AMI Life News

ခေါင်းကိုက်တာကို တစ်ခြမ်းပဲ ကိုက်ဖူးလား။ဘာတွေက ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ဖြစ်စေလဲ?

ခေါင်းတစ်ခြမ်းကိုက်ခြင်း ဆိုတာဘာလဲ?

ခေါင်းတစ်ခြမ်းကိုက်ခြင်း ဆိုတာကတော့ ပြင်းထန်ပြီး ခေါင်းထိုးကိုက်တဲ့ရောဂါတစ်မျိုးဖြစ်ပြီး များသောအားဖြင့် ခေါင်းတစ်ခြမ်းကိုက်တတ်ကြပါတယ်။ တစ်ခါဖြစ်ပြီဆိုရင် နာရီပိုင်းလောက်ကနေစပြီး ရက်နဲ့ချီကြာနိုင်သလို အရမ်းပြင်းထန်လာတဲ့အခါမှာ နေ့စဉ်လှုပ်ရှားသွားလာနေမှုတွေကိုပါ ထိခိုက်နိုင်ပါတယ်။

ဘာတွေက ခေါင်းတစ်ခြမ်းကိုက်ခြင်းကို ဖြစ်စေလဲ?

  • အမျိုးသမီးများမှာ ဟော်မုန်းအပြောင်းအလဲများ
  • အရက်၊ ၀ိုင်၊ ကော်ဖီစတာတွေ အသောက်များခြင်း
  • စိတ်ဖိစီးမှု
  • ကျယ်လောင်တဲ့အသံများ၊ အရမ်းစူးတဲ့အလင်းရောင်များ၊ စူးရှတဲ့အနံ့များ
  • အိပ်ချိန်မမှန်ခြင်း၊ အိပ်ရေးမ၀ခြင်း
  • ကိုယ်ကာယလှုပ်ရှားမှုများ
  • ရာသီဥတုအပြောင်းအလဲများ
  • သွေးကြောကျယ်စေတဲ့ဆေးများ၊ ကိုယ်ဝန်တားဆေးများ
  • အစာများထဲပါဝင်တဲ့ အချိုမှုန့်များ၊ ဟင်းခပ်မှုန့်များ ကြောင့် ခေါင်းကိုက်တတ်ပါတယ်။

ခေါင်းတစ်ခြမ်းကိုက်ပြီဆိုရင် ဘယ်လိုတွေခံစားရတတ်လဲ?

ခေါင်းတစ်ခြမ်းကိုက်ခြင်းကတော့ ကလေး၊ လူကြီးအရွယ်မရွေးဖြစ်တတ်ပြီး

Prodrome, Aura, Attack, Postdrome ဆိုပြီး အဆင့် ၄ ဆင့်ဖြစ်တတ်ပါတယ်။

Prodrome

Prodrome ဆိုတာက ခေါင်းတစ်ခြမ်းကိုက်ခြင်း မခံစားရခင် ၁ ရက် ၂ ရက်လောက်အလိုမှာ ပြတတ်တဲ့ရှေ့ပြေးလက္ခဏာတွေ ဖြစ်ပါတယ်။ ဖြစ်တတ်တဲ့လက္ခဏာတွေကတော့

  • ဝမ်းချုပ်ခြင်း
  • စိတ်ခံစားမှုများပြောင်းလဲခြင်း (စိတ်ဓါတ်ကျနေရာမှ ရုတ်တရက်ပျော်ရွှင်လာခြင်း)
  • အစာတစ်မျိုးမျိုးကို အရမ်းစားချင်လာခြင်း
  • လည်ပင်း၊ ဇာတ်တောင့်တင်းလာခြင်း
  • ဆီးသွားများလာခြင်း
  • ခဏခဏသန်းဝေပြီးအိပ်ချင်လာခြင်း

Aura

Aura ဆိုတာကတော့ ပြန်ပြောင်းနိုင်တဲ့ အာရုံကြောဆိုင်ရာ လက္ခဏာတချို့ဖြစ်ပါတယ်။ တချို့လူတွေမှာ ခေါင်းတစ်ခြမ်းမကိုက်ခင်မှာဖြစ်တတ်ပြီး တချို့ကတော့ ခေါင်းကိုက်နေတုန်းမှာလဲ ဖြစ်တတ်ပါတယ်။ Aura လက္ခဏာများဟာ တဖြည်းဖြည်းချင်းမိနစ်အနည်းငယ်မှ ၁နာရီလောက်အထိကြာတတ်ပါတယ်။ ဖြစ်တတ်တဲ့လက္ခဏာတွေကတော့ :-

  • ပုံသဏ္ဍန်မျိုးစုံမြင်နေရခြင်း၊ အစက်အပျောက်များ၊ အလင်းရောင်များမြင်ရခြင်း
  • အမြင်အာရုံခဏပျောက်ကွယ်သွားခြင်း
  • လက်မောင်းနှင့် ခြေထောက်များမှာ အပ်နှင့်ထိုးသလိုတဆစ်ဆစ်ခံစားရခြင်း
  • မျက်နှာနှင့် ကိုယ်ခန္ဓာတစ်ခြမ်း ထုံကျဉ်ခြင်း၊ အားလျော့လာခြင်း
  • စကားပြောရခက်ခဲလာခြင်း

Attack

Attack ကတော့ ခေါင်းကိုက်ဝေဒနာ တကယ်ခံစားနေရတဲ့အချိန်ဖြစ်ပြီး မကုသဘဲထားရင် ၄ နာရီမှ ၇၂ နာရီလောက်အထိ ကြာမြင့်နိုင်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ခြင်းက ဘယ်လောက်ကြာရင်တစ်ခါဖြစ်တတ်လဲဆိုတာကတော့ တစ်ယောက်နဲ့တစ်ယောက်မတူပါဘူး။ ဝေဒနာ ခံစားနေရတုန်းမှာ

  • ခေါင်းတစ်ခြမ်းကိုက်တာ၊ တစ်ခါတစ်လေခေါင်းတစ်ခုလုံးကိုက်တာ
  • အလင်း၊ အသံများကိုမခံနိုင်တာ၊ တစ်ခါတစ်ရံ အထိအတွေ့၊ အနံ့တွေကိုပါမခံနိုင်တာ
  • မူးမော်ပြီး အန်တာတွေ ဖြစ်တတ်ပါတယ်။

Postdrome

ဒါကတော့ ခေါင်းကိုက်ပြီးသွားတဲ့အခြေအနေပါ။ ဒီကာလမှာ တစ်ကိုယ်လုံးအားမရှိတာ၊ အာရုံထွေပြားနေတာမျိုး တစ်ရက်လောက်အထိခံစားရတတ်ပါတယ်။

ခေါင်းတစ်ခြမ်းကိုက်ခြင်းဟာ ပုံမှန်အားဖြင့်တော့ ဆေးရုံဆေးခန်းအမြဲသွားကုသနေရတဲ့ရောဂါမျိုးတော့မဟုတ်ပါဘူး။ ဒါပေမယ့် ခေါင်းအရမ်းကိုက်ပြီး မိုးချုန်းသလိုပြင်းပြင်းထန်ထန်ခေါင်းကိုက်တာမျိုး၊ ကိုယ်အပူချိန်တက်တာ၊ လည်ပင်းတောင့်တင်းတာ၊ ခေါင်းကိုက်ရင်းတက်သွားတာ၊ မြင်ကွင်း၂ထပ်ဖြစ်လာတာ၊ ခန္ဓာကိုယ်အနှံ့ထုံကျဉ်လာတာမျိုးတွေခံစားလာရရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းများမှာ အမြန်ဆုံးပြသပြီး ကုသမှုခံယူဖို့ အကြံပြုလိုပါတယ်။

Share Now: