AMI Life News

အစာအိမ်‌ရောဂါအကြောင်းသိကောင်းစရာများ

အစာအိမ်ဆိုတာ အစာခြေစနစ်ရဲ့ အခြေခံကျပြီး အရေးကြီးတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ နေ့စဥ်စားသုံးလိုက်တဲ့ အစားအစာမှန်သမျှဟာ ခံတွင်းမှတဆင့် အစာမျိူပြွန်ကိုဖြတ်ပြီး အစာအိမ်ထဲသို့ဝင်ရောက်ကြပါတယ်။ အစာအိမ်ဟာ အစာခြေဖျက်ဖို့ အက်စစ်နှင့် အင်မ်ဇိုင်းများထုတ်ပေးသည့်အပြင် အစာအိမ်နံရံကိုလည်း လှုပ်ရှားပေးပြီး အစာခြေဖျက်ဖို့ကို လုပ်ဆောင်ပေးပါတယ်။ ထိုမှတဆင့် ခြေဖျက်ထားသော အစာများကို အူလမ်းကြောင်းတစ်လျှောက် ဖြတ်သန်းစေပြီး ခန္ဓာကိုယ်မှလိုအပ်တဲ့ အာဟာာရများ စုပ်ယူခြင်းကို လုပ်ဆောင်ပေးပါတယ်။

အစာအိမ်ဟာ နေ့စဥ်စားသုံးလိုက်သမျှ အချိုအချဥ်အငံအစပ်အပူ အစရှိတဲ့ အရသာများကို အစာအိတ်ထဲတွင် လက်ခံထားရတဲ့ အစိတ်အပိုင်းဖြစ်တာကြောင့်

  • စားတဲ့ပမာဏ နဲလွန်း၊ များလွန်းတာ
  • စားသောက်ချိန်မမှန်တာ
  • အရမ်းပူစပ်တဲ့ အစားအစာတွေ စားသောက်တာ
  • မသန့်ရှင်းတဲ့ အစားအစာတွေ စားသုံးမိတာ
  • အက်စစ်ဓါတ်များစေတတ်သော အစာနှင့်ဆေး၀ါးများ အလွန်အကျွံ သုံးစွဲတာ အစရှိတဲ့ အခြေအနေမျိူးတွေမှာ အစာအိမ်ရောဂါခံစားတတ်ကြပါတယ်။



အဖြစ်များတဲ့ ရောဂါလက္ခဏာများကတော့

(၁) အစာကောင်းကောင်း မခြေဖျက်နိုင်၍ အစာမကျေ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း
(၂) အစာစားချိန်မမှန်၍ ဖြစ်စေ၊ ဆေးဝါး အစားအစာနှင့် ဖိစီးသောနေထိုင်မှုပုံစံကြောင့် အက်စစ်ဓါတ်အထုတ်များပြီး စားချဥ့်ပြန်ခြင်း၊ အစာအိမ်နံရံယောင်ခြင်း
(၃) ဆေးလိပ်အရက်သောက်ခြင်း သို့မဟုတ် (H.pylori) အစာအိမ်ရောဂါပိုးဝင်ခြင်းကြောင့် နာတာရှည် အစာအိမ် ရောင်ရမ်းခြင်း၊ ထိုမှတဆင့် အစာအိမ်အနာဖြစ်ခြင်း တို့ဖြစ်ပါတယ်။

နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့ အစာအိမ်အနာကြောင့် သွေးအန်၊ သွေးဝမ်းသွားတာ၊ အနာမှတဆင့်ဖြစ်စေ၊ H.pylori ပိုးကြောင့်ဖြစ်စေ၊ အချဥ်စိမ်အစားအစာနှင့် အကင်များအလွန်အကျွံ စားသုံးလို့ဖြစ်စေ၊ မျိုးရိုးလိုက်၍ ဖြစ်စေ အစာအိမ်ကင်ဆာဖြစ်ပွားတာမျိုးတွေပါ ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် အစာအိမ်ကျန်းမာစေရန်

  • စိတ်ဖိစီးမှုလျှော့ချပါ
  • ဆေးလိပ် အရက်သောက်သုံးခြင်းမှ ရှောင်ကျဥ်ပါ
  • လတ်ဆတ် သန့်ရှင်းသော အစားအသောက်များကို စားသုံးပါ
  • အစာ‌ကြေရန် ပမာဏနဲနဲနှင့် အကြိမ်ရေများများ စားသုံးပါ
  • အစာစားချိန်ပုံမှန်ထားရှိပါ
  • အရမ်းပူလွန်းစပ်လွန်းသော အစားအသောက်များစားခြင်းမှ ရှောင်ကျဥ်ပါ။


ဒါ့အပြင် အစာအိမ်ရောဂါရဲ့ လက္ခဏာတွေဖြစ်တဲ့ လေပွခြင်း၊ အသက်ရှုမဝဖြစ်ခြင်း၊ ရင်ပူခြင်း၊ ရင်ညွှန့်စူးအောင့်ခြင်းး၊ ပျို့အန်ခြင်း၊ အစာမစားခင် သို့မဟုတ် စားပြီးလျှင် အစာအိမ်နာခြင်း၊ ဝမ်းအရောင်မဲမဲသွားခြင်း အစရှိတာတွေ ခံစားနေရပြီဆိုပါက တတ်သိနားလည်သော အစာအိမ် အထူးကုဆရာဝန်များဖြင့် အမြန်ဆုံးဆွေးနွေးကုသမှု ခံယူသင့်ပါတယ်။

Share Now: