လူတစ်ယောက်က သွေးပေါင်ချိန်လိုက်လို့ ၉၀/၆၀ ရဲ့အောက်ကို ရောက်နေမယ်ဆိုရင် သွေးပေါင်ကျတယ်လို့ သတ်မှတ်ကြပါတယ်။ တချို့လူအတွက်တော့ ဒါက ပုံမှန်ဖြစ်ချင်ဖြစ်နေနိုင်ပါတယ်။ တချို့ကတော့ သွေးပေါင်ကျရင် ခေါင်းမူးခြင်း၊ မေ့လဲခြင်း၊ အသက်အန္တရာယ်ထိခိုက်ခြင်းအထိ ဖြစ်တတ်ပါတယ်။
သွေးပေါင်ကျခြင်း အမျိုးအစားက (၄) မျိုးရှိပါတယ်။
၁။ ရုတ်တရက် ထရပ်တဲ့အခါ သွေးပေါင်ကျခြင်း
ထိုင်/လှဲနေရာကနေ ရုတ်တရက်ထလိုက်တဲ့အခါ သွေးပေါင် ဝုန်းခနဲကျတာမျိုးဖြစ်ပါတယ်။
လူကြီးတွေမှာ အဖြစ်များပါတယ်။
ရေဓာတ်နည်းခြင်း၊ အိပ်ရာထဲလှဲတာကြာခြင်း၊ ကိုယ်ဝန်ရှိခြင်း၊ ဆေးဝါးနဲ့ တချို့ကျန်းမာရေးပြဿနာတွေကြောင့် ဖြစ်တတ်ပါတယ်။
၂။ အစားစားပြီးနောက် သွေးပေါင်ကျခြင်း
စားသောက်ပြီး ၁ – ၂ နာရီကြာတဲ့အခါမှာ ဖြစ်ပါတယ်။
အသက်ကြီးတဲ့လူတွေ(အထူးသဖြင့် သွေးတိုးရှိတဲ့/ ပါကင်ဆန်လို အာရုံကြောရောဂါရှိတဲ့သူတွေ)မှာ ပိုဖြစ်ပါတယ်။
ကစီဓာတ်နည်းတဲ့အစားအစာကို ပမာဏနည်းနည်းစားခြင်း၊ ရေသောက်ခြင်း၊ အရက်မသောက်ခြင်းဖြင့် သက်သာစေနိုင်ပါတယ်။
၃။ အကြာကြီး မတ်တပ်ရပ်တဲ့အခါ သွေးပေါင်ကျခြင်း
အများအားဖြင့် လူငယ်တွေနဲ့ ကလေးငယ်တွေမှာ ဖြစ်ပါတယ်။
နှလုံးနဲ့ ဦးနှောက် အချက်ပြဆက်သွယ်မှု လွဲမှားခြင်းကြောင့်ဖြစ်တာပါ။
၄။ ရှားပါးအာရုံကြောရောဂါစုကြောင့်ဖြစ်တဲ့ သွေးပေါင်ကျခြင်း
ခန္ဓာကိုယ်ရဲ့ အလိုအလျောက်လုပ်ငန်းစဉ်တွေဖြစ်တဲ့ သွေးပေါင်ချိန်၊ နှလုံးခုန်နှုန်း၊ အသက်ရှူခြင်း၊ အစာခြေခြင်းစတာတွေအပေါ် သက်ရောက်တဲ့ရောဂါဖြစ်ပါတယ်။
သွေးပေါင်ချိန် အတက်အကျ ကြမ်းပါတယ်။
ရောဂါလက္ခဏာများ
အမြင်ဝါးခြင်း
မူးမိုက်ခြင်း
မေ့လဲခြင်း
မောပန်းခြင်း
အာရုံစိုက်ရခက်ခြင်း
ပျို့ခြင်း
သွေးပေါင်အရမ်းကျတဲ့အခါမှာဆို ခြေဖျားလက်ဖျားအေး၊ အသားရောင်ဖြူဖျော့၊ သွေးခုန်နှုန်းအားနည်းပြီးမြန်၊ အသက်ရှူမြန်၊ ကယောင်ကတမ်းတွေဖြစ်ပြီး ရှော့ရတတ်ပါတယ်။
အထက်ပါလက္ခဏာတွေ ပြင်းထန်တဲ့အခါ (သို့) ရှော့ရတဲ့လက္ခဏာတွေပေါ်လာတဲ့အခါ အရေးပေါ်ကုသမှုခံယူပါ။ သာမန်လက္ခဏာတွေဖြစ်ကတည်းက ဆရာဝန်နဲ့သေချာဆွေးနွေးပြီး ကုသတာပိုကောင်းပါတယ်။
သွေးပေါင်ကျစေနိုင်တဲ့ အကြောင်းအရင်းများ
ကိုယ်ဝန်ရှိခြင်း
နှလုံးနဲ့ နှလုံးအဆို့ရှင် မကောင်းခြင်း
ဟော်မုန်းဆိုင်ရာရောဂါများ
ရေဓာတ်နည်းခြင်း
သွေးထွက်များခြင်း
ပိုးဝင်ပြီး သွေးဆိပ်တက်ခြင်း
ပြင်းထန်တဲ့ ဓာတ်မတည့်မှု
အာဟာရဓာတ်(B12/သံဓာတ်/ဖောလစ်အက်ဆစ်) ချို့တဲ့ခြင်း
တချို့ဆေးဝါး
အောက်ပါအခြေအနေရှိသူတွေမှာတော့ သွေးပေါင်ကျနိုင်ခြေများပါတယ်။
အသက် ၆၅ နှစ်ကျော်ခြင်း
သွေးကျဆေးသောက်နေရသူများ
ပါကင်ဆန်၊ ဆီးချို၊ နှလုံးရောဂါရှိသူများ
သွေးပေါင်ကျတတ်တဲ့သူတွေက မူးတာ၊ အားနည်းတာ၊ မေ့လဲတာ၊ ပြုတ်ကျဒဏ်ရာရတာ၊ ပြင်းထန်တဲ့အခါ အောက်စီဂျင်ပြတ်လတ်ပြီး နှလုံးနဲ့ ဦးနှောက်ထိခိုက်တာမျိုးအထိဖြစ်နိုင်ပါတယ်။
ဒါကြောင့် သွေးပေါင်ကျလို့စိုးရိမ်နေပြီဆိုရင် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပြီး သင့်တော်တဲ့ကုသမှုရယူဖို့ တိုက်တွန်းလိုက်ပါတယ်။