AMI Life News

စိတ်ကျ‌ဆေးသောက်ခြင်းနဲ့ အယူအဆအမှားများ

စိတ်ကျရောဂါကိုကုသတဲ့နေရာမှာ စိတ်ကျရောဂါ‌ဆေးဆိုတာ အသုံးများတဲ့ကုထုံးတစ်ခုဖြစ်ပြီး စိတ်ကုထုံးနဲ့တွဲဖက်လေ့ရှိပါတယ်။ စိတ်ကျရောဂါဆေးနဲ့ကုသတဲ့ လူနာ ၁၀ ဦးမှာ ၄ ဦးက ပထမဆေးနဲ့တင် သက်သာလာတတ်ပါတယ်။ တကယ်လို့ ပထမဆေးနဲ့ မသိသာရင် ဒုတိယ၊ တတိယဆေးတွေလည်းရှိပါတယ်။ အများစုက နောက်‌ဆုံးမှာ တစ်ခုမဟုတ်တစ်ခုနဲ့ အဆင်ပြေသွားကြပါတယ်။ ဒါပေမဲ့ အများစုက စိတ်ကျရောဂါဆေးသောက်ရမယ်ဆိုရင် စိုးရိမ်ပူပန်‌မှုတွေ ရှိနေတတ်ပါတယ်။ 

ဒါကြောင့် ဒီနေ့မှာတော့ စိတ်ကျရောဂါဆေးနဲ့ ပတ်သက်ပြီး လွဲမှားနေတဲ့အချက်တွေကို ရှင်းလင်းဖော်ပြသွားပါမယ်။ 

🔴 စိတ်ကျရောဂါဆေးတွေက စိတ်ပြဿနာတွေကိုဖြေရှင်းတာမဟုတ်ဘဲ မေ့အောင်လုပ်ပစ်တယ်။ 

🟢 စိတ်ကျရောဂါဆေးဆိုတာ သင့်ပြဿနာတွေကိုမေ့အောင်လုပ်တာမဟုတ်ဘဲ အရင်ထက်ပိုမိုလွယ်ကူစွာ ရင်ဆိုင်ဖြေရှင်းနိုင်အောင် ကူညီပေးတာပါ။ စိတ်ကျခြင်းက သင့်ရဲ့ ပြဿနာတွေအပေါ်ရှုမြင်ပုံကို ပျက်ပြားစေပြီး အခက်အခဲတွေကိုဖြေရှင်းဖို့ စိတ်ခွန်အားလျော့ကျစေနိုင်ပါတယ်။ စိတ်ကုထုံးပညာရှင်တွေပြောကြားချက်အရ ဆေးသောက်တဲ့လူနာတွေက စိတ်ကုထုံးမှာလည်း ပိုမိုတိုးတက်မှုရှိလာတယ်လို့ဆိုပါတယ်။ 

🔴 စိတ်ကျရောဂါဆေးတွေက သင့်ရဲ့အကျင့်စရိုက်၊ စိတ်နေစိတ်ထားတွေကို ပြောင်းလဲစေတယ်။ 

🟢 မှန်မှန်ကန်ကန်သောက်သုံးမယ်ဆိုရင် စိတ်ကျရောဂါဆေးတွေက သင့်ရဲ့အကျင့်စရိုက်ကို မပြောင်းလဲစေပါဘူး။ သင့်နဂိုအနေအထားအတိုင်း သင့်ကိုပြန်ဖြစ်စေတာပါ။ ဒါပေမဲ့ ရှားရှားပါးပါးအနေနဲ့ တချို့စိတ်ကျရောဂါဆေးတွေက လူကို စိတ်ခံစားချက်မဲ့စေပါတယ်။ ဒီလိုဖြစ်တယ်ဆိုရင်တော့ ဆေးပမာဏကိုလျှော့ချတာ၊ တခြားဆေးပြောင်းတာပြုလုပ်နိုင်ပါတယ်။ 

🔴 စိတ်ကျရောဂါဆေးက စသောက်မိတာနဲ့ တစ်သက်လုံးသောက်သွားရလိမ့်မယ်။ 

🟢 ပထမဆုံးအကြိမ် စိတ်ကျဝေဒနာခံစားရလို့ ဆေးသောက်ရတဲ့သူအများစုက ၆ – ၉ လအထိတောက်လျှောက် ဆေးသောက်ဖို့လိုအပ်ပေမဲ့ တစ်သက်လုံး မဖြစ်မနေသောက်သွားရမယ်တော့ မဟုတ်ပါဘူး။ ဆေးနဲ့ ရောဂါကိုကောင်းကောင်းထိန်းနိုင်နေပြီဆိုရင် ဆေးကိုဖြည်းဖြည်းချင်းလျှော့ချပြီး ဆေးကိုရပ်လိုက်ဖို့ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ရုတ်တရက်ဆေးကိုဖြတ်လိုက်တာက ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ပျို့ခြင်းစတဲ့ဝေဒနာတွေ ဖြစ်လာစေနိုင်ပါတယ်။ 

🔴 စိတ်ကျ‌ရောဂါဆေးသောက်နေရတယ်ဆိုတာ အားနည်းချက်တစ်ခုဖြစ်ပါတယ်။ 

🟢 သွေးတိုး၊ ဆီးချိုလိုပဲ စိတ်ကျရောဂါဆိုတာ ဆေးဝါးနဲ့ကုသလို့ရနိုင်တဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ စိတ်ကျရောဂါက သင့်ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေအပေါ်မှာ နှောင့်ယှက်မှုတွေရှိလာလို့ ဆေးသောက်တာက အားနည်းချက်တစ်ခုမဟုတ်ပါဘူး။ မိမိကိုယ်မိမိ ကောင်းစွာဂရုစိုက်ခြင်းသာဖြစ်ပါတယ်။ 

🔴 စိတ်ကျရောဂါဆေးက စွဲတတ်တယ်။ 

🟢 စိတ်ကျရောဂါဆေးတွေက အရက်၊ ဆေးလိပ်၊ မူးယစ်ဆေးဝါးတွေလိုမျိုး မစွဲလန်းစေပါဘူး။ ဒါပေမဲ့ တချို့ဆေးအမျိုးအစားတွေကတော့ ရုတ်တရက်ဆေးသောက်တာရပ်လိုက်ရင် ဆေးဖြတ်ဝေဒနာခံစားရစေပါတယ်။ ဒါကြောင့် ဆေးသောက်တာရပ်မယ်ဆိုရင် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ 

🔴 စိတ်ကျရောဂါဆေးရဲ့ ဘေးထွက်ဆိုးကျိုးက ကြောက်စရာကောင်းတယ်။ 

🟢 လူအများစုကတော့ ဆေးကြောင့် အစောပိုင်းမှာဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံနိုင်ရည်ရှိကြပါတယ်။ အကောင်းဆုံးကတော့ မိမိပြသတဲ့ဆရာဝန်နဲ့ သေချာဆွေးနွေးတိုင်ပင်ပြီး အသင့်တော်ဆုံးဆေးဝါးကိုရွေးချယ်ရင် ဘေးထွက်ဆိုးကျိုးနည်းစွာနဲ့ စိတ်ကျရောဂါကိုသက်သာစေမှာဖြစ်ပါတယ်။ 

ကဲ ဒါဆိုရင်တော့ စိတ်ကျရောဂါဆေးက စိတ်ကျရောဂါကုသရာမှာ ဘယ်လောက်အရေးပါပြီး အထောက်အကူပြုလဲဆိုတာ သိရှိနားလည်သွားမယ်လို့မျှော်လင့်ပါတယ်။ 

Share Now: