Search
Close this search box.
Search
Close this search box.

AMI Life News

အလှတပ်မျက်ကပ်မှန်ကြောင့် ဖြစ်နိုင်တဲ့အန္တရာယ်

အလှတပ်မျက်ကပ်မှန်က သင့်ကို မျက်ဆန်ကြီးကြီး၊ အရောင်ဆန်းဆန်းနဲ့ ဆွဲဆောင်မှုရှိတဲ့မျက်ဝန်းတစ်စုံဖြစ်အောင် ကူညီပေးနိုင်ပေမဲ့ … 

👉 မျက်စိဆရာဝန်ရဲ့ ညွှန်ကြားချက်မပါတဲ့ အလှတပ်မျက်ကပ်မှန်က သင့်ကို ဆိုးရွားတဲ့မျက်စိပြဿနာတွေဖြစ်စေပြီး အမြင်အာရုံကိုတောင်ဆုံးရှုံးစေနိုင်တာ သင်သိပါသလား❓

တကယ်တော့ မျက်ကပ်မှန်ဆိုတာ မျက်စိဆရာဝန်ရဲ့ ညွှန်ကြားချက်လိုအပ်တဲ့ ကျန်းမာရေးအသုံးအဆောင်တစ်ခုပါ။ အမေရိကမှာဆိုရင် မျက်စိဆရာဝန်ရဲ့ညွှန်ကြားချက်မပါဘဲ မျက်ကပ်မှန်ရောင်းတာက တရားမဝင်ပါဘူး။ ဘာကြောင့်လဲဆို သင်နဲ့ကိုက်ညီမှုမရှိတဲ့မျက်ကပ်မှန်က သင့်မျက်လုံးကို ဒုက္ခကောင်းကောင်းပေးနိုင်လို့ပါပဲ။ 

ဒီနေ့ဆောင်းပါးမှာတော့ အလွယ်ဝယ်တပ်ကြတဲ့ အလှတပ်မျက်ကပ်မှန်ရဲ့ ဆိုးကျိုးတွေကိုဖော်ပြလိုက်ပါတယ်။ 

◼️အံဝင်ခွင်ကျမဖြစ်တဲ့မျက်ကပ်မှန်က မျက်စိကိုပွန်းပဲ့ပြီး နာကျင်စေပါတယ်။ 

– အလွယ်ဝယ်တပ်လိုက်တဲ့မျက်ကပ်မှန်က သင့်မျက်လုံးနဲ့ ကိုက်ညီမှုမရှိတဲ့အခါ မျက်ကြည်လွှာပွန်းပဲ့နိုင်ပြီး အခန့်မသင့်ရင် မျက်ကြည်လွှာအနာအထိဖြစ်နိုင်ပါတယ်။ အနာကျက်သွားရင်တောင် အမာရွတ်ကျန်ခဲ့ပြီး အမြင်အာရုံကို ထာဝရထိခိုက်စေနိုင်ပါတယ်။ 

◼️ပြင်းထန်တဲ့မျက်စိပိုးဝင်ခြင်း ဖြစ်နိုင်တယ်။ 

– မျက်ကြည်လွှာပြဲခြင်း၊ အနာဖြစ်ခြင်းတွေက မျက်စိပိုးဝင်နိုင်ခြေကိုမြင့်မားစေပြီး မျက်ကြည်လွှာရောင်ခြင်းကိုဖြစ်စေနိုင်ပါတယ်။ ၂၀၁၁ ခုနှစ်တုန်းကပြုလုပ်တဲ့ လေ့လာမှုတစ်ခုအရ အလှတပ်မျက်ကပ်မှန်အသုံးပြုသူတွေက ပုံမှန်မျက်ကပ်မှန်တပ်သူတွေထက် မျက်ကြည်လွှာရောင်နိုင်ခြေ ၁၆ ဆပိုများပါတယ်။ 

◼️အရောင်ပါတဲ့မျက်ကပ်မှန်တွေက မျက်လုံးကိုဒုက္ခဖြစ်စေနိုင်တယ်။ 

– လေ့လာမှုတစ်ခုအရ အလွယ်ဝယ်လို့ရတဲ့ အရောင်စုံမျက်ကပ်မှန်တွေမှာ ကလိုရင်းနဲ့ တခြားအန္တရာယ်ရှိတဲ့ပစ္စည်းတွေပါဝင်ကြောင်း တွေ့ရှိရပါတယ်။ ဒီအရာတွေက အဆိပ်အတောက်ဖြစ်စေနိုင်ပြီး မျက်စိထဲဝင်သွားတဲ့အခါ အမြင်အာရုံဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ 

◼️နောက်ဆက်တွဲအနေနဲ့ တခြားမျက်စိဝေဒနာတွေဖြစ်လာနိုင်ပါတယ်။ 

– တကယ်လို့ အလှတပ်မျက်ကပ်မှန်ကြောင့် ဆိုးရွားပြင်းထန်တဲ့ပြဿနာတွေခံစားနေရပြီဆိုရင် သင်ဟာ တခြားအမြင်အာရုံရောဂါတွေဖြစ်နိုင်ခြေလည်း မြင့်မားလာပါတယ်။ အတွင်းတိမ်၊ ရေတိမ်စတဲ့ဝေဒနာ ဖြစ်လာနိုင်ပါတယ်။ ဒီအခါမှာ အမြင်အာရုံပြန်ကောင်းဖို့၊ ကောင်းနေသေးတဲ့အမြင်အာရုံ ထပ်မဆုံးရှုံးဖို့ မျက်စိခွဲစိတ်ရတာမျိုးတွေလိုအပ်နိုင်ပါတယ်။ 

ဒါကြောင့် အလှတပ်မျက်ကပ်မှန်တပ်မယ်ဆိုရင် အလွယ်ကိုယ့်သဘောနဲ့ကိုယ်မဝယ်ဘဲ မျက်စိဆရာဝန်နဲ့ပြသပြီး ဝယ်ယူတာက ကျန်းမာရေးအတွက်ရော၊ အလှအပအတွက်ပါအကောင်းဆုံးဖြစ်ကြောင်း မျှဝေလိုက်ပါတယ်။ 

Share Now: