AMI Life News

မကြာခဏ ခြေလက်ထုံကျင်တာ ကျန်းမာရေးချို့ယွင်းမှုတစ်ခုလား?

ခြေလက်တွေ ထုံကျဉ်လို့ ဘာဖြစ်တာလဲ?

ပုံမှန်မှာလည်း လက်မောင်းကို ခေါင်းအုံးလို လုပ်ပြီး အိပ်တာ၊ ခြေထောက်တွေကို အကြာကြီး ဖိပြီး ထိုင်မိတာ ဒါမျိုးတွေမှာ ခြေတွေ လက်တွေ ကျဉ်တာမျိုးခံစားရတတ်ပါတယ် ဒါပေမယ့် ခဏလောက် ပုံစံပြောင်းပြီး လှုပ်လှုပ်ရှားရှား လုပ်လိုက်ရင် သက်သာသွားတတ်ပါတယ်

ဒီအတိုင်းကို ခြေလက်တွေမှာ ထုံကျဉ်မှုကို ခံစားရတယ်၊ ဖြစ်တာလည်း အချိန်ကြာလာပြီဆိုရင်တော့ ဘာကြောင့်လဲ ဆိုတာ စဉ်းစားဖို့လိုလာပါပြီ

ခြေလက် ထုံကျဉ်တာ ခံစားရစေတဲ့ အကြောင်းရင်းများ

၁။ဆီးချိုရောဂါ

    အဖြစ်များဆုံးအကြောင်းရင်းတစ်ခုပါပဲ။ ဆီးချိုကြောင့် အာရုံကြောတွေ ထိခိုက်တာ၊ သွေးလည်ပတ်မှုမကောင်းတာတွေကြောင့် ခြေလက်တွေမှာ ထုံကျဉ််တာ ကို ခံစားရတတ်ပါတယ်

၂။ ဗီတာမင် ချို့တဲ့မှု

     ခန္တာကိုယ်မှာ အာရုံကြောအတွက် ကောင်းမွန်စေတဲ့ vitamin B1,vitamin B6, vitamin B12 , vitamin E , Folic acid တွေ လုံလုံလောက်လောက် မရှိတာကြောင့်လည်း ဖြစ်နိုင်ပါတယ်

၃။ အာရုံကြောညပ်ခြင်း ၊ဖိမိခြင်း

     ထိခိုက်ဒဏ်ရာရတာ၊ ထပ်ခါထပ်ခါလှုပ်ရှားပြီး အသုံးပြုရတဲ့ အခြေအနေ ဥပမာ ကွန်ပြူတာ ဖုန်းကိုနေ့တိုင်း အချိန်များများပေးပြီး သုံးနေရသူတွေ၊ ရောင်ရမ်းခြင်း၊ လည်ပင်းကျီးပေါင်း စတာတွေမှာ အာရုံကြောကို ဖိမိတဲ့အတွက် ကျဉ်တာ၊ထုံတာ၊နာတာတွေ ခံစားရနိုင်ပါတယ်

၄။အရက်သောက်ခြင်း

     အရက်သောက်တာ အချိန်ကြာလာတာနဲ့အမျှ အာရုံကြောတွေကို ထိခိုက်လာတာကာ ခြေလက်ထုံကျဉ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်

၅။ခုခံအားဖောက်ပြန်သောရောဂါများ

    မိမိရဲ့ ခုခံအားစနစ်က ဖောက်လွဲဖောက်ပြန်ဖြစ်ပြီး ကိုယ့်ခန္တာကိုယ်က ဆဲလ်တွေကို ပြန်တိုက်တဲ့အခါ အာရုံကြောတွေလည်း ထိခိုက်ရပါတယ်

ဥပမာ-သွေးလေးဖက်နာ၊ အရေပြားလေးဖက်နာ၊ multiple sclerosis စတာတွေပဲ ဖြစ်ပါတယ်

၆။အချို့ဆေးဝါးကုသမှုများ

     ဥပမာ-ဓာတ်ရောင်ခြည်ကုသမှု

  • နှလုံးနှင့်ပတ်သတ်သောဆေး : amiodarone
  • ပိုးသတ်ဆေး : metronidazole
  • အတက်ကျဆေး : phenytoin

၇။ ပိုးဝင်ခြင်းများ

      ဥပမာ- HIV/AIDS , အသည်းရောင်အသားဝါ ရောဂါ၊ ရေယုန်၊ အနာကြီးရောဂါ

၈။ဓာတ်ပစ္စည်း ၊ အဆိပ်ထိတွေ့မှု

    ဥပမာ – ပြဒါး၊ ခဲ၊ အာဆင်နစ်

၉။ကျောက်ကပ်အားနည်းခြင်း

၁၀။ကိုယ်ဝန်ဆောင်ချိန်

ဘယ်လိုကုသမလဲ

ဖြစ်တဲ့ အကြောင်းရင်းကို စစ်ဆေးပြီး ကုသရင် သက်သာသွားနိုင်ပါတယ်

ဥပမာ – ဆီးချိုဓာတ်ကို ပုံမှန်ထိန်းသွားတာမျိုး

ဓာတ်ချို့တဲ့တာတွေ အတွက် ပြန်ဖြည့်တာ၊ အာရုံကြောညပ်တာမျိုးအတွက် ခွဲစိတ်မှုလုပ်တာ စသဖြင့် ကုသလို့ရပါတယ်

ထုံကျဉ်တာ ခံစားရတာ သက်သာစေဖို့ မိမိရဲ့ လက်၊ခြေထောက်တွေ ကို ဂရုစိုက်ပါ။ အာဟာရမျှတအောင် ပြည့်ဝအောင် စားပါ။ ပုံမှန် လေ့ကျင့်ခန်းလုပ်ပါ။ အရက်သောက်တာ ရှောင်ကြဉ်ပါ။

Share Now: