AMI Life News

နှလုံးရောဂါအခံရှိသော ကိုယ်ဝန်ဆောင်များ

ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ ကလေးမယူခင်ကတည်းက နှလုံးရောဂါအမျိုးအစားကွဲများ ဖြစ်သော မွေးရာပါ နှလုံးရောဂါ၊ နှလုံးကြွက်သား ထူပိန်း၍ ကောင်းစွာမညှစ်နိုင်ခြင်း၊ နှလုံးအဆို့ရှင် ပိုးဝင်ခြင်း၊ ကျဥ်းခြင်း၊ မလုံခြင်း၊ နှလုံးခုန်နှုန်းနှင့် စည်းချက်မမှန်ခြင်း၊ နှလုံးသွေးကြောကျဥ်းခြင်း၊ ပိတ်ခြင်း စသည်ဖြင့် ရောဂါအခံရှိနေပါက ရိုးရိုး ကိုယ်ဝန်ဆောင်များထက် ပိုသတိပြုရပါတယ်။

အချို့သော နှလုံးအဆို့ရှင် ကျဥ်းသော အမျိုးသမီးများဆိုလျှင် အဆို့ရှင်ကို ခွဲစိတ်ပြုပြင် ပြီးမှသာ ကိုယ်ဝန် ဆောင်ရသလို အချို့သောမွေးရာပါ နှလုံးရောဂါ ရှိသူဆိုလျှင် ကိုယ်ဝန်ဆောင်ရန်ပင် ဝန်မထမ်းနိုင်လောက်အောင် အားနည်းတတ်ပါတယ်။


ကိုယ်ဝန်ဆောင်ချိန်၊ မီးဖွားချိန်၊ မီးဖွားပြီးချိန် သွေးလည်ပတ်မှုစနစ်ဟာ ပုံမှန်အချိန် နှင့်တူသလား?

မိခင်ကိုယ်တိုင်အတွက်ရော ကလေးအတွက်ပါ သွေး၊ အောက်စီဂျင်၊ အာဟာရ နှစ်ကိုယ်စာလိုလာတဲ့အခါ မိခင်ရဲ့ နှလုံးဟာ ပုံမှန်ထပ် တစ်မိနစ်ကို ၅-၇ လီတာအထိ ပိုမိုစီးဆင်းလည်ပတ်နိုင်ဖို့ အားစိုက်ညှစ်ရပါတယ်။

နှလုံးခုန်နှုန်း တစ်မိနစ်ကို ၁၀-၁၅ ကြိမ်ထိ အနည်းငယ်ပိုမြန်နေတတ်ပါတယ်။

ကျောက်ကပ်ဆီသို့ သွေးပိုမို စီးဆင်းရပါတယ်။

အပေါ်သွေးပေါင်နဲ့ အောက်သွေးပေါင် ကွာဟမှု ပုံမှန်ထပ် ပိုပါတယ်။ (ပုံမှန် သွေးပေါင်ချိန် 120/80 မှာ ကွာဟမှု 40 ရှိတာဟာ ပုံမှန်ဖြစ်သလို ကိုယ်ဝန်ဆောင်မိခင်တစ်ဦး ဥပမာ သွေးပေါင်ချိန် 130/70ရှိခြင်း ဒါဟာ ကိုယ်ဝန်ကြောင့် သဘာဝအတိုင်း ကွာဟနေမှုဖြစ်နိုင်တယ်လို့ ဆိုလိုတာပါ)

မီးဖွားပြီးချိန်မှာတော့ ဒီဖြစ်စဥ်တွေဟာ ပုံမှန်ပမာဏနှုန်းထားတွေကို ပြန်ကျသွားမှာပါ။

ဒီလို နှလုံး၏သွေးညှစ်ထုတ်နှုန်း၊ သွေးပေါင်ချိန်နှင့် သွေးခုန်နှုန်း အပြောင်းအလဲတွေဟာ ရိုးရိုး ကိုယ်ဝန်ဆောင်တွေအတွက် အရမ်းစိုးရိမ်စရာ မရှိနိုင်ပေမဲ့ နှလုံးအားနည်းသူ ကိုယ်ဝန်ဆောင်တွေ အတွက်တော့ နှစ်ဆ၊ သုံးဆ ပိုမိုရင်ဆိုင်ကျော်လွှားရမှာပါ။

နှလုံးရောဂါနှင့် ကိုယ်ဝန်ဒွန်တွဲနေလျှင် မိခင်နဲ့ ကလေး အပေါ် ဘယ်လိုသက်ရောက်လဲ?

မိခင်မှာ ကိုယ်ဝန်ကြောင့် နှလုံးရောဂါအခံဝေဒနာများ ပြန်လည်ပေါ်ပေါက်လာကာ သေဆုံးသည်အထိ ဖြစ်တတ်ပါတယ်။

ဝမ်းတွင်းရှိ သန္ဓေသားမှာလည်း ကြီးထွားဖွံဖြိုးမှု မရှိခြင်း၊ ပေါင်မပြည့် လမစေ့ဘဲ မွေးဖွားလာခြင်း၊ ကလေးအဖတ်မတင်ခြင်း၊ မွေးရာပါနှလုံးရောဂါနဲ့ မွေးဖွားလာခြင်း စသည်ဖြင့် အကျိုးဆက်များကို သိရှိထားသင့်ပါတယ် ဒါကြောင့် ကိုယ်ဝန်ဆောင်ဖို့ စဥ်းစားသည်မှစ ကိုယ်ဝန်ဆောင်ချိန်၊ မီးတွင်းကာလ၊ မီးဖွားပြီးချိန် သားဆက်ခြားခြင်း အထိပါ နှလုံးအထူးကုဆရာဝန်၊ သားဖွားမီးယပ်ဆရာဝန်တို့နှင့် ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

မိခင်အနေနဲ့ ဘယ်လိုအချက်တွေ သိထားသင့်ပြီး ဆင်ခြင်သင့်သလဲ?

  • ကိုယ်ဝန်စရှိချိန်မှစ၍ သားဖွားမီးယပ်ထံ စနစ်တကျ ကိုယ်ဝန်အပ်နှံကာ ရက်ချိန်းအတိုင်း မပျက်မကွက် ပြသပါ။
  • သွေးအားနည်းခြင်း၊ သွေးပေါင်တက်ခြင်း၊ အသက်ရှူလမ်းကြောင်းနှင့် ဆီးလမ်းကြောင်း ပိုးဝင်ခြင်း စသည်ဖြင့် နှလုံးအားနည်းခြင်းကို ပိုဆိုးစေနိုင်တဲ့ ထပ်ဆောင်းအဟန့်အတားများကို ရှောင်ရှားနိုင်ဖို့ သံဓာတ်၊ ကလေး အတွက်ကြီးထွားဖွံ့ဖြိုးစေသော ဖောလစ်အက်စစ်ဓာတ် ပါဝင်သော ကိုယ်ဝန်ဆောင်အားဆေးများကို ညွှန်ကြားသည့်အတိုင်း မှန်မှန်မှီဝဲပါ။
  • အာဟာရပြည့်ဝသော အစားအစာများ ရွေးချယ် စားသောက်ပါ၊ အငန်၊ အချို၊ အဆီ လျှော့စားပါ။
  • ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများ ရှောင်ကြဥ်ပါ။
  • မောပန်းရင်တုန်ခြင်း၊ သွေးအန်ခြင်း၊ ဖျားခြင်း၊ အဆစ်အမြစ်ကိုက်ခြင်း၊ ပြာနှမ်းခြင်း၊ ဖောခြင်း၊ ဆီးထဲ သွေးပါခြင်း၊ ကလေး အလှုပ်နည်းခြင်း၊ ကိုယ်ဝန်နုစဥ် ရေဆင်း၊ သွေးဆင်းခြင်း စသည့်အချက်များ သတိပြုစောင့်ကြည့်သင့်ပါတယ်၊ အချိန်မရွေး ဆေးရုံတက်ရနိုင်ပါတယ်။
  • ကိုယ်ဝန်ရင့်လာချိန် မွေးကာနီးအချိန်ထပ် စော၍ ဆေးရုံတက်ရနိုင်ပါတယ်။
  • အလိုအလျောက် ဗိုက်နာလာသည့်အချိန်၌ မိန်းမကိုယ်မွေးလမ်းကြောင်းမှ မွေးဖွားခြင်းနည်းလမ်းကိုသာ အသင့်တော်ဆုံးအဖြစ် ကျင့်သုံးလေ့ရှိသော်လည်း မိခင်မှာ သားအိမ်ကို အားစိုက် မညှစ်နိုင်ခြင်း၊ နာကျင်စိုးရိမ်မှု တို့ကြောင့် အားနည်းသောနှလုံးအပေါ် ဝန်ပိလာတဲ့အခါမှတော့ မလွှဲသာ၍ အရေးပေါ်ဗိုက်ခွဲခြင်း၊ ညှပ်ဆွဲ၊ လေစုပ်၍ မွေးထုတ်ရခြင်းတို့လည်း ကြုံတွေ့ရနိုင်ကြောင်း သိထားသင့်ပါတယ်။
  • မီးဖွားပြီးချိန် နို့တိုက်ကျွေးခြင်းသည်ပင် မိခင်အား ပင်ပန်းစေသည့်အတွက် အထူးသတိပြုရပါတယ်။
  • မီးဖွားအောင်မြင်ပြီးသည့်နောက်ပိုင်းလည်း နှလုံးအထူးကုနှင့် သားဖွားမီးယပ်အထူးကုနှင့်လည်း ဆက်လက်ပြသပါ။
Share Now: