AMI Life News

သွေးတိုးရှိသူများ အသက်ရှည်ကျန်းမာစွာနေနိုင်မည့်နည်းလမ်းများ

သွေးတိုးရောဂါဆိုတာ ဆေးသောက်ရုံတစ်ခုတည်းနဲ့ သက်သာပျောက်ကင်းတဲ့ရောဂါမဟုတ်ဘဲ နေထိုင်စားသောက်ပုံပြောင်းလဲမှု၊ စည်းကမ်းလိုက်နာမှုတွေလည်း လိုအပ်ပါတယ်။ ဒါမှသာ ရောဂါကိုကောင်းကောင်းထိန်းချုပ်နိုင်ပြီး နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေအဖြစ်နည်းမှာပါ။ ဒါကြောင့် ဒီနေ့မှာတော့ သွေးတိုးရောဂါရှိသူတွေ လိုက်နာရမယ့်အရာတွေကိုမျှဝေလိုက်ပါတယ်။ 

၁။ ပုံမှန်သွေးပေါင်ချိန်ပါ 

စိတ်ချရတဲ့ သွေးပေါင်ချိန်ကိရိယာနဲ့ အိမ်မှာ အမြဲသွေးပေါင်ချိန်ပါ။ ဒါမှသာ အန္တရာယ်ရှိတဲ့၊ ကိုယ်တွင်းအင်္ဂါပျက်စီးနိုင်တဲ့ သွေးပေါင်ချိန်မြင့်တက်မှုကို သတိထားမိနိုင်မှာဖြစ်ပါတယ်။ 

၂။ ဆေးစွဲသောက်ပါ 

ဆရာဝန်ညွှန်ကြားတဲ့အတိုင်းဆေးကို စွဲစွဲမြဲမြဲသောက်ပါ။ ဆေးသောက်နားတာ၊ ရပ်တာတွေကို ဆရာဝန်နဲ့မတိုင်ပင်ဘဲမလုပ်ပါနဲ့။ မဟုတ်ရင် သွေးတိုးကိုကောင်းကောင်းမထိန်းချုပ်နိုင်တော့ဘဲ လေဖြတ်တာ၊ နှလုံးထိတာတွေဖြစ်လာနိုင်ပါတယ်။ 

၃။ ကျန်းမာအောင်စားသောက်ပါ 

ကျန်းမာရေးကိုအထောက်အကူပြုမယ့် အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ ပရိုတင်းစတာတွေကို စားသုံးပါ။ အငန်၊ ဆားစားသုံးမှုကို ထိထိရောက်ရောက်လျှော့ချပါ။ ဘာကြောင့်လဲဆို ငန်တဲ့၊ အဆီများတဲ့၊ အသင့်စားနိုင်တဲ့အစားအစာတွေက သွေးပေါင်ချိန်ကိုမြင့်တက်စေပြီး နှလုံး၊ ကျောက်ကပ်ကိုထိခိုက်စေနိုင်ပါတယ်။ 

၄။ ကိုယ်လက်လှုပ်ရှားမှုရှိပါ 

ဆရာဝန်ညွှန်ကြားတဲ့အတိုင်း ပုံမှန်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါ။ တစ်ပတ်ကို အနည်းဆုံး မိနစ် ၁၅၀ ကြာ အလယ်အလတ်ပြင်းထန်တဲ့လေ့ကျင့်ခန်း (သို့) ၇၅ မိနစ်ကြာ ပြင်းထန်တဲ့လေ့ကျင့်ခန်းကို အဆင်ပြေသလိုလုပ်နိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုမရှိရင် ဝိတ်တက်လာနိုင်ပြီး သွေးပေါင်ထိန်းရခက်တာ၊ အဝလွန်ပြဿနာတွေပါဖြစ်လာတတ်ပါတယ်။ 

၅။ အရက်၊ ကဖင်းကို ကန့်သတ်သောက်သုံးပါ 

ဒါတွေကို အလွန်အကျွံသောက်သုံးခြင်းက သွေးပေါင်ချိန်ကိုမြင့်တက်စေပြီး နှလုံးခုန်မမှန်တာတွေဖြစ်နိုင်ပါတယ်။ 

၆။ စိတ်ဖိစီးမှုကို လျှော့ချပါ။ 

စိတ်ဖိစီးတာကြာရင် သွေးပေါင်ချိန်ကတက်လာနိုင်တာမို့ စိတ်သက်သာပြေလျော့စေမယ့် အသက်ရှူလေ့ကျင့်ခန်း၊ တရားထိုင်တာ၊ ယောဂကျင့်တာ၊ စိတ်အပန်းပြေမယ့်အရာမျိုးတွေ ပြုလုပ်ပါ။ 

၇။ ဆေးလိပ်ဖြတ်ပါ 

ဆေးလိပ်က သွေးကြောကိုထိခိုက်ပျက်စီးစေပြီး သွေးတိုးကိုပိုဆိုးစေပါတယ်။ ဒါကြောင့် ဆေးလိပ်သောက်ရင် ဖြတ်ဖို့ကြိုးစားပါ။ 

၈။ ဆရာဝန်နဲ့ ပုံမှန်ပြသစစ်ဆေးပါ 

သတ်မှတ်ထားတဲ့အချိန်တွေမှာ ဆရာဝန်နဲ့ပြန်ပြပြီး ညွှန်ကြားတဲ့အတိုင်းစစ်ဆေးမှုတွေကိုပြုလုပ်ပါ။ ဒါမှ သွေးတိုးနောက်ဆက်တွဲပြဿနာတွေကို စောစောသိပြီးကုသနိုင်မှာဖြစ်ပါတယ်။ 

သွေးတိုးရောဂါဆိုတာ တစ်ဘဝလုံးကုသသွားရမယ့်နာတာရှည်ဝေဒနာတစ်ခုပါ။ ဒါကြောင့် နောက်ဆက်တွဲကျန်းမာရေးပြဿနာနည်းစွာနဲ့ ကျန်းကျန်းမာမာနေထိုင်သွားနိုင်အောင် လိုက်နာသင့်တာကိုလိုက်နာကြဖို့ အသိပေးမျှ‌ဝေလိုက်ပါတယ်။ 

Share Now: