AMI Life News

ခန္ဓာကိုယ်ရဲ့ကာကွယ်ရေးခံတပ် နှင့် အအေးမိဝေဒနာ

“ကိုယ်ခံအားကောင်းအောင် ဂရုစိုက်ပါ” ဆိုတဲ့ စကားက အခုကာလမှာ

မကြာခဏ ကြားဖူးကြမှာပါ။ ကိုယ်ခံအားစနစ် (Immune System) ဆိုတာ ခန္ဓာကိုယ်ရဲ့

ကာကွယ်ရေးခံတပ် တစ်ခုလို့ ပြောလို့ရပါတယ်။ ကိုယ်ခန္ဓာထဲကို ပြင်ပက ရောဂါပိုးမွှား

ဝင်လာတဲ့အခါ ကိုယ်ခံအားစနစ်က တိုက်ထုတ်ကာကွယ်ပေးပါတယ်။ ကိုယ်ခံအားစနစ် မကောင်းရင်

ရောဂါပေါင်းစုံ ဝင်ရောက်လာနိုင်ပါတယ်။ မိုးရာသီမှာဖြစ်လေ့ဖြစ်ထရှိတဲ့ အအေးမိ၊ နှာစေး၊ ချောင်းဆိုး၊

ဖျားတယ်ဆိုတာ ဝင်လာတဲ့ ဗိုင်းရပ်စ်ပိုးကို ကိုယ်ခံအားစနစ်က တိုက်ခိုက်တဲ့ဖြစ်စဉ်ကြောင့်

ခံစားရတာပါ။

ကိုယ်ခံအားစနစ်က အအေးမိခြင်းကို ဘယ်လိုတုံ့ပြန်သလဲ?

ဗိုင်းရပ်စ်ပိုးက အသက်ရှူလမ်းကြောင်းကတစ်ဆင့် ခန္ဓကိုယ်ထဲကို ရောက်လာတဲ့အချိန်ကစပြီး

အထပ်ထပ်ပွား ပါတယ်။ ဗိုင်းရပ်စ်ပိုးဝင်ရောက်ပြီး ၂ ရက် အကြာမှာ ကိုယ်ခံအားစနစ်တစ်ခုဖြစ်တဲ့

သွေးဖြူဥတွေက ဗိုင်းရပ်စ်ပိုးကို စတင်တိုက်ခိုက်ပါတယ်။ ဗိုင်းရပ်စ်ပိုးတွေက ပဋိပစ္စည်း (cytokines) တွေ

ထုတ်ပြီး ခန္ဓကိုယ်ကို တိုက်သလို ခန္ဓကိုယ်ရဲ့ကိုယ်ခံအားစနစ်ဖြစ်တဲ့သွေးဖြူဥတွေကလည်း

ဓာတုပစ္စည်း (chemicals) တွေ ထုတ်ပြီး ဗိုင်းရပ်စ်ပိုးကို ပြန်တိုက်ပါတယ်။ ဒီလိုတိုက်ခိုက်မှုဖြစ်စဉ်ကြောင့်

နှာခေါင်း နှင့် အသက်ရှူလမ်းကြောင်းမှာ ရောင်ရမ်းမှုဖြစ်လာပြီး နှာစေး၊ ချောင်းဆိုး၊

အအေးမိခြင်းလက္ခဏာတွေ ဖြစ်လာပါတယ်။

အအေးမိခြင်းက တစ်ပတ်ကျော်ရင် သက်သာသွားပေမယ့် ကိုယ်ခံအားစနစ်ကတော့

ထပ်မံဝင်ရောက်လာမယ့် ဗိုင်းရပ်စ်ပိုးကို တိုက်ခိုက်ဖို့ အသင့်ပြင်ထားရပါတယ်။ (ဥပမာ) တုပ်ကွေး

တစ်ခါဖြစ်ဖူးပြီးရင် ခန္ဓာကိုယ်ထဲမှာ တုပ်ကွေးဗိုင်းရပ်စ်ပိုး အတွက် ပဋိပစ္စည်း (antibodies)တွေ

ထွက်ပါတယ်။ နောက်တစ်ကြိမ် ဒီတုပ်ကွေးဗိုင်းရပ်စ်ပိုးပဲ ထပ်မံကူးစက်ခံရရင် ခန္ဓာကိုယ်ထဲရှိနေပြီးသား

ပဋိပစ္စည်း (antibodies)တွေ က ဗိုင်းရပ်စ်ပိုးကို အလွယ်တကူ မှတ်မိနေပြီး ခုခံတိုက်ခိုက်ပေးပါတယ်။

ဒါကြောင့် နောက်တစ်ကြိမ်မှာ အအေးမိဝေဒနာမခံစားရတာပါ။ ခံစားရတယ်ဆိုရင်လည်း

ပထမအကြိမ်က ဖြစ်တဲ့ဝေဒနာလောက်‌ မပြင်းထန်ပါ။

ကာကွယ်ဆေးဆိုတာ ဒီသဘောတရားကိုအခြေခံပြီး ကိုယ်ခံအားစနစ်ကို ပြင်ဆင်ထားတာပါ။

တုပ်ကွေးကာကွယ် ဆေးထိုးထားရင် ခန္ဓာကိုယ်ထဲမှာ တုပ်ကွေးဗိုင်းရပ်စ်ကို ခုခံဖို့ ပဋိပစ္စည်း

(antibodies) ထွက်စေပြီး ကိုယ်ခံအားစနစ်ကို ပြင်ဆင်ထားတာပါ။ သတိပြုရမှာတစ်ခုက

တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးမျိုးကွဲပေါင်း (၂၀၀ ကျော်) ရှိတဲ့အတွက် တုပ်ကွေးကာကွယ်ဆေးက

ပိုးအားလုံးကိုမကာကွယ်ပေးနိုင်ပါဘူး။ ဒါကြောင့် ကိုယ်ခံအားစနစ်ကောင်းအောင် မိမိကိုယ်တိုင်

ပြုမူနေထိုင်သွားဖို့ အရေးကြီးပါတယ်။

ကိုယ်ခံအားကောင်းအောင် ဘယ်လိုပြုမူနေထိုင်ကြမလဲ?

(၁) အိပ်ရေးဝဝ အိပ်ပါ။

အသက်အရွယ်အလိုက် လူတစ်ယောက်ရဲ့ရှိသင့်တဲ့အိပ်ချိန် မတူပါဘူး။ တစ်နှစ်အောက်ကလေး တွေမှာ

အနည်းဆုံး(၁၂)နာရီ အိပ်ချိန်ရှိသင့်ပါတယ်။ တစ်နှစ်ကျော်ကနေ ဆယ်ကျော်သက်အရွယ်တွေက (၈-

၁၀)နာရီ အိပ်သင့်ပါတယ်။ လူကြီးတွေမှာတော့ အနည်းဆုံး (၈)နာရီ အိပ်ချိန်ရှိသင့်ပါတယ်။

အိပ်ရေးဝဝအိပ်ခြင်းက ကိုယ်ခံအားစနစ်ကောင်းမွန်စေပြီး ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်စေပါတယ်။

(၂) အာဟာရပြည့်ဝအောင် စားပါ။

အစားအသောက်တစ်မျိုးတည်းကို အလွန်အမင်းစားတာမျိုး၊ လုံးဝမစားပဲရှောင်တာမျိုး မလုပ်သင့်ပါ။

အသား၊ ငါး၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံ မျှတအောင် စားပေးပါ။ ဗီတာမင် စီ ကြွယ်ဝတဲ့

အသီးအနှံတွေ ပါဝင်အောင် စားပေးဖို့လည်း လိုပါတယ်။

(၃) လေ့ကျင့်ခန်း လုပ်ပါ။

မိမိအသက်အရွယ်နဲ့ သင့်တော်တဲ့ လေ့ကျင့်ခန်းမျိုး ပုံမှန်ပြုလုပ်ပေးပါ။ နေ့စဉ်မှန်မှန် နာရီဝက်ခန့်

လေ့ကျင့်ခန်းပြုလုပ်ခြင်းက သွေးလည်ပတ်မှုကောင်းစေပြီး ကိုယ်ခံအားစနစ်ကောင်းမွန်စေပါတယ်။

ကိုယ်အလေးချိန်လည်း ထိန်းပေးပါတယ်။

(၄) ကိုယ်အလေးချိန် ထိန်းပါ။

မိမိအသက်အရွယ်၊ မိမိအရပ်နဲ့ ရှိသင့်တဲ့ ခန္ဓာကိုယ်ညွှန်းကိန်း (BMI) အတွင်း

ကိုယ်အလေးချိန်ကိုထိန်းပါ။ ဝလွန်း၊ ပိန်လွန်း တာမျိုး မဖြစ်အောင် ဆင်ခြင်ပါ။

(၅) စိတ်ဖိစီးမှု လျော့ချပါ။

အကောင်းမြင်စိတ်မွေးပါ။ သူငယ်ချင်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင် စကားစမြည်ပြောပါ။ ရယ်မောခြင်းဟာ

ခန္ဓာကိုယ်ထဲ ပဋိပစ္စည်းတွေတိုးပွားစေပြီး ကိုယ်ခံအားစနစ်ကို မြှင့်တက်စေပါတယ်။တေးသီချင်းနားထောင်ပါ။ သီဆိုပါ။ ဂီတသံစဉ်တွေက စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။

Share Now: