AMI Life News

စိတ်ကျန်းမာရေး မထိခိုက်အောင် ကာကွယ်ခြင်းက အရေးကြီးပါတယ်

ဂရုပြုသင့်တဲ့ စိတ်ကျန်းမာရေး 

စိတ်ကျန်းမာရေးဆိုတာက လူတစ်ဦးရဲ့ကျန်းမာရေးမှာ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ လူသားတစ်ဦးရဲ့ကျန်းမာရေးလို့ဆိုလိုက်ရင် ခန္ဓာကိုယ်ကျန်းမာရေးတစ်ခုထဲကို ဂရုစိုက်နေရုံနဲ့မရဘဲ ကိုယ်ရောစိတ်ပါကျန်းမာမှ ပြည့်စုံတဲ့ကျန်းမာရေးအစစ်အမှန်ကို ရရှိနိုင်မှာပါ။ ဒီတစ်ခါမှာတော့ စိတ်ကျန်းမာရေးကို ဘယ်လိုဂရုစိုက်ရမလဲဆိုတာကို အနည်းငယ်ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ 

စိတ်ကျန်းမာရေးက ဘာတွေအပေါ်မူတည်နေလဲ? 

လူမှုဆက်ဆံရေး၊ စိတ်ခံစားချက်များဟာ ဘယ်လိုအချိန်မှာမဆို လူတစ်ဦးရဲ့စိတ်ကျန်းမာရေးအပေါ် သက်ရောက်မှုရှိစေတဲ့အချက်များဖြစ်ပါတယ်။ ဥပမာ- အကြမ်းဖက်ခံရတာတွေ၊ လူမှုရေး/ စီးပွားရေးအခက်အခဲများ ကြုံတွေ့ရတာတွေက စိတ်ဖိစီးမှုများစေပြီး စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ရုတ်တရက်လူနေမှုဘ၀ပြောင်းလဲသွားခြင်း၊ အလုပ်ခွင်အတွင်းစိတ်ဖိစီးမှုများပြားခြင်း၊ ကျားမခွဲခြားဆက်ဆံခံရခြင်း၊ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းမှ ဖယ်ကျဉ်ခံရခြင်း၊ ကျန်းမာရေးနဲ့မကိုက်ညီတဲ့နေထိုင်မှုပုံစံနှင့် ခန္ဓာကိုယ်ကျန်းမာရေးများဟာလဲ စိတ်ကျန်းမာရေးအပေါ်သက်ရောက်မှုရှိပါတယ်

စိတ်ကျန်းမာရေးထိခိုက်မှုမရှိအောင် ဘယ်လိုတွေကာကွယ်နိုင်သလဲ? 

အဓိကကတော့ မိမိကိုထောက်ခံအားပေးတဲ့ပတ်ဝန်းကျင်တစ်ခုရှိဖို့အရေးကြီးပါတယ်။ စိတ်ကျန်းမာရေးကို မြှင့်တင်ပေးနိုင်တဲ့အရာတချို့ကတော့ … 

  • ကလေးဘ၀ထဲက စိတ်ဒဏ်ရာမရအောင် ကာကွယ်ပေးခြင်း 
  • အမျိုးသမီးများကိုခွဲခြားဆက်ဆံတာမျိုးမဟုတ်ဘဲ တန်းတူဆက်ဆံခြင်း 
  • သက်ကြီးရွယ်အိုများအတွက် အထီးကျန်မှုမရှိစေရအောင် ပံ့ပိုးကူညီပေးတဲ့ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးခြင်း 
  • ထိခိုက်လွယ်သူများအား လုံခြုံမှု၊ ကာကွယ်မှုပေးခြင်း 
  • ကျောင်းများမှာ စိတ်ကျန်းမာရေးမြှင့်တင်ပေးတဲ့အစီအစဉ်များ ပြုလုပ်ပေးခြင်း 
  • အလုပ်ခွင်အတွင်းစိတ်ဖိအားလျော့နိုင်သမျှလျော့နည်းအောင် စီစဉ်ပေးခြင်း 
  • အကြမ်းဖက်မှုများမှ ကာကွယ်ပေးခြင်း 
  • ဆင်းရဲမွဲတေမှု လျှော့ချသည့်အစီအစဉ်များဆောင်ရွက်ပေးခြင်း များပဲဖြစ်ပါတယ်။ 

စိတ်ကျန်းမာရေးထိခိုက်ပြီဆိုရင် ဘယ်လိုကုသရမလဲ? 

စိတ်ဓာတ်ကျနေတဲ့သူများကို ပတ်ဝန်းကျင်မှ စိတ်ပိုင်းဆိုင်ရာဖေးမပြီး ပံ့ပိုးကူညီပေးတာမျိုး လုပ်ပေးလို့ရတဲ့အပြင် အရမ်းဆိုးဝါးတဲ့ စိတ်ဓာတ်ကျရောဂါခံစားနေရသူများကို ဆရာဝန်နဲ့ပြသတိုင်ပင်ပြီး ဆေးကုသပေးတာမျိုးပြုလုပ်ပေးနိုင်ပါတယ်။ စိတ်ရောဂါခံစားနေရသူများကိုလဲ ရှောင်ဖယ်မထားဘဲ ကုသမှုခံယူနိုင်အောင်အတတ်နိုင်ဆုံးကူညီပေးတာမျိုး၊ စိတ်ပိုင်းဆိုင်ရာအားပေးတာမျိုးတွေ ပြုလုပ်ပေးနိုင်ပါတယ်

စိတ်ကျန်းမာရေးထိခိုက်တယ်ဆိုတာက အားငယ်စရာကိစ္စမဟုတ်ဘဲ သက်ဆိုင်ရာ ကျွမ်းကျင်တဲ့ဆရာဝန်များနဲ့ ပြသပြီးဆွေးနွေးမှုခံယူသင့်ပါတယ်။

Share Now: