ဝမ်းပျက်ဝမ်းလျှောဆိုတာ လူတိုင်း တစ်ချိန်မဟုတ်တစ်ချိန် ဖြစ်တတ်တဲ့အရာပါ။ ဒါပေမဲ့ မိမိပတ်ဝန်းကျင်ဒေသမှာ တစ်ပတ်အတွင်း ဝမ်းလျှောသူအရေအတွက် မသင်္ကာစရာဖြစ်အောင် မြင့်တက်လာပြီး လူနာတွေမှာ …
တူညီတဲ့ ရောဂါလက္ခဏာရှိခြင်း (ရေလိုဝမ်းသွားခြင်း/သွေးဝမ်းသွားခြင်း)
တူညီတဲ့ နေရာ၊ အရပ်မှာ နေထိုင်ခြင်း
အစားအသောက်တစ်ခုတည်းကို စားခဲ့ကြခြင်း (ဥပမာ – အလှူ၊ စားသောက်ဆိုင်)
သောက်သုံးရေ အရင်းအမြစ် တူနေခြင်း
မိမိဒေသအနီးမှာ အစုလိုက်ဝမ်းလျှောမှုဖြစ်ပွားခြင်းတွေရှိနေရင် မကြာခင်မှာ အစုလိုက်ဝမ်းလျှောမှုဖြစ်ပွားနိုင်ပါတယ်။
ဒီလိုမျိုး ရုတ်တရက်ဝမ်းလျှောစေနိုင်တဲ့ ဝမ်းရောဂါက (၂)မျိုးရှိပါတယ်။ Cholera (ကာလဝမ်းရောဂါ) နဲ့ Shigella Dysentery(သွေးဝမ်းရောဂါ) ပါ။ ဒီနှစ်ခုရဲ့ ကွာခြားမှုတွေကတော့ …
Cholera က ဆန်ဆေးရေလိုဝမ်းသွားပြီး Shigella က သွေး၊ အချွဲတွေပါတယ်။
အဖျားက Shigella မှာ ရှိနိုင်တယ်။
ဗိုက်နာတာက နှစ်ခုလုံးမှာဖြစ်တယ်။
အန်တာက Cholera မှာ အဖြစ်များတယ်။
ဝမ်းခဏခဏသွားချင်သလိုမျိုး Shigella မှာ ခံစားရနိုင်တယ်။
ပြည်သူလူထုအနေနဲ့ ဘာတွေလုပ်နိုင်သလဲဆိုရင် …
အိမ်သာတက်ပြီးနောက်၊ အစားအစာမပြင်ခင်၊ အစားမစားခင် လက်ကိုဆပ်ပြာနဲ့ဆေးပါ။
ရေကိုကျိုချက်သောက်ပါ (သို့) ပိုးသန့်အောင် ကလိုရင်းခတ်ပါ။
သန့်ရှင်းလတ်ဆတ်တဲ့ အစားအစာပဲ စားပါ။
သောက်သုံးရေအရင်းအမြစ်နားမှာ ဝမ်းမသွားပါနဲ့။
အိမ်သာကိုအသုံးပြုပြီး သန့်သန့်ရှင်းရှင်းထားပါ။
တကယ်လို့ ဝမ်းလျှောခဲ့တယ်ဆိုရင် ရောဂါပြင်းထန်မှုအပေါ်မူတည်ပြီး ရေဓာတ်ဖြည့်ပေးဖို့က သိပ်အရေးကြီးပါတယ်။ ဝမ်းလျှောတဲ့သူ ၈၀% ကို ဓာတ်ဆားရည်တစ်မျိုးတည်းနဲ့ ကုသနိုင်ပါတယ်။
လူနာက ရေဓာတ်ခမ်းခြောက်နေလားသိနိုင်ဖို့ …
မျက်တွင်းကျခြင်း
မျက်လုံးမစိုခြင်း၊ မျက်ရည်မကျခြင်း
ပါးစပ်၊ လျှာခြောက်ခြင်း
ရေဆာခြင်း၊ ရေအငမ်းမရသောက်ခြင်း
အရေပြားကိုဆွဲပြီးလွှတ်လိုက်တဲ့အခါ ဖြည်းဖြည်းချင်းပြန်ဆန့်ခြင်းစတဲ့ လက္ခဏာတွေ နှစ်ခုနဲ့အထက်ရှိမရှိကြည့်ပါ။
ဒီလက္ခဏာတွေ မရှိဘူးဆိုရင်တော့ တစ်ခါဝမ်းသွားပြီးတိုင်း ဓာတ်ဆားရည်ကို …
၂ နှစ်အောက်ကလေးမှာ 50 – 100 ml တိုက်ပါ။ တစ်နေ့အတွင်း 500 ml အထိ လိုအပ်သလောက်တိုက်ပါ။
၂ – ၉ နှစ်ကြားကလေးဆိုရင် 100 – 200 ml တိုက်ပါ။ တစ်နေ့အတွင်း 1 Liter အထိ လိုအပ်သလိုတိုက်ပါ။
၁၀ နှစ်နဲ့အထက်ဆိုရင်တော့ လိုအပ်သလို တစ်နေ့ကို 2 Liter အထိ သောက်နိုင်ပါတယ်။
လက္ခဏာတွေရှိနေရင်တော့ ရေဓာတ်နည်းနည်းခမ်းနေပါပြီ။ ဒါဆိုရင် ပထမ ၄ နာရီအတွင်း အောက်ပါအတိုင်း ဓာတ်ဆားရည်တိုက်ပါ။
အသက် ၄ လအောက်/ 5 Kg အောက် — 200 – 400 ml
အသက် ၄ – ၁၁ လ/ 5 – 7.9 Kg — 400 – 600 ml
အသက် ၁၂ – ၂၃ လ/ 8 – 10.9 Kg — 600 – 800 ml
၂ – ၄ နှစ်/ 11 – 15.9 Kg — 800 – 1200 ml
၅ – ၁၄ နှစ်/ 16 – 29.9 Kg — 1200 – 2200 ml
၁၅ နှစ်နဲ့အထက်/ 30 Kg နဲ့အထက် — 2200 – 4000 ml တိုက်ပါ။
လူနာကို မကြာခဏစောင့်ကြည့်ပါ။
ဓာတ်ဆားသောက်လို့ ပျို့အန်ပြီးမဝင်ရင် နှာခေါင်းပိုက်ထည့်ဖို့လိုနိုင်ပါတယ်။
တကယ်လို့များ
လူနာက အားမရှိဘဲနုံးနေ၊ မျော့နေ၊ ပျော့ခွေနေတယ်
ရေမသောက်နိုင်တော့ဘူး
သွေးခုန်နှုန်း အားနည်းတယ်
အရေပြားကို ဆွဲပြီးလွှတ်လိုက်တဲ့အခါ ပြန်ဆန့်ဖို့အချိန်ပိုကြာနေတယ်ဆိုရင်တော့ ဆိုးဆိုးရွားရွား ရေဓာတ်ခမ်းခြောက်နေပြီဖြစ်လို့ ဆေးရုံကိုအမြန်သွားရပါမယ်။ ဓာတ်ဆားရည်သောက်ရုံနဲ့ မရတော့ပါဘူး။
ဒီတော့ ကူးစက်ဝမ်းရောဂါတွေဖြစ်နေပြီဆိုရင်
သင့်ကို မကူးစက်အောင်ကာကွယ်ပါ။
လူနာကိုမပြုစုခင်နဲ့ ပြုစုပြီးနောက် လက်ကိုဆပ်ပြာနဲ့ဆေးပါ။
လက်သည်းညှပ်ပါ။
ကာလဝမ်းရောဂါသမားတွေကို သီးသန့်ထားပါ။
သူတို့ရဲ့ မစင်၊ အန်ဖတ်၊ ညစ်ပေတဲ့အဝတ်အစားတွေက အရမ်းကူးစက်လွယ်ပါတယ်။
လူနာအသုံးပြုတဲ့ အိမ်သာ၊ ရေပုံးတွေကို သေချာဆေးကြောပြီး ကလိုရင်းနဲ့သန့်စင်ပါ။
အာဟာရရှိတဲ့ အစားအစာတွေကျွေးပါ။
ဝမ်းလျှောတဲ့လူနာအားလုံး(အထူးသဖြင့် သွေးဝမ်းသွားသူ)အတွက် အာဟာရပြည့်ဝဖို့အရေးကြီးပါတယ်။
တစ်ခါတည်းအများကြီးထက် နည်းနည်းစီ အကြိမ်များများကျွေးပါ။
လူနာက အစားစားနိုင်တယ်ဆိုတာနဲ့ ကျွေးပါ။
နို့စို့ကလေးဆိုရင်လည်း နို့ဆက်တိုက်ပါ။
ကူးစက်ဝမ်းရောဂါတွေက မသန့်ရှင်းတဲ့ရေ၊ အစားအသောက်၊ ညစ်ပတ်တဲ့လက်၊ လူနာရဲ့အညစ်အကြေးကနေတဆင့် ကူးစက်တာမို့ သတိပြုဆင်ခြင်နိုင်အောင် မျှဝေလိုက်ရပါတယ်။