AMI Life News

လိပ်ခေါင်းဆိုတာ ခွဲစိတ်မှပျောက်တာလား

လိပ်ခေါင်းဆိုတာ ကမ္ဘာပေါ်မှာ လူသန်းပေါင်းများစွာခံစားနေရတဲ့ အဖြစ်များတဲ့ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။ အသက်အန္တရာယ်ကြီးကြီးမားမားမရှိပေမဲ့လည်း နေထိုင်ရတာ တော်‌တော်လေးအဆင်မပြေတဲ့ဝေဒနာတစ်ခုပါ။ လိပ်ခေါင်းနဲ့ပတ်သက်လာရင် လူတွေအမေးများတဲ့အရာတစ်ခုကတော့ လိပ်ခေါင်းဖြစ်ရင် ခွဲစိတ်မှပျောက်တာလားဆိုတာပါပဲ။ ဒါကြောင့် ဒီနေ့မှာတော့ လိပ်ခေါင်းရောဂါအကြောင်းနဲ့ ကုသလို့ရနိုင်တဲ့နည်းလမ်းတွေကို ပြောပြသွားပါမယ်။

◼️လိပ်ခေါင်းဆိုတာ ဘာလဲ 

လိပ်ခေါင်းဆိုတာ စအိုနဲ့ စအိုလမ်းကြောင်းမှာရှိတဲ့ သွေးပြန်ကြောတွေ ဖောင်းလာတဲ့ဝေဒနာတစ်ခုဖြစ်ပါတယ်။ စအိုလမ်းကြောင်းမှာဖြစ်ရင် အတွင်းလိပ်လို့ခေါ်ပြီး  စအိုဝမှာဖြစ်ရင်တော့ အပြင်လိပ်လို့ခေါ်ကြပါတယ်။ 

◾လက္ခဏာ

လိပ်ခေါင်းအမျိုးအစားပေါ်မူတည်ပြီး လက္ခဏာတွေကွဲပြားပါတယ်။

▪️အတွင်းလိပ် 

အတွင်းလိပ်ခေါင်းက စအိုလမ်းကြောင်း(အစာအိမ်‌ဟောင်း)မှာဖြစ်တာကြောင့် မြင်ရဖို့၊ စမ်းမိဖို့မလွယ်ပါဘူး။ နာတာကျင်တာမျိုးလည်း ဖြစ်ခဲပါတယ်။ ဒါပေမဲ့ ဝမ်းသွားတဲ့အခါ၊ အားသုံးတဲ့အခါမျိုးမှာ …

  • မနာမကျင်ဘဲ သွေးထွက်ခြင်း
  • လိပ်ခေါင်း အပြင်ပြူထွက်ခြင်း(ဒီအခါမှာတော့ နာကျင်တတ်ပါတယ်) စတာတွေဖြစ်နိုင်ပါတယ်။

▪️အပြင်လိပ်

စအိုပတ်ပတ်လည်အရေးပြာမှာဖြစ်တဲ့ အပြင်လိပ်ခေါင်းရဲ့လက္ခဏာတွေကတော့ …

  • စအိုတဝိုက် ယားခြင်း
  • နာခြင်း၊ နေရထိုင်ရမသက်သာခြင်း
  • စအိုပတ်ပတ်လည် ‌ရောင်ခြင်း
  • သွေးထွက်ခြင်း စတာတွေဖြစ်ပါတယ်။

▪️သွေးခဲပိတ်လိပ်ခေါင်း

လိပ်ခေါင်းသွေးပြန်ကြောမှာ သွေးခဲဖြစ်ပြီးသွေးကြောကိုပိတ်ဆို့တဲ့အခါမှာ…

  • အလွန်အမင်းနာကျင်ခြင်း
  • ဖောင်းခြင်း၊ ‌အလုံး‌ပေါ်ခြင်း
  • ရောင်ခြင်း
  • တခါတလေ သွေးထွက်ခြင်းတွေ ဖြစ်တတ်ပါတယ်။

◼️ဖြစ်စေတဲ့အကြောင်းအရင်း

စအိုတဝိုက်မှာရှိတဲ့ သွေးပြန်ကြောတွေအပေါ် ဖိအားသက်ရောက်မှုရှိတဲ့အခါ ဒီသွေးပြန်ကြောတွေက ဖောင်းလာတာမို့ လိပ်ခေါင်းဆိုတာ စအိုလမ်းကြောင်းအပေါ်ဖိအားသက်ရောက်မှုများတဲ့ …

  • ဝမ်းညှစ်တတ်သူ
  • အထိုင်ကြာတဲ့သူ(အိမ်သာတက်ကြာတဲ့သူ)
  • ခဏခဏဝမ်းချုပ်တတ်သူ၊ ဝမ်းလျှောတတ်သူ
  • အဝလွန်သူ
  • ကိုယ်ဝန်ဆောင်သည်
  • စအိုဖြင့်လိင်ဆက်ဆံသူ
  • အမျှင်ဓာတ်(အသီးအရွက်)အစားနည်းသူ
  • မကြာခဏ အလေးအပင်မနေရသူတွေမှာ အဖြစ်များပါတယ်။

◼️ကုသနိုင်တဲ့နည်းလမ်းများ

လိပ်ခေါင်းရောဂါကို အဆင့် ၄ ဆင့်ခွဲခြားနိုင်ပြီး အဆင့် ၁ နဲ့ ၂ ဆိုရင်တော့ မခွဲစိတ်ဘဲကုသလို့ရနိုင်ပါတယ်။

◾နေထိုင်စားသောက်ပုံပြောင်းလဲခြင်း 

လိပ်ခေါင်းရောဂါအများစုက နေထိုင်ပုံပြောင်းလဲလိုက်ရင် သက်သာသွားကြပါတယ်။ အမျှင်ဓာတ်(အသီးအရွက်၊ ပဲ၊ အစေ့အဆံ)များတဲ့ အစားအစာစားခြင်း၊ ရေများများသောက်ခြင်း၊ အိမ်သာကြာကြာမတက်ခြင်းစတာတွေကို လိုက်နာဖို့လိုပါတယ်။ လိပ်ခေါင်းအများစုက ဝမ်းချုပ်လို့ဖြစ်တာကြောင့် ဝမ်းမချုပ်အောင်နေထိုင်စားသောက်ဖို့ ဂရုစိုက်ပါ။

◾ဆေးဝါး – လိပ်ခေါင်းကြောင့် ယားတာ၊ နာတာကိုသက်သာစေတဲ့ လိမ်းဆေးတွေလိမ်းလို့ရပါတယ်။ တချို့လူနာတွေမှာ ဆရာဝန်က လိုအပ်ရင် အရောင်ကျဆေး၊ အနာသက်သာဆေးတွေပေးတတ်ပါတယ်။

◾သားရေကွင်းပစ်ခြင်း – ဒီနည်းလမ်းမှာဆိုရင် အတွင်းလိပ်ခေါင်းရဲ့ အခြေပတ်ပတ်လည်မှာ သားရေကွင်းနဲ့ချည်ပြီးကုသပါတယ်။ လိပ်ခေါင်းက ညှိုးခြောက်ပြီး ရက်အနည်းငယ်အတွင်းမှာ ကြွေကျသွားပါတယ်။

◼️ဘယ်အခါမှာ ခွဲစိတ်ဖို့လိုအပ်မလဲ

လိပ်ခေါင်းအများစုက ခွဲစိတ်စရာမလိုဘဲကုသနိုင်ပေမဲ့ အောက်ပါအခြေအနေတွေမှာတော့ ခွဲစိတ်တာအကောင်းဆုံးပါပဲ။

◾အဆင့် ၃ နဲ့ ၄ လိပ်ခေါင်း

လိပ်ခေါင်းရောဂါရင့်သွားတဲ့အခါမှာတော့ တခြားကုသနည်းတွေနဲ့အဆင်မပြေတော့ဘဲ ခွဲစိတ်ဖယ်ရှားဖို့လိုအပ်လာပါပြီ။

◾သွေးခဲပိတ်လိပ်ခေါင်း 

အပြင်လိပ်ခေါင်းမှာ သွေးခဲပိတ်တဲ့အခါ အလွန်အမင်းနာကျင်ပါတယ်။ ဒီလိုအခါမှာ ခွဲစိတ်ပြီး သွေးခဲကိုဖယ်ထုတ်ဖို့လိုအပ်ပါတယ်။

◾သွေးထွက်နေတာကြာခြင်း 

လိပ်ခေါင်းကြောင့် ဆိုးဆိုးရွားရွား သွေးထွက်နေတာ ကြာပြီဆိုရင် ဘယ်နေရာကနေထွက်နေတာလဲအဖြေရှာဖို့၊ သွေးအားနည်းရောဂါလိုနောက်ဆက်တွဲပြဿနာတွေကို တားဆီးဖို့ ခွဲစိတ်ကုသခြင်းလိုအပ်နိုင်ပါတယ်။

◾တခြားနည်းတွေ အဆင်မပြေခြင်း 

မခွဲစိတ်တဲ့နည်းလမ်းတွေနဲ့ကုသတာ သက်သာပျောက်ကင်းမှုမရှိရင် ‌ခွဲစိတ်တဲ့နည်းလမ်းကို ရွေးရနိုင်ပါတယ်။ ဒါဆိုရင်တော့ လိပ်ခေါင်းဖြစ်တိုင်းခွဲစိတ်ဖို့လိုတာမဟုတ်ဘဲ အများစုက နေထိုင်စားသောက်ပုံ‌ပြောင်းလဲခြင်း၊ ဆေးဝါး၊ ခွဲစိတ်စရာမလိုတဲ့ကုသနည်းတွေနဲ့ သက်သာသွားတတ်‌ကြောင်း သိပြီလို့ယူဆပါတယ်။ တချို့‌ရောဂါပြင်းထန်တဲ့သူတွေအတွက်တော့ ခွဲစိတ်ကုသခြင်းက အကောင်းဆုံးနည်းလမ်းပါပဲ။ ဒါကြောင့် လိပ်ခေါင်းဖြစ်ပြီဆိုတာနဲ့ နားလည်တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပြီး စောစောစီးစီးကုသမှုခံယူတာက အကောင်းဆုံးဖြစ်ကြောင်း မျှဝေလိုက်ရပါတယ်။

Share Now: