AMI Life News

ဆောင်းအအေးဒဏ်ကြောင့် ခေါင်းကိုက်ခြင်းကို ဘယ်လိုသက်သာအောင် ပြုလုပ်နိုင်လဲ?

ဆောင်းရာသီ‌ရောက်ရင် လူတွေဟာ အပူချိန်ပြောင်းလဲတာတစ်ခုပဲ ခံစားရတာမဟုတ်ပါဘူး။ လေအေးတွေကြောင့် လေထုဖိအားကျတဲ့အခါမှာ မျက်လုံး၊ နှာခေါင်း၊ နဖူးတဝိုက်မှာ ခပ်‌တင်းတင်းနဲ့ မသက်မသာဖြစ်တာ၊ နားကိုက်တာတွေ ဖြစ်နိုင်ပါတယ်။ လေအေးက အစိုဓာတ်မရှိဘဲ ခြောက်သွေ့ရင် ခေါင်းကိုက်တာက ပိုတောင်ဆိုးနိုင်ပါတယ်။ 

တကယ်လို့ သင်က ဆောင်းရာသီရောက်တိုင်း ခေါင်းကိုက်တာပိုဖြစ်လွယ်တယ်ဆိုရင်တော့ အောက်ပါနည်းလမ်းတွေနဲ့ သက်သာအောင်ပြုလုပ်နိုင်ပါတယ်။  

✅ ကျန်းမာ‌စွာ စားသောက်ပါ 

ပြည့်ဝမျှတတဲ့အစားအသောက်က ခန္ဓာကိုယ်ကိုကျန်းမာ‌စေလို့ ရာသီဥတုကြောင့်ဖြစ်တဲ့ ခေါင်းကိုက်ခြင်းမျိုးကို သက်သာစေနိုင်ပါတယ်။ အသီးအနှံတွေ၊ ပရိုတင်းတွေက ခေါင်းကိုက်နိုင်ခြေကိုလျော့နည်းသက်သာစေပါတယ်။ ပူပူနွေးနွေးစွပ်ပြုတ်လေးတွေကလည်း သင့်ကိုပိုပြီး နေလို့ထိုင်လို့ကောင်းစေပါတယ်။ 

✅ ရေဓာတ်ပြည့်ဝအောင်နေပါ 

ဦးနှောက်ရဲ့ လေးပုံသုံးပုံက ရေနဲ့ဖွဲ့စည်းထားတာပါ။ ရေဓာတ်နည်းတဲ့အခါ ဦးနှောက်က ဟစ်စတမင်း(Histamine) ထုတ်လို့ ခေါင်းကိုက်တာ၊ အားမရှိတာတွေဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဦးနှောက်က Histamine ထုတ်တာကိုတားဆီးဖို့ တစ်နေ့ အနည်းဆုံး ရေရှစ်ခွက်သောက်သုံးဖို့လိုပါတယ်။ 

✅ စိတ်ဖိစီးမှုနည်းအောင် နေထိုင်ပါ 

လူ့ဘဝဆိုတာ စိတ်ဖိစီးစရာတွေရှိတယ်ဆိုပေမဲ့လည်း သင့်ရဲ့တုံ့ပြန်မှုက သင့်ကျန်းမာရေးအပေါ် များစွာအကျိုးသက်ရောက်ပါတယ်။ အလုပ်နဲ့ကိုယ်ရေးကိုယ်တာကို ခွဲခြားအချိန်ပေးတတ်တဲ့ ဟန်ချက်ညီတဲ့ဘဝက စိတ်ဖိစီးမှုလျော့နည်းပြီး ကျန်းမာပျော်ရွှင်စေပါတယ်။ 

✅ လုံလောက်အောင် အနားယူပါ 

အိပ်စက်တယ်ဆိုတာ သင့်ခန္ဓာကိုယ်နဲ့စိတ်က နောက်တစ်နေ့အတွက် အားပြန်ဖြည့်ခြင်းဖြစ်ပါတယ်။ သေချာအနားမယူရင် ခွန်အားယုတ်လျော့ပြီး မှတ်ဉာဏ်လည်းထိခိုက်နိုင်ပါတယ်။ တစ်နေ့ကို ၇-၈ နာရီပြည့်အောင် အိပ်စက်ပါ။ လုံလောက်စွာအနားယူမှသာ ခေါင်းကိုက်ဝေဒနာကို အကောင်းဆုံးတိုက်ထုတ်နိုင်မှာပါ။ 

✅ ဆေးအများကြီး မသောက်ပါနဲ့ 

International Headache Society ပြောကြားချက်အရ ခေါင်းကိုက်ပျောက်ဆေးကို တစ်ပတ်နှစ်ကြိမ်ထက်ပိုသောက်တာက ဆေးကြောင့်ခေါင်းကိုက်တာမျိုး ဖြစ်လာနိုင်ပါတယ်။ ခေါင်းကိုက်ပျောက်ဆေး မကြာခဏသောက်ခြင်းက ခေါင်းကိုက်ဝေဒနာကိုပိုဆိုးစေပြီး ပိုဖြစ်စေပါတယ်။ ဒီလိုနဲ့ ခေါင်းကိုက်သံသရာ လည်တတ်ပါတယ်။ 

✅ ခေါင်းကိုက်မှတ်တမ်းထားပါ 

သင်ခေါင်းကိုက်တာက ရာသီဥတုကြောင့်လို့ သံသယရှိရင် နေ့စဉ်မှတ်တမ်းထားပြီး ရေးမှတ်အဖြေရှာကြည့်ပါ။ 

နေ့စဉ်မှတ်တမ်းထဲမှာ : 

▪️ခေါင်းကိုက်တဲ့ ‌နေ့နဲ့အချိန် 

▪️ခေါင်းကိုက်တဲ့ ကြာချိန် 

▪️ခေါင်းကိုက်တဲ့ လက္ခဏာ 

▪️ခေါင်းကိုက်တာ ပို‌သက်သာ/ပိုဆိုးစေတဲ့အရာ 

▪️စားသောက်တဲ့ အစားအသောက် 

▪️သောက်သုံးတဲ့ ရေပမာဏ 

▪️ရာသီဥတုအပြောင်းအလဲတွေရေးမှတ်ပါ။ 

ခေါင်းကိုက်မှတ်တမ်းကို ၁-၃ လလောက် ရေးမှတ်ပြီးရင် ဘယ်လိုမျိုးခေါင်းကိုက်တတ်တာလဲ၊ ရာသီဥတုနဲ့သက်ဆိုင်သလား သိလာနိုင်ပါတယ်။ နောက်ပြီး ဆရာဝန်နဲ့ပြသဆွေးနွေးတဲ့အခါမှာလည်း အထောက်အကူပေးနိုင်ကြောင်း ရေးသားမျှဝေလိုက်ပါတယ်။ 

Share Now: