AMI Life News

အကိုက်အခဲပျောက်ဆေးတွေကြောင့် ကျောက်ကပ်ထိခိုက်တတ်လား

သင်ဟာ အကိုက်အခဲပျောက်ဆေး သောက်သုံးနေရသူတစ်ဦးလား?

အကိုက်အခဲပျောက်ဆေးနှင့်ကျောက်ကပ်ထိခိုက်ခြင်း

အကိုက်အခဲပျောက်ဆေးဆိုတာမှာ paracetamol, aspirin, ibuprofen စတာတွေ ပါဝင်ပါတယ်။

အကိုက်အခဲပျောက်ဆေးရဲ့ဆိုးကျိုးလို့ ပြောလိုက်ရင် လူအများစုသိပြီးသားက အစာအိမ် ထိခိုက်တယ်ဆိုတာပါ။

နောက်ထပ် ဂရုပြုရမယ့်ဘေးထွက်ဆိုးကျိုးကတော့ ကျောက်ကပ်ထိခိုက်ခြင်းပါပဲ။

လေ့လာချက်တစ်ခုအရ နဂိုကျောက်ကပ်ရောဂါမရှိတဲ့ အကိုက်အခဲပျောက်ဆေးသုံးစွဲသူနှင့် မသုံးစွဲသူအုပ်စု နှစ်ခု ယှဉ်ကြည့်တဲ့အခါ သုံးစွဲသူတွေမှာ ကျောက်ကပ်ထိခိုက်နိုင်ခြေဟာ သုံးဆမြင့်တက်လာတာကို တွေ့ရပါတယ်။

ဘယ်သူတွေမှာ ဖြစ်တတ်လဲ ?

အကိုက်အခဲပျောက်ဆေးတွေကို ကာလရှည်ကြာစွာ သောက်သုံးနေရသူတွေမှာ ဖြစ်တတ်ပါတယ်။

အခြားဖြစ်နိုင်ခြေရှိသူများ

  • အသက်အရွယ်ကြီးသူ
  • သွေးတိုးရောဂါရှိသူ
  • ဆီးချိုရောဂါရှိသူ
  • နှလုံးသွေးကြောကျဉ်းရောဂါရှိသူ
  • နဂိုကျောက်ကပ်အားနည်းသူ
  • ဆေးလိပ်၊ အရက် မှီဝဲသူ

ရောဂါ လက္ခဏာများ

စဦးပိုင်းမှာ လက္ခဏာ မပေါ်တာမျိုးရှိတတ်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ –

  • မောပန်းနွမ်းနယ်ခြင်း
  • ဆီးခဏခဏသွားခြင်း
  • ဆီးမထိန်းနိုင်ခြင်း
  • ဆီးတွင် သွေးပါခြင်း
  • ခါးနာခြင်း
  • ဆီးပမာဏနည်းလာခြင်း
  • ပျို့အန်ခြင်း
  • ကယောင်ကတမ်းဖြစ်ခြင်း
  • သွေးထွက်လွယ်ခြင်း ၊ အညိုအမည်းစွဲခြင်း စတဲ့ ကျောက်ကပ်ပျက်စီးခြင်း လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

ဘယ်လို စစ်ဆေးကြည့်မလဲ။

ပထမဆုံး ဆီးစစ်ကြည့်ရပါမယ်။

ဆီးထဲမှာ ရှိတဲ့ အသားဓာတ်နဲ့ ကျောက်ကပ်ဆိပ်ဓာတ် အချိုးကို စစ်ကြည့်ရပါမယ်။

သွေးစစ်ခြင်း၊ ဝမ်းဗိုက်ကို USG, CT ရိုက်ခြင်း စတဲ့ တခြားစစ်ဆေးမှုတွေလည်း လိုအပ်နိုင်ပါတယ်။

ဖြစ်လာခဲ့တယ်ဆိုရင် နောက်ဆက်တွဲတွေက –

  • ကျောက်ကပ် လုံးဝပျက်စီးသွားခြင်း
  • ဆီးအိမ်ကင်ဆာ ဖြစ်ခြင်း
  • အမျိုးသမီးတွေမှာ ဆီးလမ်းကြောင်းပိုးဝင်ခြင်း ပိုဖြစ်တတ်ပါတယ်။

ဒါတွေ ရှောင်ရှားနိုင်ဖို့အတွက် အကိုက်အခဲပျောက်ဆေးတွေ အလွယ်တကူမသောက်ဖို့နဲ့

အလွန်အကျွံ မသောက်မိဖို့၊ သောက်ဖို့ လိုအပ်ခဲ့ရင်လည်း သက်ဆိုင်ရာ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်ဖို့ကို တိုက်တွန်းလိုက်ရပါတယ်။

 

Share Now: