Search
Close this search box.
Search
Close this search box.

AMI Life News

နားကြပ်ခြင်းနှင့်ကျန်းမာရေး

သန့်ရှင်းတဲ့နားတစ်စုံဖြစ်ချင်လို့ပဲဖြစ်ဖြစ်၊ နားကြပ်ရတာ နှစ်သက်လို့ပဲဖြစ်ဖြစ် နားကြပ်တံမကြာခဏအသုံးပြုနေတဲ့သူဆိုရင်တော့ ဒီဆောင်းပါးက သင့်အတွက်ပါပဲ။ နားကြပ်တံက နားသန့်ရှင်းရေးအတွက် တကယ်ပဲကောင်းလား၊ နားသန့်ရှင်းရေးကို ဘယ်လိုမှန်ကန်စွာလုပ်ဆောင်မလဲ အစရှိတာတွေကို ရေးသားဖော်ပြသွားပါမယ်။  

၁။ နားဆိုတာ အများအားဖြင့် သူ့ဘာသာသူသန့်စင်ပါတယ်။ 

နားဆိုတာ သူ့ဘာသာသူသန့်ရှင်းအောင်လုပ်နိုင်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အများစုသိထားကြတာက နားဖာချေးဆိုတာ မသန့်ရှင်းလို့ဖြစ်တယ်ပေါ့။ တကယ်တော့ နာဖာချေးမှာ သဘာဝမှော်အစွမ်းတွေရှိနေပါတယ်။ နာဖာချေးဆိုတာ နားအရေပြားရှိ အရည်ဂလင်းတွေကထုတ်လိုက်တာဖြစ်ပြီး နားကိုချောမွေ့စေတယ်။ ဖုန်အမှုန်နဲ့ ဘက်တီးရီးယားတွေကိုဖမ်းပေးပြီး နားအပြင်ကိုထုတ်ပေးပါတယ်။ 

တကယ်တော့ နားဖာချေးဆိုတာ အကြားအာရုံကိုထိခိုက်လာမှ၊ အထဲမှာ ရေခိုဝင်နေမှသာ ပြဿနာပါ။ ပုံမှန်လူအများစုအတွက်ကတော့ နားကိုသူ့ဘာသာသူထားတာက ကောင်းပါတယ်။ 

၂။ နားကြပ်တံက အကောင်းထက် အဆိုးကိုပိုဖြစ်စေတယ်။ 

နားထဲမှာ နားဖာချေးတွေများနေလို့ သန့်ရှင်းရေးလုပ်မယ်ဆိုပြီး နားကြပ်တံကိုသုံးဖို့လုပ်နေတယ်ဆိုရင်တော့ မလုပ်ပါနဲ့၊ ရပ်လိုက်ပါ။ ဒါက ထိရောက်မှုမရှိတဲ့နည်းလမ်းတစ်ခုသာဖြစ်ပါတယ်။ တကယ်တမ်းကျ နားဖာချေးတွေကို ဟိုးအတွင်းထဲထိရောက်အောင် တွန်းပို့သလိုတောင်ဖြစ်နေနိုင်ပါတယ်။ နားလမ်းကြောင်းဆိုတာ အကွေ့၊ အခေါက်၊ အလိမ်တွေနဲ့မို့ ဟိုးအနက်ထဲရောက်သွားခဲ့ရင် သူ့ဘာသာသူထွက်လာဖို့ကမလွယ်တော့ပါဘူး။ 

နားရဲ့အတွင်းပိုင်းထဲကို ရောက်သွားပြီဆိုရင် အဲ့မှာပဲခိုကပ်ပြီး ပိတ်နေတော့မှာဖြစ်ပါတယ်။ 

၃။ အပြင်ကဝယ်တဲ့ နားဖာချေးဖယ်တဲ့ပစ္စည်းကိရိယာတွေကို မသုံးပါနဲ့။ 

စျေးကွက်ထဲမှာရောင်းတဲ့ ပစ္စည်းကိရိယာတွေအများစုက အသုံးမဝင်တာနဲ့ အန္တရာယ်များတာပဲရှိပါတယ်။ နားဖာချေးဆိုတာ သေချာဂရုတစိုက်နဲ့ဖယ်ရှားရတာမို့ အိမ်မှာလုပ်တာက အန္တရာယ်များပါတယ်။ နားအတွင်းပိုင်းက နားစည်နဲ့နီးတာမို့ အခန့်မသင့်လို့ထိခိုက်မိခဲ့ရင် သွေးထွက်တာ၊ နားစည်ပေါက်တာတွေဖြစ်လာနိုင်ပါတယ်။ 

၄။ နားရွက်ကို သန့်ရှင်းရေးလုပ်ပါ 

တကယ်လို့ နားဝမှာနားဖာချေးတွေမြင်နေရတာ မကြိုက်ဘူးဆိုရင် ရေချိုးတဲ့အခါမှာ အဝတ်နဲ့သုတ်တာပဲဖြစ်ဖြစ်၊ ရေချိုးပြီးနောက် အဝတ်ခြောက်နဲ့သုတ်တာပဲဖြစ်ဖြစ်ပြုလုပ်နိုင်ပါတယ်။ နားကသူ့ဘာသာသူ နားဖာချေးကို အပြင်ဘက်တွန်းပို့မှာမို့ နားအပြင်ဘက်ကိုပုံမှန်သန့်ရှင်းရေးလုပ်ရုံနဲ့ အများစုကလုံလောက်ပါတယ်။ 

ကဲဒါဆိုရင်တော့ နားကြပ်တံက နားကျန်းမာရေးအတွက် ရှောင်ကြဉ်သင့်တဲ့အရာဆိုတာ နားလည်သဘောပေါက်ပြီထင်ပါတယ်။ နားကြပ်တံကြောင့် နားဖာချေးတွေထိုးသိပ်ခံရပြီး အရမ်းများလာရင် နားယာတာ၊ အသံကောင်းကောင်းမကြားရတာတွေဖြစ်လာနိုင်ပါတယ်။ တကယ်လို့ နားဖာချေးကြောင့်/‌ရေဝင်တဲ့အတွက်ကြောင့် အကြားအာရုံတစ်ခုခုလာရင်တော့ ဆရာဝန်နဲ့ပြသဖို့လိုအပ်ကြောင်း မျှဝေလိုက်ပါတယ်။ 

Share Now: