အမျိုးသမီးတစ်ယောက် ကိုယ်ဝန်ဆောင်တဲ့အခါ သိချင်၊ မေးချင်တဲ့မေးခွန်းတွေထဲ “လင်မယားအတူနေလို့ရလား” ဆိုတာလည်း တစ်ခုအပါအဝင်ဖြစ်မှာပါ။ ဒါကြောင့် ဒီနေ့မှာ ကိုယ်ဝန်ဆောင်ချိန် အတူနေမယ်ဆိုရင် သိထားသင့်တဲ့အရာတွေကို မျှဝေသွားပါမယ်။
သားအိမ်ဆိုတာ ကြံ့ခိုင်သန်မာတဲ့ကြွက်သားဖြစ်ပြီး သားအိမ်ထဲကရေမွှာရည်ကလည်း ကလေးကိုကာကွယ်ပေးထားပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ လမစေ့ဘဲမွေးဖူးခြင်း၊ အချင်းအရှေ့ရောက်ခြင်းစတဲ့ ပြဿနာတွေမရှိဘူးဆိုရင် အတူနေတာက ကလေးကိုမထိခိုက်နိုင်ပါဘူး။ ဒါပေမဲ့ ကိုယ်ဝန်ရှိရင် လိင်စိတ်အားထက်သန်မှုနဲ့ သက်သောင့်သက်သာဖြစ်မှုက ပြောင်းလဲသွားနိုင်ပါတယ်။
ကိုယ်ဝန်ရှိချိန်အတူနေရင် ကိုယ်ဝန်ပျက်နိုင်လား
ကိုယ်ဝန်ပျက်ခြင်းအများစုက သန္ဓေသားက ဖွံ့ဖြိုးသင့်သလောက်မဖွံ့ဖြိုးလို့ ဖြစ်ကြတာပါ။ ကိုယ်ဝန်ရှိချိန်မှာအတူနေခြင်းကြောင့် ကိုယ်ဝန်မပျက်နိုင်ပါဘူး။
ဒါပေမဲ့ အတူနေပြီးရင် ဗိုက်နာတာ၊ သွေးအနည်းငယ်စွန်းတာမျိုး ဖြစ်လေ့ရှိပါတယ်။ တကယ်လို့ ဗိုက်နာတာမပျောက်သွားဘူး (သို့) ရာသီလာသလို သွေးအများကြီးဆင်းရင်တော့ ဆရာဝန်နဲ့ပြသသင့်ပါတယ်။
ဘယ်လိုအနေအထားက အကောင်းဆုံးလဲ
နေရတာသက်သောင့်သက်သာဖြစ်သရွေ့ ဘယ်လိုပုံစံဖြစ်ဖြစ်အဆင်ပြေပါတယ်။ ဗိုက်အပေါ်ဖိအားသက်ရောက်စေမယ့် အနေအထားမျိုးကိုပဲ ရှောင်ကြဉ်ပါ။
အတူမနေသင့်တဲ့အချိန်ရှိလား
အတူနေတဲ့အခါ (သို့) လိင်စိတ်ဆန္ဒပြီးမြောက်တဲ့အခါမှာ သားအိမ်ကြွက်သားက ညှစ်လေ့ရှိပါတယ်။ ဒါပေမဲ့ ပုံမှန်အားဖြင့် စိုးရိမ်စရာမရှိပါဘူး။
ဒါပေမဲ့ အောက်ပါအခြေအနေတွေမှာတော့ ဆရာဝန်တွေက အတူမနေဖို့အကြံပြုတတ်ပါတယ်။
မိန်းမကိုယ်သွေးဆင်းခြင်း
ရေမွှာရည်စိမ့်ခြင်း
သားအိမ်ခေါင်း အချိန်မတိုင်မီပွင့်ခြင်း(သားအိမ်ခေါင်း မလုံခြင်း)
အချင်းက သားအိမ်ခေါင်းဝကို ပိတ်ထားခြင်း
လမစေ့ဘဲ ကလေးမွေးဖူးခြင်း၊ ဗိုက်နာဖူးခြင်း
ကိုယ်ဝန်ရှိတဲ့အခါ တချို့အမျိုးသမီးတွေက လိင်စိတ်ဆန္ဒပိုများလာပြီး တချို့ကတော့ ပိုနည်းသွားတတ်ပါတယ်။ ဒါကြောင့် မိမိစိတ်ဆန္ဒကို မိမိလက်တွဲဖော်နဲ့ပွင့်ပွင့်လင်းလင်းပြောဆိုပြီး ပျော်ရွှင်ကျန်းမာတဲ့ ကိုယ်ဝန်ဆောင်ကာလကို ဖြတ်သန်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

