပါတယ်။
၁။ Osteosarcoma
ပုံမှန်မဟုတ်တဲ့အရိုးဆဲလ်တွေ အများကြီးပွားလို့ အရိုးမှာအကျိတ်တွေပေါ်လာပါတယ်။ ဘယ်အရိုးမှာမဆိုဖြစ်နိုင်ပေမဲ့ အများစုက ပေါင်ရိုး၊ ပခုံးနဲ့နီးတဲ့ လက်မောင်းရိုး၊ ဒူးနဲ့နီးတဲ့ ခြေသလုံးရိုးတွေဖြစ်ပါတယ်။
အဓိကလက္ခဏာကတော့ အကြောင်းအရင်းမရှိဘဲ အဆက်မပြတ်အရိုးနာတာပါ။ ထိရင်နာတာ၊ ရောင်တာ၊ နီတာတွေလည်း ရှိချင်ရှိနိုင်ပါတယ်။ တခါတလေ အရိုးမှာအဖုအလုံး စမ်းမိတတ်ပါတယ်။
ရောဂါရင့်လာတဲ့အခါမှာတော့ …
အကြောင်းမဲ့ မောဟိုက်ခြင်း
မရည်ရွယ်ဘဲ ဝိတ်ကျခြင်း
ဖျားခြင်း
သွေးအားနည်းခြင်း
(ခြေထောက်မှာဖြစ်ရင်)လမ်းလျှောက်ရခက်ခြင်း
ဘာကြောင့်မှန်းမသိဘဲ အရိုးကျိုးခြင်း
(တင်ပဆုံရိုးမှာဖြစ်ရင်) ဆီးဝမ်းမထိန်းနိုင်ခြင်းတွေ ဖြစ်ပါတယ်။
၂။ Ewing’s Sarcoma
အများအားဖြင့် တင်ပဆုံရိုး၊ ရင်ခေါင်းအရိုးနဲ့ ရှည်တဲ့အရိုးတွေရဲ့အစွန်းဖက်တွေကနေ စတင်ဖြစ်ပွားလေ့ရှိပါတယ်။ ကင်ဆာဆဲလ်အပွားမြန်ပြီး တခြားအစိတ်အပိုင်းကို ပျံ့နှံ့နိုင်ခြေများပါတယ်။
အဖြစ်များတဲ့လက္ခဏာကတော့ အကျိတ်ရှိတဲ့နေရာမှာ ကိုက်ခဲတာ၊ ထိရင်နာတာ၊ ရောင်တာတွေဖြစ်ပါတယ်။ ဒီကင်ဆာက တင်ပဆုံရိုးနဲ့ ရင်ဘတ်အရိုးရဲ့ အတွင်းပိုင်းတွေမှာလည်းဖြစ်နိုင်တာမို့ စောစောစီးစီး စစ်ဆေးသိရှိဖို့ခက်ပါတယ်။ ဒါ့အပြင် လက္ခဏာတွေက ဖြစ်တဲ့နေရာပေါ် မူတည်နေပါသေးတယ်။ ဥပမာ – ရင်ခေါင်းနံရံမှာဖြစ်ရင် အသက်ရှူရခက်တာတွေဖြစ်နိုင်ပါတယ်။
တခြားလက္ခဏာတွေကတော့ …
အကြောင်းမဲ့ မောဟိုက်ခြင်း
အကြောင်းမဲ့ အဖျားတာရှည်ခြင်း
ဖြစ်တဲ့နေရာတဝိုက် ထုံခြင်း/ အားနည်းခြင်း
မရည်ရွယ်ဘဲ ဝိတ်ကျခြင်း
ဘာကြောင့်မှန်းမသိဘဲ အရိုးကျိုးခြင်းတွေ ဖြစ်ပါတယ်။
ရောဂါကောင်းနိုင်ခြေ
အရိုးကင်ဆာရဲ့ ရောဂါကောင်းနိုင်ခြေက အသက်၊ ကင်ဆာအမျိုးအစား၊ ကင်ဆာအဆင့်၊ ကင်ဆာပျံ့နှံ့မှုစတာတွေအပေါ် မူတည်နေပါတယ်။
ယေဘုယျအားဖြင့် ကင်ဆာမပျံ့သေးဘဲ ကျန်းမာရေးကောင်းတဲ့သူဆိုရင် ကုသရအများကြီးပိုလွယ်ပါတယ်။
ခြုံပြောရရင် အရိုးကင်ဆာဖြစ်သူ ၁၀ ယောက်မှာ ၆ ယောက်က ရောဂါသိချိန်ကစလို့ အနည်းဆုံး ၅ နှစ်အထိနေကြရပါတယ်။ အဲ့ဒီထဲကမှ အရှင်းပျောက်ကင်းသွားတဲ့သူတွေလည်း ရှိပါတယ်။
ကုသနည်း
ကင်ဆာအမျိုးအစားနဲ့ ပျံ့နှံ့မှုပေါ်မူတည်ပြီး ကုသနည်းတွေမတူပါဘူး။ အများစုကတော့ အောက်ပါနည်းလမ်းတွေနဲ့ ကုသမှုခံယူကြပါတယ်။
ခွဲစိတ်ဖယ်ရှားခြင်း – တခါတလေမှာ ဖယ်ရှားလိုက်တဲ့အပိုင်းကို ပြန်အစားထိုးတည်ဆောက်လို့ရပေမဲ့ တခါတလေမှာတော့ ဖြတ်တောက်ရနိုင်ပါတယ်။
ကင်ဆာဆေးသွင်းခြင်း – ကင်ဆာဆဲလ်တွေကိုသတ်မယ့် အားပြင်းတဲ့ဆေးနဲ့ကုသခြင်း
ဓာတ်ရောင်ခြည်ပြခြင်း – ကင်ဆာဆဲလ်တွေကိုဖျက်စီးဖို့ ဓာတ်ရောင်ခြည်ကိုအသုံးပြုခြင်း
ဘယ်အခါမှာ ဆရာဝန်နဲ့ပြမလဲ
သင် (သို့) သင့်ကလေးမှာ အဆက်မပြတ်၊ ပြင်းထန်တဲ့ (သို့) ပိုဆိုးရွားလာတဲ့ အရိုးနာကျင်မှုရှိလာရင် ဒါမှမဟုတ် အရိုးကင်ဆာရဲ့တခြားလက္ခဏာတွေဖြစ်နေတယ်လို့ သံသယရှိလာရင် ဆရာဝန်နဲ့ပြပါ။
အရိုးကင်ဆာက အဖြစ်နည်းတဲ့ကင်ဆာဆိုပေမယ့် မှန်ကန်စိတ်ချရတဲ့အဖြေကိုသိရှိဖို့ ဆရာဝန်နဲ့ဆွေးနွေးအဖြေရှာတာ အကောင်းဆုံးပါပဲ။

