ခေါင်းတစ်ခြမ်းကိုက်ခြင်း ဆိုတာဘာလဲ?
ခေါင်းတစ်ခြမ်းကိုက်ခြင်း ဆိုတာကတော့ ပြင်းထန်ပြီး ခေါင်းထိုးကိုက်တဲ့ရောဂါတစ်မျိုးဖြစ်ပြီး များသောအားဖြင့် ခေါင်းတစ်ခြမ်းကိုက်တတ်ကြပါတယ်။ တစ်ခါဖြစ်ပြီဆိုရင် နာရီပိုင်းလောက်ကနေစပြီး ရက်နဲ့ချီကြာနိုင်သလို အရမ်းပြင်းထန်လာတဲ့အခါမှာ နေ့စဉ်လှုပ်ရှားသွားလာနေမှုတွေကိုပါ ထိခိုက်နိုင်ပါတယ်။
ဘာတွေက ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ဖြစ်စေလဲ?
- အမျိုးသမီးများမှာ ဟော်မုန်းအပြောင်းအလဲများ
- အရက်၊ ၀ိုင်၊ ကော်ဖီစတာတွေ အသောက်များခြင်း
- စိတ်ဖိစီးမှု
- ကျယ်လောင်တဲ့အသံများ၊ အရမ်းစူးတဲ့အလင်းရောင်များ၊ စူးရှတဲ့အနံ့များ
- အိပ်ချိန်မမှန်ခြင်း၊ အိပ်ရေးမ၀ခြင်း
- ကိုယ်ကာယလှုပ်ရှားမှုများ
- ရာသီဥတုအပြောင်းအလဲများ
- သွေးကြောကျယ်စေတဲ့ဆေးများ၊ ကိုယ်ဝန်တားဆေးများ
- အစာများထဲပါဝင်တဲ့ အချိုမှုန့်များ၊ ဟင်းခပ်မှုန့်များ ကြောင့် ခေါင်းကိုက်တတ်ပါတယ်။
ခေါင်းတစ်ခြမ်းကိုက်ပြီဆိုရင် ဘယ်လိုတွေခံစားရတတ်လဲ?
ခေါင်းတစ်ခြမ်းကိုက်ခြင်းကတော့ ကလေး၊ လူကြီးအရွယ်မရွေးဖြစ်တတ်ပြီး
Prodrome, Aura, Attack, Postdrome ဆိုပြီး အဆင့် ၄ ဆင့်ဖြစ်တတ်ပါတယ်။
Prodrome
Prodrome ဆိုတာက ခေါင်းတစ်ခြမ်းကိုက်ခြင်း မခံစားရခင် ၁ ရက် ၂ ရက်လောက်အလိုမှာ ပြတတ်တဲ့ရှေ့ပြေးလက္ခဏာတွေ ဖြစ်ပါတယ်။ ဖြစ်တတ်တဲ့လက္ခဏာတွေကတော့
- ဝမ်းချုပ်ခြင်း
- စိတ်ခံစားမှုများပြောင်းလဲခြင်း (စိတ်ဓါတ်ကျနေရာမှ ရုတ်တရက်ပျော်ရွှင်လာခြင်း)
- အစာတစ်မျိုးမျိုးကို အရမ်းစားချင်လာခြင်း
- လည်ပင်း၊ ဇာတ်တောင့်တင်းလာခြင်း
- ဆီးသွားများလာခြင်း
- ခဏခဏသန်းဝေပြီးအိပ်ချင်လာခြင်း
Aura
Aura ဆိုတာကတော့ ပြန်ပြောင်းနိုင်တဲ့ အာရုံကြောဆိုင်ရာ လက္ခဏာတချို့ဖြစ်ပါတယ်။ တချို့လူတွေမှာ ခေါင်းတစ်ခြမ်းမကိုက်ခင်မှာဖြစ်တတ်ပြီး တချို့ကတော့ ခေါင်းကိုက်နေတုန်းမှာလဲ ဖြစ်တတ်ပါတယ်။ Aura လက္ခဏာများဟာ တဖြည်းဖြည်းချင်းမိနစ်အနည်းငယ်မှ ၁နာရီလောက်အထိကြာတတ်ပါတယ်။ ဖြစ်တတ်တဲ့လက္ခဏာတွေကတော့ :-
- ပုံသဏ္ဍန်မျိုးစုံမြင်နေရခြင်း၊ အစက်အပျောက်များ၊ အလင်းရောင်များမြင်ရခြင်း
- အမြင်အာရုံခဏပျောက်ကွယ်သွားခြင်း
- လက်မောင်းနှင့် ခြေထောက်များမှာ အပ်နှင့်ထိုးသလိုတဆစ်ဆစ်ခံစားရခြင်း
- မျက်နှာနှင့် ကိုယ်ခန္ဓာတစ်ခြမ်း ထုံကျဉ်ခြင်း၊ အားလျော့လာခြင်း
- စကားပြောရခက်ခဲလာခြင်း
Attack
Attack ကတော့ ခေါင်းကိုက်ဝေဒနာ တကယ်ခံစားနေရတဲ့အချိန်ဖြစ်ပြီး မကုသဘဲထားရင် ၄ နာရီမှ ၇၂ နာရီလောက်အထိ ကြာမြင့်နိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ခြင်းက ဘယ်လောက်ကြာရင်တစ်ခါဖြစ်တတ်လဲဆိုတာကတော့ တစ်ယောက်နဲ့တစ်ယောက်မတူပါဘူး။ ဝေဒနာ ခံစားနေရတုန်းမှာ
- ခေါင်းတစ်ခြမ်းကိုက်တာ၊ တစ်ခါတစ်လေခေါင်းတစ်ခုလုံးကိုက်တာ
- အလင်း၊ အသံများကိုမခံနိုင်တာ၊ တစ်ခါတစ်ရံ အထိအတွေ့၊ အနံ့တွေကိုပါမခံနိုင်တာ
- မူးမော်ပြီး အန်တာတွေ ဖြစ်တတ်ပါတယ်။
Postdrome
ဒါကတော့ ခေါင်းကိုက်ပြီးသွားတဲ့အခြေအနေပါ။ ဒီကာလမှာ တစ်ကိုယ်လုံးအားမရှိတာ၊ အာရုံထွေပြားနေတာမျိုး တစ်ရက်လောက်အထိခံစားရတတ်ပါတယ်။
ခေါင်းတစ်ခြမ်းကိုက်ခြင်းဟာ ပုံမှန်အားဖြင့်တော့ ဆေးရုံဆေးခန်းအမြဲသွားကုသနေရတဲ့ရောဂါမျိုးတော့မဟုတ်ပါဘူး။ ဒါပေမယ့် ခေါင်းအရမ်းကိုက်ပြီး မိုးချုန်းသလိုပြင်းပြင်းထန်ထန်ခေါင်းကိုက်တာမျိုး၊ ကိုယ်အပူချိန်တက်တာ၊ လည်ပင်းတောင့်တင်းတာ၊ ခေါင်းကိုက်ရင်းတက်သွားတာ၊ မြင်ကွင်း၂ထပ်ဖြစ်လာတာ၊ ခန္ဓာကိုယ်အနှံ့ထုံကျဉ်လာတာမျိုးတွေခံစားလာရရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းများမှာ အမြန်ဆုံးပြသပြီး ကုသမှုခံယူဖို့ အကြံပြုလိုပါတယ်။