AMI Life News

အနံ့ ကောင်းကောင်း မရရင် Covid – 19 လို့ယူဆသင့်လား

အနံ့ကောင်းကောင်းမရတာဟာ လုံးဝမရတာလည်းဖြစ်နိုင်သလို အနံ့တစ်ချို့ ပျောက်သွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဖြစ်တဲ့အကြောင်းရင်းပေါ်မူတည်ပြီး ယာယီ ဒါမှမဟုတ် ကြာရှည် အနံ့မရတာမျိုးလည်းရှိပါတယ်။ အဖြစ်များတဲ့အကြောင်းရင်းတွေကတော့

  • အအေးမိနှာခေါင်းပိတ်ခြင်း
  • ထိပ်ကပ်နာ
  • ဓာတ်မတည့်မှု
  • နှာခေါင်းတွင်းရှိ အသားပို စတာတွေပဲဖြစ်ပါတယ်။

ဒါတွေမှာ အနံ့မရတာအပြင် မရှိတဲ့ အနံ့တွေရတာ ပုံမှန် အနံ့မဟုတ်ဘဲ အနံ့ပြောင်းသွားတာ တွေလည်း ဖြစ်နိုင်ပါတယ်။ တခြားအကြောင်းရင်းတွေကတော့

  • တော်တော်များများသိကြတဲ့ ကိုဗစ်ပိုးဝင်ခြင်း
  • အသက်အရွယ်ကြီးခြင်း
  • ဦးနှောက် အာရုံကြောဆိုင်ရာပြဿနာများ (ဥပမာ-အယ်ဇိုင်းမားရောဂါ၊ ဦးနှောက်အကြိတ်)
  • အတက်ရောဂါ
  • ခေါင်းထိခိုက်ဒဏ်ရာရမှု
  • ဟော်မုန်းပြဿနာ
  • ပေါင်းသတ်ဆေး၊ဓာတုပစ္စည်းများနဲ့ ထိတွေ့မှုရှိခြင်း
  • ခေါင်း၊လည်ပင်းတစ်ဝိုက်ဓာတ်ရောင်ခြည်ကုသမှု
  • အာဟာရဓာတ်ချို့တဲ့ခြင်း စတာတွေမှာလည်း ဖြစ်နိုင်ပါတယ်။

ဘယ်လိုကုသမလဲ?

ကုသမှုက ဖြစ်တဲ့အကြောင်းအရင်းပေါ်မူတည်ပါတယ်။ အအေးမိတာ၊ ဓာတ်မတည့်တာတွေကြောင့် ဖြစ်တာဆိုရင် ရက်ပိုင်းအတွင်း သူ့အလိုလိုသက်သာသွားတတ်ပါတယ်။ မသက်သာဘူးဆိုရင်တော့ တခြားအကြောင်းတွေကြောင့် ဖြစ်နေနိုင်တာမို့ ပြသစစ်ဆေးကြည့်သင့်ပါတယ်။

သက်သာစေဖို့အတွက် ဆေးသောက်တာ၊ ဆေးစက်ချတာ၊ ဆေးရည်ဖြန်းတာတွေ၊ နှာခေါင်းပိတ်ရတဲ့ အကြောင်းအရင်းကိုရှာပြီး ဖယ်ထုတ်ကုသတာတွေ လုပ်လို့ရပါတယ်။ ဆေးလိပ်ဖြတ်ရပါမယ်။

ဓာတ်မတည့်မှု ဖြစ်စေတဲ့အရာတွေတတ်နိုင်သမျှရှောင်ရပါမယ်။

အနံ့ပျောက်တာကနေ ဘာတွေ ဖြစ်လာနိုင်လဲ?

အနံ့မရတဲ့အတွက် အစာစားချင်စိတ် နည်းပါးလာတာကနေ အာဟာရဓာတ်ချို့တဲ့တာ၊ ကိုယ်အလေးချိန် ကျတာတွေ ဖြစ်နိုင်ပါတယ်။

အရေးကြီးတာကတော့ gas အနံ့ ၊ မီးခိုးငွေ့နံ့၊ အစားအသောက်ပုပ်သိုးနံ့ စတဲ့ သတိထားရမှာတွေကို မသိတာမျိုး ဖြစ်နိုင်တာကြောင့် သေချာဂရုစိုက်ဖို့ လိုအပ်ပါတယ်။

မီးခိုးငွေ့ကို အချက်ပေးတဲ့ ပစ္စည်းတပ်တာ၊ အစားအသောက်တွေမှာ ကုန်ဆုံးရက်ကို မှတ်ထားတာ၊

ပိုးသတ်ဆေး၊ သန့်ရှင်းရေးလုပ်ရာမှာသုံးတဲ့ ပစ္စည်းတွေဆို ဂရုတစိုက်ဖတ်ကြည့်ပြီးမှ သုံးတာမျိုးတွေ လုပ်သင့်ပါတယ်။

အနံ့မရတာ၊ အနံ့ပျောက်တာတွေ အချိန်ကြာမြင့်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးတိုင်ပင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။

Share Now: