Search
Close this search box.
Search
Close this search box.

AMI Life News

ဓမ္မတာလာချိန်မှာ အတူနေလို့ရလား?

ရာသီလာချိန်မှာအတူနေရင် ဒုက္ခများတတ်တယ်လို့ သိပ္ပံနည်းကျတွေ့ရှိချက်မျိုးက မရှိပါဘူး။ စိတ်ချလက်ချအတူနေနိုင်တဲ့အပြင် တခြားကောင်းကျိုးတွေတောင် ရနိုင်ပါသေးတယ်။ ဒါကြောင့် ဒီနေ့မှာတော့ ရာသီလာချိန်မှာ အတူနေခြင်းရဲ့အကျိုးကျေးဇူးနဲ့ သတိပြုစရာတချို့ကို ဝေမျှသွားပါမယ်။ 

✅အကျိုးကျေးဇူး 

◾လိင်စိတ်ဆန္ဒမြင့်တက်ခြင်း – အများစုက ဓမ္မတာလာချိန်မှာ လိင်စိတ်ဆန္ဒများတတ်ပါတယ်။ ဒါက တင်ပဆုံအတွင်းပိုင်းမှာ ခပ်လေးလေးဖြစ်နေတဲ့ခံစားချက်ကြော င့်ဖြစ်နိုင်သလို ဒီအချိန်က ကိုယ်ဝန်ရနိုင်ခြေနည်းတယ်ဆိုတဲ့ အသိကြောင့်လည်း ဖြစ်နိုင်ပါတယ်။ 

◾သဘာဝချောဆီရှိခြင်း – ရာသီသွေးက သဘာဝချောဆီသဖွယ်ပြုမူလို့ ပိုပြီးသက်သောင့်သက်သာနဲ့ ခံစားမှုပို‌ကောင်းစေနိုင်ပါတယ်။ 

◾ဗိုက်အောင့်သက်သာခြင်း – လိင်စိတ်ပြီးမြောက်ခြင်းက သားအိမ်ကြွက်သားတွေကိုကျုံ့ဆန့်စေလို့ နာကျင်မှုတွေကိုပြေလျော့စေပါတယ်။ ဒါ့အပြင် အတူနေတဲ့အခါထွက်လာတဲ့ Endorphin ဟော်မုန်းကလည်း နာကျင်မှုသက်သာစေပါတယ်။ 

◾ဓမ္မတာရက်တိုနိုင်ခြင်း – အထက်မှာပြောခဲ့သလို သားအိမ်ကျုံ့ဆန့်မှုကြောင့် သားအိမ်တွင်းကြွေဆင်းမှုက ပိုမြန်သွားပြီး ရာသီလာရက်ပိုတိုသွားတတ်ပါတယ်။ ဒါပေမဲ့ သိပ္ပံနည်းကျအထောက်အထားတော့ မရှိသေးပါဘူး။ 

◾ခေါင်းကိုက်သက်သာခြင်း 

အထက်မှာပြောခဲ့တဲ့ Endorphin ဟော်မုန်းက ဒီလိုအချိန်မှာဖြစ်တတ်တဲ့ ခေါင်းကိုက်ဝေဒနာကိုလည်း သက်သာစေနိုင်ပါတယ်။ 

✅သတိပြုစရာများ 

ယေဘုယျအားဖြင့် ဓမ္မတာလာချိန်မှာအတူနေတာက ဘေးကင်းတယ်ဆိုပေမဲ့ သတိပြုရမှာတွေတော့ရှိပါတယ်။ 

◾ကိုယ်ဝန်ရနိုင်ခြေရှိခြင်း – သုတ်ပိုးက အမျိုးသမီးကိုယ်ထဲမှာ ၅ ရက်အထိရှင်သန်နိုင်တာမို့ ခပ်စောစောသာ မမျိုးဥကြွေခဲ့ရင် ကိုယ်ဝန်ရနိုင်ခြေရှိပါတယ်။ ဒါကြောင့် ကိုယ်ဝန်တားနည်းတစ်ခုခုသုံးဖို့ အရေးကြီးပါတယ်။ 

◾လိင်ကူးစက်ရောဂါ ရနိုင်ခြေများခြင်း – သွေးထွက်များတဲ့ ဓမ္မတာအချိန်မှာ အတူနေတာက ရောဂါပိုးကူးစက်နိုင်ခြေပိုများပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုရော၊ ကိုယ့်လက်တွဲကိုပါကာကွယ်ဖို့ ကွန်ဒုံးအသုံးပြုပါ။ 

◾မိန်းမကိုယ် ခြောက်သွေ့ခြင်း – Tampon သုံးတဲ့အမျိုးသမီးတွေမှာ အတူမနေခင် Tampon ကိုဖယ်လိုက်တာကြောင့် မိန်းမကိုယ်ခြောက်သွေ့နေနိုင်ပါတယ်။ ဒါကြောင့် နာကျင်မှုမရှိရလေအောင် ချောဆီကိုသုံးပါ။ 

◾Tampon ကိုသတိပြုခြင်း – အတူမနေခင် Tampon ကိုဖယ်ဖို့မမေ့ပါနဲ့။ တကယ်လို့သာ Tampon က မိန်းမကိုယ်အတွင်းထိဝင်သွားခဲ့ရင် ဆေးရုံ၊ ဆေးခန်းသွားရနိုင်ပါတယ်။ 

ဒီတော့ အနှစ်ချုပ်ပြောရရင် ရာသီလာချိန်မှာ အတူနေတာက ဘေးကင်းပြီးတော့ အကျိုးကျေးဇူးတောင်များပါသေးတယ်။ ဒါပေမဲ့ ကိုယ်ဝန်နဲ့ လိင်ကတဆင့်ကူးစက်ရောဂါတွေ ကာကွယ်ဖို့တော့ သတိပြုသင့်ကြောင်း မျှဝေလိုက်ရပါတယ်။ 

Share Now: