AMI Life News

တစ်နေ့ကို ကော်ဖီဘယ်လောက်သောက်သင့်လဲ

မနက်အိပ်ရာထရင် (သို့) မနက်အလုပ်ကိုရောက်ရင် ကော်ဖီတစ်ခွက်သောက်လိုက်ရမှ လူက လန်းဆန်းပြီးနေလို့ကောင်းသွားတယ်ဆိုရင် ဒါကသင်တစ်ယောက်တည်းမဟုတ်ပါဘူး။ ကမ္ဘာတဝှမ်းရှိ လူသန်းပေါင်းများစွာဟာ အာရုံစူးစိုက်မှုကောင်းဖို့၊ တက်ကြွလန်းဆန်းဖို့ဆိုပြီး ကော်ဖီကိုသောက်သုံးနေကြပါတယ်။ ဒါပေမဲ့လည်း ဘယ်လောက်ကောင်းတဲ့အရာဖြစ်ဖြစ် “တန်‌ရင်ဆေး၊ လွန်ရင်ဘေး” မို့ တစ်နေ့ကို ကော်ဖီဘယ်လောက်သောက်သင့်လဲ သိထားဖို့လိုအပ်ပါတယ်။

☕ ကဖင်းပမာဏဘယ်လောက်ဆိုရင် ဘေးကင်းလဲ

ကျွမ်းကျင်ပညာရှင်တွေပြောကြားချက်အရ တစ်နေ့ကို ကဖင်း 400 mg က အရွယ်ရောက်ပြီးသူအများစုအတွက် ဘေးကင်းတယ်လို့ဆိုပါတယ်။ ယေဘုယျအားဖြင့် နှပ်ကော်ဖီ 240 ml တစ်ခွက်မှာ ကဖင်း 100 mg ခန့်ပါဝင်လို့ တစ်နေ့ကို ကော်ဖီ ၄-၅ ခွက်လောက်ဆိုရင် ကျန်းမာရေးအတွက် ဘေးကင်းပါတယ်။ တစ်ခုသတိပြုရမှာက ကဖင်းဓာတ်က ကော်ဖီမှာသာမဟုတ်ဘဲ လက်ဖက်ရည်၊ အချိုရည်စတဲ့ တချို့အစားအသောက်တွေမှာပါဝင်နေတတ်ပါတယ်။

☕ ကဖင်းက လူတိုင်းနဲ့တည့်လား

ကဖင်းက အရွယ်ရောက်ပြီးသူအများစုအတွက် ဘေးကင်းပေမဲ့ ကလေးတွေတော့ မသောက်သင့်ပါဘူး။ နောက်ပြီး တစ်ယောက်နဲ့တစ်ယောက် ခံနိုင်ရည်ချင်းမတူလို့ တချို့က ညဘက်ကော်ဖီသောက်ပြီး ချက်ချင်းအိပ်ပျော်ပေမဲ့ တချို့ကတော့ တော်ရုံနဲ့အိပ်မပျော်ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်နဲ့ နို့တိုက်မိခင်တွေမှာလည်း ဆရာဝန်နဲ့တိုင်ပင်ပြီး ချင့်ချိန်‌လျှော့သောက်ဖို့လိုပါတယ်။

တချို့ဆေးတွေ၊ အားဆေးတွေကလည်း ‌ကဖင်းနဲ့ဓာတ်ပြုတတ်လို့ ဆေးသောက်နေရတယ်ဆိုရင် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။

☕ ကော်ဖီလျှော့သောက်ဖို့ လိုအပ်တဲ့လက္ခဏာများ

အောက်ပါလက္ခဏာတွေ ခံစားနေရပြီဆိုရင်တော့ ကော်ဖီကိုလျှော့သောက်သင့်ပါပြီ။ ▪️ခေါင်းကိုက်ခြင်း 

▪️ညအိပ်မပျော်ခြင်း 

▪️ရင်တုန်ခြင်း 

▪️စိတ်ဆတ်ခြင်း 

▪️မကြာခဏဆီးသွားခြင်း 

▪️တုန်တုန်ရီရီဖြစ်ခြင်း စတာတွေခံစားလာရရင် ကော်ဖီကိုလျှော့သောက်ဖို့ လိုအပ်နေပါပြီ။

☕ ကဖင်းကို ဘယ်လိုလျှော့ချမလဲ

ကော်ဖီသောက်တဲ့ပမာဏကို လျှော့ချတာက အလွယ်ကူကြီးမဟုတ်ပေမဲ့ မဖြစ်နိုင်အောင် ခက်ခဲတာတော့မဟုတ်ပါဘူး။ အောက်ပါနည်းလမ်းတွေနဲ့ ကြိုးစားကြည့်နိုင်ပါတယ်။

▪️ကော်ဖီအပြင် ကဖင်းပါဝင်နိုင်တဲ့ တခြားအစားအသောက်တွေကို သတိပြုဆင်ခြင်စားသုံးပါ။

▪️ဖြည်းဖြည်းချင်းလျှော့ချပါ။ တစ်ခွက်လျှော့သောက်တာ၊ ခွက်အသေးနဲ့သောက်တာမျိုးနဲ့ စတင်ပါ။

▪️ကဖင်းဓာတ်လျှော့ထားတာကို ‌ရွေးချယ်ပါ။

▪️အကြာကြီးမနှပ်ပါနဲ့။

▪️Tea ဆိုရင်လည်း ကဖင်းမပါဝင်တဲ့ Herbal Tea ကိုရွေးချယ်ပါ။

ကဖင်းဆိုတာ လူအများစုအတွက် နေ့စဉ်မရှိမဖြစ်တဲ့အရာဆိုပေမဲ့လည်း ဖြစ်နိုင်တဲ့ဘေးထွက်ဆိုးကျိုးတွေကို သိထားသင့်ပြီး လိုအပ်လာရင်လည်း လျှော့သောက်နိုင်ဖို့ အရေးကြီးပါတယ်။ ကော်ဖီရဲ့အကျိုးကျေးဇူးကို အပြည့်အဝရချင်ရင် အသင့်အတင့်သောက်သုံးဖို့ ဘယ်တော့မှ မမေ့ပါနဲ့။

Share Now: