AMI Life News

ရင်သားကင်ဆာ သတိပြုစရာ

ရင်သားရှိသူတိုင်း ရင်သားကင်ဆာဖြစ်နိုင်တယ်ဆိုတာကို သတိပြုစေချင်ပါတယ်။ ရင်သားကင်ဆာကို အမျိုးသမီးတွေမှာပဲဖြစ်တယ်လို့ထင်နေကြတာများပါတယ်။ တကယ်တော့ အမျိုးသားတွေမှာလည်း ရင်သားကင်ဆာဖြစ်နိုင်ချေ (၀.၅ – ၁ ရာခိုင်နှုန်း) ရှိပါတယ်။ အသက်အရွယ်ကြီးလာလေ ရင်သားကင်ဆာ ဖြစ်နိုင်ချေမြင့်မားလေပါ။ ရင်သားကင်ဆာဆိုတာ ရင်သားတစ်သျှူးလေးတွေက ပုံမှန်ပွားနေရာက အကြောင်းအမျိုးမျိုးကြောင့် အထိန်းအကွပ်မဲ့ပွားလာပြီး ပုံမှန်မဟုတ်တဲ့ဆဲလ်(ကင်ဆာဆဲလ်)တွေ အဖြစ် ပြောင်းသွားတာပါ။ ရောဂါဖြစ်စမှာ သိသိသာသာ လက္ခဏာပြလေ့မရှိတာမို့ သတိမထားလိုက်မိ ချိန်မှာပဲ ကင်ဆာဆဲလ်တွေဟာ  ခန္ဓာကိုယ်အနှံ့ ပြန့်သွားပြီး အသက်သေဆုံးသည်အထိ ဖြစ်တတ်ပါတယ်။ ၂၀၂၀ စစ်တမ်းအရ ကမ္ဘာတစ်ဝှမ်းလုံးမှာ ရင်သားကင်ဆာကြောင့် သေဆုံးသူ ၆၈၅,၀၀၀ ဦး ရှိပါတယ်။

• အသက်အရွယ်ရလာသူ

• မိဘမျိုးရိုးမှာရင်သားကင်ဆာဖြစ်ဖူးတဲ့ရာဇဝင်ရှိသူ

• အပျိုဖော်အဝင်စောသူ (၁၂ နှစ် မတိုင်မီ)

• သွေးဆုံးနောက်ကျသူ (၅၅နှစ်ကျော်)

• မျိုးရိုးဗီဇပြောင်းပါလာသူ (BRCA1, BRCA2 genes mutations)

• အီစထရိုဂျင်ဟော်မုန်းကိုအချိန်ကြာကြီးအသုံးပြုနေရသူ(အီစထရိုဂျင်ဟော်မုန်းပမာဏမြင့်မားနေသူ)

• ရင်သားအကျိတ်များဖြစ်ဖူးသူ (ရင်သားတစ်သျှူးသိပ်သည်းဆများသူ)

• ဓာတ်ရောင်ခြည်ကုသမှု ခံယူခဲ့ဖူးသူ

• အထိုင်များသူ

• အဝလွန်သူ

• ဆေးလိပ်သောက်သူ

• အရက်အလွန်အကျွံသောက်သူတွေမှာ ရင်သားကင်ဆာဖြစ်နိုင်ခြေ ပိုများပါတယ်။ 

အများစုက ရောဂါဖြစ်စမှာ သိသိသာသာ လက္ခဏာမပြပဲ ရင်သားတစ်သျှူး တစ်ချို့ ထူလာပြီး အလုံးအကျိတ်ဖြစ်လာတဲ့အချိန်မှ စပြီးသတိပြုမိကြတာပါ။ ရင်သားမှာအလုံးအကျိတ် စမ်းမိတိုင်း  ရင်သားကင်ဆာ မဟုတ်ပါဘူး။

♦ ရင်သား နဲ့ ချိုင်းကြားမှာ အလုံးအကျိတ် ပေါ်လာခြင်း။

♦ ရင်သား အရွယ်အစားနဲ့ ပုံစံ ပြောင်းလဲလာခြင်း။

♦ ရင်သားတစ်ဝိုက်အရေပြားမှာ လိမ္မော်သီးခွံလို အချိုင့်လေးတွေ ဖြစ်လာခြင်း။

♦ နို့သီးခေါင်းပုံစံ နဲ့ နို့သီးခေါင်းတစ်ဝိုက်အရေပြား ပြောင်းလဲလာခြင်း။

♦ နို့သီးခေါင်းမှ သွေးအရည်ကြည်များ ထွက်ခြင်း။

♦ နို့သီးခေါင်း အတွင်းသို့ ချိုင့်ဝင်သွားခြင်း စတဲ့ လက္ခဏာတွေက ရင်သားကင်ဆာမှာတွေ့ရတတ်ပါတယ်။

ဒါကြောင့် ရင်သားမှာအလုံးအကျိတ်စမ်းမိပြီဆိုရင် ရင်သားကင်ဆာရဲ့ လက္ခဏာတွေရှိမရှိ ဆရာဝန်နဲ့ သေချာ စစ်ဆေးသင့်ပါတယ်။ ရင်သားကင်ဆာ ကို စမ်းသပ်စစ်ဆေးတဲ့အခါ လက်နဲ့သေချာစမ်းသပ် စစ်ဆေးပါတယ်။    ရင်သားမှာ အလုံးအကျိတ် နဲ့ တစ်ခြားလက္ခဏာတွေ ရှိမရှိသေချာစမ်းသပ်စစ်ဆေးပါတယ်။ ပုံရိပ်ဖော်ပြီး စစ်ဆေးပါတယ်။ Mammogram က ရင်သားအတွင်းက အလုံးအကျိတ်တွေ ကိုပုံရိပ်ဖော်ပေးပါတယ်။ Ultrasound က အလုံးအကျိတ်ကို တစ်သျှူးလား၊ အရည်အိတ်လား ခွဲခြားပေးပါတယ်။ MRI က ခန္ဓာကိုယ်အတွင်းအင်္ဂါတွေနဲ့ တစ်သျှူးတွေကို ပိုမိုတိကျတဲ့ ပုံရိပ်ဖော်ပေးပါတယ်။ အသားစယူပြီး စစ်ဆေးပါတယ်။

ဓာတ်ခွဲခန်းမှာ အသားစ(တစ်သျှူး)ယူစစ်ဆေးခြင်းက ကင်ဆာအမျိုးအစားနဲ့ ဟော်မုန်းကိုတုံ့ပြန်မှု ရှိမရှိ သိနိုင်ပါတယ်။

ရင်သားကင်ဆာ အမျိုးအစား (၂) မျိုး ရှိပါတယ်။

(၁) နို့ရည်ပြွန်တွေမှာ စတင်ဖြစ်ပွားတဲ့ နို့ရည်ပြွန်ကင်ဆာ (Ductal carcinoma)

(၂) နို့ရည်ထုတ်ဂလင်းတွေကနေ စတင်ဖြစ်ပေါ်တဲ့ နို့ရည်ထုတ်ဂလင်းကင်ဆာ (Lobular carcinoma)

ရင်သားကင်ဆာကို အကျိတ်အရွယ်အစား၊ ကင်ဆာဆဲလ်ပြန့်နှံ့မှု အပေါ်မူတည်ပြီး အဆင့်(၄)ဆင့် သတ်မှတ်ပါတယ်။

အဆင့် (၀)

ကင်ဆာဆဲလ်တွေက နို့ရည်ပြွန်မှာစဖြစ်ပြီး ဘေးနားကရင်သားတစ်သျှူးတွေဆီပြန့်နှံ့ခြင်း မရှိသေးပါ။

အဆင့် (၁)

အလုံးက ၂ စင်တီမီတာအရွယ်ရှိပြီး ပြန်ရည်ကျိတ် (Lymph nodes) တွေဆီ ပြန့်နှံ့ခြင်းမရှိသေးပါ။

အဆင့်(၂)

အလုံးက ၂ စင်တီမီတာအရွယ်ရှိပြီး ပြန်ရည်ကျိတ် (Lymph nodes) တွေဆီ စတင်ပြန့်နှံ့မှုရှိနေပါပြီ။

အဆင့်(၃)

အလုံးက ၅ စင်တီမီတာအရွယ်အထိရှိလာပြီး ပြန်ရည်ကျိတ် (Lymph nodes) တွေဆီပြန့်နှံ့မှု ရှိပါတယ်။

အဆင့်(၄)

ကင်ဆာဆဲလ်တွေက အရိုး၊ အသည်း၊ အဆုတ်စတဲ့ ကိုယ်တွင်းအင်္ဂါတွေဆီ ပြန့်နှံ့သွားပါပြီ။

ရင်သားကင်ဆာကို စောစောသိ၊ စောစော ကုသမှုခံယူမယ်ဆိုရင် အကျိုးရလဒ်ပိုကောင်းပါတယ်။ ကင်ဆာ အဆင့်၊ လူနာကျန်းမာရေး အခြေအနေ နှင့် အခြားသော အခြေအနေတွေအပေါ် မူတည်ပြီး ကုသမှုနည်းလမ်း ကို ရွေးချယ်ရပါတယ်။

• ခွဲစိတ်ကုသခြင်း။

ခွဲစိတ်ကုသခြင်းက ကင်ဆာအလုံးအကျိတ်ကိုဖယ်ရှားတာ (သို့) ရင်သားတစ်ခုလုံးဖယ်ရှားတာပါ။ လိုအပ်ရင် ပြန်ရည်ကျိတ်တွေကိုပါဖယ်ရှားရပါတယ်။

• ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်း။

ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်းက မျက်စိနဲ့မမြင်နိုင်တဲ့ကင်ဆာဆဲလ်လေးတွေ ပြန့်နှံ့မှုကို ကာကွယ်ပေး ပါတယ်။ နောက်တကြိမ်ပြန်ဖြစ်နိုင်ချေကိုလည်း လျော့ချပေးပါတယ်။

• ဟော်မုန်းတားဆီးကုသခြင်း။

ဟော်မုန်းကိုတုံ့ပြန်မှုရှိတဲ့ရင်သားကင်ဆာတွေကို ဟော်မုန်းဆေးကုထုံး (tamoxifen, aromatase inhibitors) နဲ့ တားဆီးကုသနိုင်ပါတယ်။ အနည်းဆုံး ၅နှစ် မှ ၁၀ နှစ်အထိ ဟော်မုန်းဆေးကုထုံးနဲ့  ကုသမယ်ဆိုရင် နောက်တကြိမ် ပြန်ဖြစ်နိုင်ချေကိုတဝက်နီးနီး လျော့ချပေးပါတယ်။

• ဓာတုနည်းလမ်းနဲ့ ကုသခြင်း။

ဟော်မုန်းကိုတုံ့ပြန်မှုမရှိတဲ့ရင်သားကင်ဆာတွေမှာတော့ ဓာတုနည်းလမ်းနဲ့ ကုသနိုင်ပါတယ်။ ဓာတုနည်းလမ်းနဲ့ ကုသခြင်းကလည်း နောက်တကြိမ် ပြန်ဖြစ်နိုင်ချေကို လျော့ချပေးပါတယ်။

ရင်သားကင်ဆာကို သေချာကုသမယ်ဆိုရင် ရလဒ်ကောင်းပါတယ်။ ရင်သားကင်ဆာ အဆင့် (၀) နဲ့အဆင့် (၁) မှာ ကုသမှုရမယ်ဆိုရင် နောက် (၅) နှစ်အသက်ရှင်နိုင်ချေ (၁၀၀) ရာခိုင်နှုန်း ရှိပါတယ်။ ဒါကြောင့် ရင်သားကင်ဆာလက္ခဏာတွေကို သတိပြုပြီး မိမိရင်သားကို (တစ်လတစ်ကြိမ်) မိမိဘာသာ ပုံမှန်စမ်းသပ်ပါ။ (တစ်နှစ်တစ်ကြိမ်) ဆရာဝန်ကြီးများနှင့် စစ်ဆေးမှု ပြုလုပ်ပါ။ အရက်အလွန်အကျွံသောက်ခြင်းရှောင်ပါ။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပြုလုပ်ပါ။ ကိုယ်အလေးချိန် ထိန်းပါ။ မိဘမျိုးရိုးမှာရင်သားကင်ဆာ  ဖြစ်ဖူးသူရှိခဲ့မယ်ရင်တော့ ပိုပြီးသတိပြုသင့်ပါတယ်။

Share Now: