အခုခေတ်မှာ ကလေးအစ လူကြီးအဆုံး “ဓမ္မတာ”၊ “ရာသီ” ဆိုတဲ့စကားလုံးတွေကို ရင်းနှီးသိကျွမ်းနေကြပြီဆိုပေမဲ့လည်း တကယ်ရေရေလည်လည်သိကြပြီလားဆိုရင်တော့ မသိကြတာများပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ အမျိုးသမီးတွေအတွက်အရေးပါတဲ့ ဓမ္မတာနဲ့ပတ်သက်လို့ သိသင့်သိထိုက်တဲ့အရာတချို့ကို အမျိုးသမီးတွေအပြင် အမျိုးသားတွေပါနားလည်နိုင်အောင်လို့ မျှဝေလိုက်ရပါတယ်။
ရာသီလာတယ်ဆိုတာ ဘာလဲ
ရာသီလာတယ်ဆိုတာ သားအိမ်အတွင်းနံရံတစ်ရှုးတွေ ပြိုကျဆင်းတဲ့သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ အကြမ်းဖျင်းအားဖြင့် အသက် ၁၁ – ၅၁ အတွင်းရှိအမျိုးသမီးတွေမှာ ပျမ်းမျှ ၂၈ ရက်တစ်ခါဖြစ်ပြီး ဟော်မုန်းလွှမ်းမိုးမှုတွေပါဝင်တဲ့ ဓမ္မတာဖြစ်စဉ်ပါ။
ရာသီစက်ဝန်းနဲ့ ဟော်မုန်း
ရာသီစက်ဝန်းကို အီစထရိုဂျင် (estrogen) နဲ့ ပရိုဂျက်စထရုန်း (progesterone) ဆိုတဲ့ ဟော်မုန်းတွေက ထိန်းကျောင်းပဲ့ပြင်ပါတယ်။ အီစထရိုဂျင်က ရာသီစက်ဝန်းရဲ့ ရှေ့တစ်ဝက်ကိုခြယ်လှယ်ပြီး သားအိမ်အတွင်းနံရံထူလာအောင်လှုံ့ဆော်ပါတယ်။ ရာသီစက်ဝန်းအလယ်လောက်ရောက်တဲ့အခါမှာတော့ သားဥအိမ်ကနေ ဥလေးတစ်ခုထွက်လာပါတယ်။ ဒါကို သားဥကြွေတယ်လို့ခေါ်ပါတယ်။ သားဥကြွေပြီးတဲ့နောက်မှာဆိုရင် ပရိုဂျက်စထရုန်းက ဆက်လက်ဦးစီးပြီး ကိုယ်ဝန်ဆောင်နိုင်အောင် သားအိမ်ကိုပြင်ဆင်ပါတယ်။ သုက်ပိုးနဲ့မတွေ့လို့ သန္ဓေမအောင်ခဲ့ရင်တော့ ဟော်မုန်းပမာဏတွေကျဆင်းသွားပြီး ရာသီသွေးဆင်းတယ်ဆိုတာ ဖြစ်လာပါတယ်။
ဓမ္မတာရဲ့ ရည်ရွယ်ချက်
ရာသီလာရခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ ကိုယ်ဝန်ဆောင်နိုင်ဖို့ ပြင်ဆင်ခြင်းပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း သုက်ပိုးနဲ့တွေ့ပြီးသန္ဓေအောင်ဖို့အတွက် သားအိမ်အတွင်းနံရံကို လစဉ်ပြန်လည်ပြင်ဆင်နေတာပါ။ ဒါတင်ပဲတော့မဟုတ်ပါဘူး။ ဓမ္မတာလာခြင်းက အမျိုးသမီးတွေမှာဟော်မုန်းမျှတအောင် ထိန်းညှိပေးပြီး အရိုးကျန်းမာအောင်လည်းကူညီပါတယ်။
ဓမ္မတာ လက္ခဏာများ
အမျိုးသမီးအများစုမှာဆိုရင် ရာသီလာတဲ့အခါ ရုပ်ပိုင်းဆိုင်ရာကော၊ စိတ်ပိုင်းဆိုင်ရာဝေဒနာတွေပါ ခံစားရလေ့ရှိပါတယ်။ ဝမ်းဗိုက်ပြည့်အင့်တာ၊ ရင်သားတွေနာတာကစလို့ စိတ်အပြောင်းအလဲမြန်တာ၊ စိတ်တိုဒေါသထွက်လွယ်တာ၊ ဗိုက်အောင့်တာတွေကြုံရတတ်ပါတယ်။ အပြင်းအပျော့နဲ့ ကြာချိန်ကတော့ တစ်ဦးနဲ့တစ်ဦးမတူနိုင်ပါဘူး။
ဓမ္မတာလာချိန် တစ်ကိုယ်ရေသန့်ရှင်းရေး
အမျိုးသမီးကျန်းမာရေးအတွက် ရာသီလာချိန်မှာ တစ်ကိုယ်ရေသန့်ရှင်းမှုကို အထူးဂရုစိုက်ဖို့လိုအပ်ပါတယ်။ ကိုယ်နဲ့အဆင်ပြေမယ့် လစဉ်သုံးပစ္စည်း(pad, tampon, menstrual cup)ကို ရွေးချယ်ပြီး ပုံမှန်လဲလှယ်အသုံးပြုခြင်းဖြင့် ပိုးမွှားကူးစက်မှုကိုကာကွယ်နေထိုင်ပါ။ ဒါ့အပြင် မိမိကိုယ်မိမိဂရုစိုက်ခြင်း၊ ကျန်းမာအောင်နေထိုင်ခြင်း၊ စိတ်ဖိစီးမှုလျှော့ချခြင်းတွေက ရာသီလာစဉ်ဝေဒနာတွေကိုသက်သာစေရုံသာမက ကျန်းမာရေးကိုလည်းအထောက်အကူပြုပါတယ်။
ကဲ ဒီလောက်ဆိုရင် ဓမ္မတာဆိုတာ အမျိုးသမီးတွေဘယ်လောက်အထိ ကြံ့ခိုင်သန်မာလဲပြသတဲ့ အံ့ဖွယ်တစ်ခုမှန်း သိကြပြီထင်ပါတယ်။ အမျိုးသမီးတွေအနေနဲ့လည်း ဓမ္မတာအကြောင်းကိုကောင်းကောင်းလေ့လာထားမှသာ မိမိကိုယ်မိမိသေချာဂရုစိုက်နိုင်ပြီး ဒါဟာ ရှက်စရာမဟုတ်မှန်းသိမှာပါ။ တကယ်တော့ ရာသီဓမ္မတာဆိုတာ အမျိုးသမီးတွေကို ကျန်းမာသန်စွမ်းအောင်ကူညီပေးနေတဲ့ ခမ်းနာတဲ့သဘာဝတစ်ခုသာဖြစ်ပါတယ်။