AMI Life News

ကြိုတင်ကာကွယ် အူမကြီးကင်ဆာ အန္တရာယ်

လူတွေရဲ့ နေထိုင်စားသောက်မှုပုံစံ ပြောင်းလဲလာတာနဲ့အမျှ ကင်ဆာရောဂါဖြစ်ပွားမှုများလာတာ နေ့စဉ်နှင့် အမျှ မြင်နေကြားနေရပါတယ်။ အူမကြီးကင်ဆာဆိုတာ အခုခေတ်မှာ လူကြီးတွေမှာ သာမက လူငယ်တွေမှာပါ အတွေ့ရများလာပါတယ်။ ကင်ဆာဆိုတာ ဆဲလ်တွေ ပုံမှန်ပွားနေရာက အထိန်းအကွပ်မဲ့ ပွားလာပြီး ပုံမှန်မဟုတ်တဲ့ဆဲလ်တွေ ဖြစ်သွားတာပါ။ အူမကြီးနံရံမှာ အချွဲထုတ်အလွှာ၊ တစ်သျှူးအလွှာ နဲ့ ကြွက်သားအလွှာဆိုပြီး အလွှာလေးတွေရှိပါတယ်။ အူမကြီးအတွင်းဆုံး အချွဲထုတ်အလွှာ မှာ  ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေ ပွားလာတာကြောင့် အူမကြီးအတွင်းနံရံမှာ အသားပိုလို အလုံးလေးဖြစ်လာပါတယ်။ အချိန်ကြာ လာတဲ့အခါ (ဆယ်စုနှစ်ခန့်) အသားပိုအလုံးလေးတွေက ကင်ဆာအဖြစ်ပြောင်းလဲသွားတတ်ပါတယ်။

ကြိုတင်ကာကွယ်နိုင်ဖို့ ကိုယ်တိုင်က အူမကြီးကင်ဆာဖြစ်နိုင်ချေများသူလားဆိုတာကို လေ့လာထားသင့်ပါတယ်။

မျိုးရိုးဗီဇ

ပုံမှန်မဟုတ်တဲ့ မျိုးရိုးဗီဇ ပါလာသူ (familial adenomatous polyposis)၊ မိဘမောင်နှမတွေမှာ အူမကြီးကင်ဆာဖြစ်ဖူးသူ၊ မိဘမောင်နှမတွေမှာ အူမကြီးအသားပိုအလုံး (polyps) ရှိဖူးသူ။

အူလမ်းကြောင်းရောဂါ

နာတာရှည်အူရောင်ရောဂါရှိသူ (ulcerative colitis, crohn’s colitis)၊ အူမကြီးအသားပိုအလုံး(polyps) ရှိသူ။

နေထိုင်စားသောက်မှုပုံစံ

အနီရောင်အသားနဲ့ ပြုပြင်ထားတဲ့အသားအစားများသူ၊ အဆီအစားများသူ၊ အဝလွန်သူ၊ ကိုယ်လက်လှုပ်ရှားမှု နည်းသူ၊ ဆေးလိပ်၊ အရက် အလွန်အကျွံသောက်သူတွေမှာ အူမကြီးကင်ဆာဖြစ်နိုင်ချေများပါတယ်။

အူမကြီးကင်ဆာက ရောဂါလက္ခဏာ သိပ်ပြလေ့မရှိပါဘူး။ ဝမ်းသွားရင်သွေးပါတာ၊ ဝမ်းသွားတဲ့ အလေ့အကျင့်ပြောင်းသွားတာ၊ ဝမ်းချုပ်တာ (သို့) ဝမ်းလျောတာ၊ ဝမ်းသွားပြီးရင် ဝမ်းကျန် နေသလို ခံစားရတာတွေ မကြာခဏဖြစ်တတ်ပါတယ်။ ဗိုက်အောင့်သလို၊ လေထိုးသလို၊ ပျို့ချင်အန်ချင်သလိုဖြစ်ပြီး အစားအသောက် ပျက်လာတတ်ပါတယ်။ အားနည်းသလို မောသလိုနဲ့ ကိုယ်အလေးချိန် သိသိသာသာ ကျဆင်းလာတတ်ပါတယ်။

ဒီလိုလက္ခဏာတွေက တခြားရောဂါတွေမှာလည်းရှိတတ်တာမို့ အူမကြီးကင်ဆာဟုတ်မဟုတ် ဆရာဝန်နဲ့သေချာ စစ်ဆေးသင့်ပါတယ်။ အူမကြီးကင်ဆာရောဂါအတွက် သွေးစစ်ဆေးတာ၊ ၀မ်းထဲမှာမျက်စိနဲ့မမြင်ရတဲ့ သွေးစ စစ်ဆေးတာ (Fecal Occult Blood Test)၊ ၀မ်းထဲမှာ ကင်ဆာ ကလာပ်စည်း (Stool DNA Test)  စစ်ဆေးတာ၊ အူမကြီးကင်ဆာ ဖော်ထုတ်နိုင်တဲ့ ဆေးရည်နဲ့စစ်ဆေးတာ (Fecal Immunochemical Test)၊ အစာအိမ်အူလမ်းကြောင်း အတွင်းကိုမှန်ပြောင်းကြည့်စစ်ဆေးတာ၊  ဓာတ်မှန် (X-rays)၊ အာထရာဆောင်း (Ultrasound)၊ စီတီ(CT scan)၊ အမ်အာအိုင် (MRI)၊ အသားစ စစ်ဆေးတာ (Biopsy) တွေ စစ်ဆေးနိုင်ပါတယ်။

ကင်ဆာကိုကုသတဲ့အခါ ကင်ဆာအဆင့်အလိုက် ကုသနည်းကွဲပြားပါတယ်။ အူမကြီးကင်ဆာကို အဆင့် (၄) ဆင့်သတ်မှတ်ထားပါတယ်။

အဆင့် (၀) ကင်ဆာဆဲလ်သည် အူမကြီးအတွင်းဆုံးအချွဲအလွှာတွင်သာရှိပြီး ပြန့်နှံ့မှုမရှိပါ။

အဆင့် (၁) ကင်ဆာဆဲလ်သည် အူမကြီးတစ်သျှူးအလွှာအထိရှိပြီး ကြွက်သားအလွှာနဲ့ ပြန်ရည်ကျိတ်ကို ပြန့်နှံ့မှုမရှိပါ။

အဆင့် (၂) ကင်ဆာဆဲလ်သည် အူမကြီးကြွက်သားအလွှာအထိရှိပြီး ပြန်ရည်ကျိတ်ဆီ ပြန့်နှံ့မှုမရှိပါ။

အဆင့်(၃) ကင်ဆာဆဲလ်သည် အူမကြီးနံရံ အပြင် ပြန်ရည်ကျိတ်ကို ပြန့်နေပါသည်။

အဆင့် (၄) ကင်ဆာဆဲလ်သည် အသည်း၊ အဆုတ် နှင့် မမျိုးဥ စတဲ့ ကိုယ်တွင်းအင်္ဂါတွေ ဆီပြန့်နေသည်။

အူမကြီးကင်ဆာကို ကုသနည်းရွေးချယ်တဲ့အခါ ကင်ဆာအဆင့်၊ လူနာရဲ့ကျန်းမာရေးအခြေအနေ နဲ့ အခြားအကြောင်းအရာတွေ အပေါ်မူတည်ပြီး ရွေးချယ်ရပါတယ်။ ကုသနည်းအမျိုးမျိုးရှိပါတယ်။

(၁) ခွဲစိတ်ကုသခြင်း

အသားပိုအလုံးဖယ်ရှားခြင်း (Polypectomy)

ကင်ဆာဆဲလ်ရှိတဲ့အူမကြီးနေရာနဲ့ သူ့ပတ်လည်ရှိ အူမကြီးအစိတ်အပိုင်းတစ်ချို့ကိုဖယ်ရှားလိုက်ခြင်း (Partial colectomy)

ကင်ဆာဆဲလ်ရှိတဲ့အူမကြီးကိုဖယ်ရှားပြီး မစင်စွန့်ရန် ဝမ်းဗိုက်တွင် အပေါက်ဖောက်ထားခြင်း (Surgical resection with colostomy)

ရေဒီယိုအပူလှိုင်းကိုအသုံးပြုပြီး ကင်ဆာဆဲလ်တွေကိုဖျက်ဆီးခြင်း (Radiofrequency ablation)

(၂) ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်း

ကင်ဆာဆဲလ်တွေကို ဓာတ်ရောင်ခြည်နဲ့ သေစေတာပါ။ ခွဲစိတ်ကုသပြီး ကျန်နေနိုင်တဲ့ ကင်ဆာဆဲလ်တွေကို ချေဖျက်ဖို့ ပေးတတ်ပါတယ်။ ဓာတ်ရောင်ခြည်ကြောင့် အရေပြားအရောင်အနည်းငယ် ပြောင်းသွားတာ၊ ပျို့အန်တာတွေ ဖြစ်တတ်ပေမယ့် ကုသမှုပြီးရင် လအနည်းငယ်မှာ သက်သာသွားပါတယ်။

(၃) ဓာတုနည်းဖြင့်ဆေးသွင်းကုသခြင်း

ကင်ဆာဆဲလ်တွေကို ကျုံ့သွားအောင် ဖျက်ဆီးလိုက်တာပါ။ ခွဲစိတ်ကုသမှုမလုပ်ခင် နဲ့ ခွဲစိတ်မှုလုပ်ပြီးချိန်မှာ တွဲပြီး ကုသလေ့ရှိပါတယ်။ ရောဂါလက္ခဏာတွေကိုသက်သာစေပါတယ်။ ကင်ဆာဆဲလ်သာမက ခန္ဓာကိုယ်ထဲရှိ ဆဲလ်အကောင်းတွေပါ ပျက်စီးနိုင်တာကြောင့် ဆံပင်ကျွတ်တာ၊ ပျို့အန်တာ၊ နှုန်းတာ တွေခံစားရတတ်ပါတယ်။

(၄) ဆေးဖြင့်ကုသခြင်း

ကင်ဆာဆဲလ်ပွားစေတဲ့ မျိုးရိုးဗီဇ၊ ပရိုတိန်းနဲ့ တစ်သျှူးတွေကို နှိမ်နှင်းနိုင်တဲ့ ပဋိပစ္စည်း(antibodies)ဆေးနဲ့ ကုသတာပါ။

အူမကြီးကင်ဆာဖြစ်နိုင်ချေများတဲ့သူတွေဟာ နေထိုင်စားသောက်မှုပုံစံကို ပြုပြင်ပြောင်းလဲပြီး နေထိုင်မယ်ဆိုရင် အူမကြီးကင်ဆာဖြစ်ပွားမှုကို အတိုင်းအတာတစ်ခုထိ ကာကွယ်နိုင်ပါတယ်။ ဆေးလိပ်ဖြတ်ဖို့ ကြိုးစားပါ။ အရက်အလွန်အကျွံမသောက်မိအောင် သတိထားပါ။ ကိုယ်အလေးချိန်ထိန်းပါ။ အသီးအရွက် များများစားပြီး အဆီနှင့် အနီရောင်အသား၊ ပြုပြင်ထားတဲ့အစားအစာကိုလျော့စားပါ။ မိဘမောင်နှမသားချင်းမှာ အူမကြီးကင်ဆာဖြစ်ဖူးသူဆိုရင် ပုံမှန်ကျန်းမာရေးစစ်ဆေးပါ။ စောစောကုသမှု ခံယူလေ  ရလဒ်ကောင်းရလေမို့ အူမကြီးကင်ဆာသံသယဖြစ်ဖွယ် လက္ခဏာတွေတွေ့ရင် ဆရာဝန်နှင့် သေချာ ပြသတိုင်ပင်ဖို့ အကြံပြုလိုက် ပါတယ်။

Share Now: