Helicobacter pylori (H. pylori) ဆိုတာ အစာအိမ်ကိုဒုက္ခပေးတတ်တဲ့ ဘက်တီးရီးယားဖြစ်ပါတယ်။ အများအားဖြင့် ကလေးဘဝမှာကတည်းက ရောဂါပိုးရှိနေနိုင်ပါတယ်။ ဒါပေမဲ့ လူအများစုက ကူးစက်ခံရပေမဲ့ ဘာလက္ခဏာမှမပြလို့ မိမိမှာပိုးရှိမှန်းမသိကြပါဘူး။ ဒီပိုးကြောင့် အစာအိမ်နာဖြစ်လာတော့မှသာ စစ်ဆေးကြည့်ရင်းသိလေ့ရှိပါတယ်။
အစာအိမ်နာဆိုတာ အစာအိမ်အတွင်းသားနဲ့ အူသိမ်ရဲ့ရှေ့အပိုင်းမှာဖြစ်တဲ့ အနာဖြစ်ပါတယ်။ ကမ္ဘာမှာ အစာအိမ်နာဖြစ်တဲ့သူ တစ်ဝက်ကျော်လောက်က H. pylori ကြောင့်ဖြစ်တဲ့အထိ အဖြစ်များပါတယ်။
ဒီရောဂါပိုးကို ပိုးသတ်ဆေးတွေနဲ့ကုသနိုင်ပါတယ်။
လက္ခဏာ
ဘာကြောင့်မှန်းမသိပေမဲ့ လူအများစုက ဘာလက္ခဏာမှ ဘယ်တုန်ကမှ ပြလေ့မရှိကြပါဘူး။ တကယ်လို့ H. pylori ကြောင့် လက္ခဏာပေါ်လာပြီဆိုရင်လည်း အစာအိမ်ရောင်ခြင်း (သို့) အစာအိမ်အနာနဲ့ ဆက်နွယ်နေတတ်ပါတယ်။
ရင်ညွန့်နေရာလောက်မှာ ဗိုက်နာခြင်း/ ပူခနဲခံစားရခြင်း
ဗိုက်ထဲအစာမရှိရင် ပိုနာခြင်း
ပျို့ခြင်း
အစားစားချင်စိတ်မရှိခြင်း
မကြာခဏ လေချဉ်တက်ခြင်း
ရင်ပြည့်ခြင်း
မရည်ရွယ်ဘဲ ဝိတ်ကျခြင်းစတဲ့လက္ခဏာတွေ ခံစားရနိုင်ပါတယ်။
ဘယ်အခါမှာ ဆရာဝန်နဲ့ပြရမလဲ
အစာအိမ်ရောင်တဲ့ (သို့) အစာအိမ်နာတဲ့ လက္ခဏာတွေရှိလာရင် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။ အောက်ပါလက္ခဏာတွေပြလာရင်တော့ အရေးပေါ်ကုသမှုခံယူဖို့ အရေးကြီးပါတယ်။
ပြင်းပြင်းထန်ထန် (သို့) အဆက်မပြတ်ဗိုက်နာပြီး အိပ်နေရာကတောင်နိုးခြင်း
သွေးဝမ်း (သို့) ဝမ်းမဲမဲသွားခြင်း
သွေးအန်ခြင်း (သို့) ညိုညစ်ညစ်အရောင်အန်ခြင်း
ဘယ်လိုကူးစက်နိုင်လဲ
အများအားဖြင့် လူတစ်ယောက်ကနေ တစ်ယောက်ကို တံထွေး၊ အန်ဖတ်၊ မစင်ကနေ ကူးစက်လေ့ရှိပါတယ်။ မသန့်ရှင်းတဲ့ရေ၊ အစားအစာကနေလည်း ကူးစက်ပြန့်ပွားနိုင်ပါတယ်။
နောက်ဆက်တွဲ ဘာဖြစ်နိုင်လဲ
H. pylori ကူးစက်ခြင်းကြောင့် ဖြစ်လာနိုင်တဲ့အရာတွေကတော့ …
အစာအိမ်အနာ – H. pylori က အစာအိမ်နဲ့ အူသိမ်ရဲ့ အကာအကွယ်ပေးတဲ့အလွှာကို ပျက်စီးစေနိုင်ပါတယ်။ ဒီအခါ အစာအိမ်အက်ဆစ်က တိုက်စားလို့အနာဖြစ်လာနိုင်ပါတယ်။ H. pylori ပိုးရှိသူ ၁၀ % ခန့်က အစာအိမ်အနာဖြစ်တတ်ပါတယ်။
အစာအိမ်ရောင်ခြင်း
အစာအိမ်ကင်ဆာ – H. pylori က အစာအိမ်ကင်ဆာအမျိုးအစားတချို့ကို ဖြစ်စေတဲ့အကြောင်းအရင်းထဲ ပါဝင်ပါတယ်။
ဘယ်လိုကာကွယ်မလဲ
H.pyloriကူးစက်မှုများတဲ့ဒီကမ္ဘာမှာတချို့ကျန်းမာရေးပညာရှင်တွေကတော့နေကောင်းကျန်းမာတဲ့သူတွေလည်း H. pylori ပိုးစစ်ဆေးတာက ပိုးစစ်ဆေးဖို့လိုကြောင်း ပြောကြပါတယ်။ ဘာလက္ခဏာမှမပြဘဲ ကောင်းကျိုးရှိမရှိတော့ ပညာရှင်တွေကြားမှာ အငြင်းပွားနေဆဲပါပဲ။
တကယ်လို့ သင့်မှာ H. pylori နဲ့ပတ်သက်ပြီး စိုးရိမ်မှုရှိမယ်၊ အစာအိမ်ကင်ဆာဖြစ်နိုင်ခြေတချို့ ရှိနေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ဆွေးနွေးပြီး ပိုးစစ်သင့်၊ မစစ်သင့် တိုင်ပင်ဆုံးဖြတ်နိုင်ပါတယ်။

