AMI Life News

ကလေးတွေမှာဖြစ်တတ်တဲ့ နှင်းခူနာ

နှင်းခူနာဆိုတာ ကလေး အယောက် ၁၀၀ မှာ ၁၅-၂၀ လောက်ဖြစ်တဲ့ အရေပြား‌ပြဿနာတစ်ခုဖြစ်ပါတယ်။ ကလေးကြီးလာတာနဲ့အမျှ သက်သာလာပြီး ကျောင်းနေတဲ့အရွယ်၊ မြီးကောင်ပေါက်အရွယ်ရောက်ရင် အများအားဖြင့် ပျောက်သွားလေ့ရှိပါတယ်။ တချို့ကလေးတွေမှာတော့ နာတာရှည်ဝေဒနာအဖြစ်နဲ့ ဆက်ပြီးရှိသွားနိုင်ပါတယ်။

◼️ဖြစ်‌စေတဲ့ အကြောင်းအရင်း

နှင်းခူနာဖြစ်ရတဲ့ အကြောင်းအရင်းအတိအကျကို မသိကြပေမဲ့ ဒါက မျိုးရိုးဗီဇ(ဓာတ်မတည့်ခြင်း)နဲ့ ပတ်ဝန်းကျင်အခြေအနေ‌တွေ ပေါင်းစပ်ပြီး ဖြစ်ပွားတာလို့ ဆိုပါတယ်။ နှင်းခူရှိတဲ့ကလေးတွေက ချွေး၊ အပူဒဏ်၊ အသားကြမ်းတဲ့ အဝတ်အစား၊ တချို့ချွတ်ဆေး၊ ဆပ်ပြာ၊ သန့်စင်ရည်တွေကြောင့် အလွယ်တကူ အရေပြားရောင်ရမ်းယားနာတတ်ပါတယ်။

◼️လက္ခဏာ

နှင်းခူနာဆိုတာ ရောင်ရမ်းခြင်းကြောင့်ဖြစ်လာတဲ့ အရေပြားနီရဲ၊ ခြောက်သွေ့၊ ယားယံခြင်းဖြစ်ပါတယ်။ ယားယံတာက ပြင်းထန်ပြီး အချိန်ပြည့်ဖြစ်နေတတ်ပါတယ်။ ဒီလိုနဲ့ ကုတ်ရင်းဖဲ့ရင်း အရေပြားမှာ ရေကြည်ဖုတွေ ထွက်လာတာ၊ အရည်တွေစိမ့်ထွက်လာတာ၊ အကြေးခွံလိုအဖတ်တွေ ဖြစ်လာတာ၊ ပိုးဝင်ပြီးအနာဖြစ်တာတွေ ကြုံရနိုင်ပါတယ်။ တချို့ကလေးတွေမှာ ကုတ်ဖဲ့တာ ရက်တွေ၊ လတွေများစွာကြာလာတဲ့အခါ အရေပြားက ထူထူကြမ်းကြမ်းကြီးနဲ့ မည်းလာတတ်ပါတယ်။

တစ်နှစ်အောက် ကလေးတွေမှာ‌ အများအားဖြင့် မျက်နှာ၊ ဦးခေါင်း၊ လက်မောင်းနဲ့ ခြေထောက်မှာဖြစ်ပါတယ်။

နည်းနည်းကြီးတဲ့ ကလေးတွေမှာတော့ တံတောင်ဆစ်အတွင်းဘက်၊ ဒူးအနောက်ဘက်တွေမှာပဲ ဖြစ်တတ်ပါတယ်။

ပြင်းထန်နှင်းခူနာရှိတဲ့ တချို့ကလေးတွေမှာဆိုရင် တစ်ကိုယ်လုံးဖြစ်နိုင်ပြီး တော်တော်လေးလည်းယားပါတယ်။

◼️ကုသနည်း

နှင်းခူနာကို လုံးဝအရှင်းပျောက်အောင် ကုလို့မရပါဘူး။ ဒါပေမဲ့ ဝေဒနာသက်သာအောင်ပြုလုပ်နိုင်တဲ့နည်းတွေရှိပါတယ်။ ဆရာဝန် ညွှန်ကြားတဲ့အတိုင်းကုသမှုခံယူပြီး ပုံမှန်ရက်ချိန်းအတိုင်းပြသပါ။ ဒါမှသာ လက်ရှိကုထုံးက အဆင်ပြေမပြေ ပြန်လည်ချိန်ညှိနိုင်မှာဖြစ်ပါတယ်။ ရာသီကူးပြောင်းတဲ့အခါ၊ နှင်းခူနာပြန်ထတဲ့အခါ၊ ကလေးအသက်ကြီးလာတဲ့အခါတွေမှာ ကုသမှုကိုချိန်ညှိဖို့လိုအပ်တတ်ပါတယ်။

◾ကလေးကို ဘယ်လိုရေချိုးပေးမလဲ

တချို့ကလေးတွေမှာ ရေချိုးတာကို တစ်ပတ် ၁ – ၃ ကြိမ်ကန့်သတ်လိုက်တာက သက်သာစေပါတယ်။ ဘာကြောင့်လဲဆို ရေခဏခဏချိုးရင် အရေပြားကပိုခြောက်ပြီး ယားယံတာပိုဆိုးနိုင်လို့ပါ။

ဝတ်မှုန်၊ တိရစ္ဆာန်အမွှေးအစရှိတာတွေနဲ့ ဓာတ်မတည့်တဲ့ ကလေးတွေမှာကျ ထိတွေ့ပြီးတိုင်းမှာရေချိုးတာ၊ မကြာခဏရေချိုးတာက အကျိုးများပါတယ်။ ဘယ်နည်းလမ်းနဲ့ပိုသင့်တော်လဲ‌ဆိုတာ ဆရာဝန်ကသုံးသပ်ရွေးချယ်ပေးနိုင်ပါတယ်။

▪️ဆပ်ပြာမဟုတ်တဲ့ အပျော့စားသန့်စင်ရည်နဲ့ ရေချိုးသန့်စင်ပေးပါ။

▪️ရေချိုးချိန်ကို မကြာပါစေနဲ့။

▪️ရေအပူချိန်ကို ခပ်နွေးနွေးမှာပဲထားပါ။ အရမ်းမပူပါစေနဲ့။

▪️ရေသုတ်တဲ့အခါ ရေသုတ်ဝတ်နဲ့ မပွတ်ဆွဲဘဲ တို့ပြီးသုတ်ပါ။

▪️ရေချိုးပြီးတာနဲ့ချက်ချင်း အရေပြားစိုနေတုန်းမှာ လိမ်းဆေး (သို့) Moisturizer လူးပါ။

◾လိမ်းဆေး

နှင်းခူနာအတွက် လိုအပ်တဲ့ ခရင်မ်၊ စတီးရွိုက်လိမ်းဆေးတွေကို ဆရာဝန်ကညွှန်ကြားပေးပါလိမ့်မယ်။ ပမာဏအနည်းငယ်ယူပြီး တစ်နေ့နှစ်ကြိမ် (သို့) ဆရာဝန်ညွှန်ကြားတဲ့အတိုင်းလိမ်းပါ။

လိမ်းဆေးကို Moisturizer မလူးခင် အမြဲတမ်းအရင်လူးပါ။ အနည်းဆုံး မိနစ် ၃၀ ခန့်စောင့်ပြီးမှ Moisturizer လိမ်းပါ။

ကလေးက နှင်းခူနာထတဲ့အချိန်ဆိုရင်တော့ ပိုပြင်းတဲ့ စတီးရွိုက်လိမ်း‌ဆေးကို ကာလတိုလိမ်းဖို့လိုနိုင်ပါတယ်။ တစ်နေ့နှစ်ကြိမ် (သို့) ဆရာဝန်ညွှန်ကြားတဲ့အတိုင်းလိမ်းပါ။ ၇ ရက်ကြာလို့မှ မသက်သာရင် ဆရာဝန်နဲ့ပြသပါ။ တကယ်လို့ သက်သာလာတယ်ဆိုရင် နည်းနည်းချင်းစီလျှော့ပြီး(တစ်ပတ်ကို ၂ – ၃ ကြိမ်ခန့်)လိမ်းသွားပါ။

စတီးရွိုက်ဆေးလိမ်းတဲ့အခါ အလွန်အကျွံမဖြစ်ဖို့ အရေးကြီးပါတယ်။ မဟုတ်ရင် ကလေးအရေပြားမှာ အကြောပြတ်တာ၊ အရေပြားပါးတာ၊ သွေးကြောလေးတွေပေါ်လာတာတွေဖြစ်နိုင်ပါတယ်။

◾Moisturizer

ဆေးလိမ်းပြီးလို့ မိနစ်သုံးဆယ်ကြာမှ Moisturizer ထူထူလေးလိမ်းပါ။ ကလေးက လောလောဆယ်မှာ နှင်းခူမဖြစ်ရတောင် တစ်နေ့နှစ်ကြိမ်လိမ်းပေးတာက နှင်းခူနာမထအောင် ကူညီပေးပါတယ်။

◾Antihistamine

Antihistamine က ‌ဓာတ်မတည့်တာကိုကုသတဲ့ ဆေးတစ်မျိုးဖြစ်ပါတယ်။ ဒီဆေးက ယားယံတာသက်သာစေပြီး ညမအိပ်ခင်တိုက်တာ ပိုကောင်းပါတယ်(ဘာလို့ဆို Antihistamine က အိပ်ငိုက်စေလို့ပါ)။

ဓာတ်မတည့်ရင် နှာရည်ယို၊ မျက်ရည်ဝဲတတ်တဲ့ ကလေးတွေမှာဆိုရင် Antihistamine ဖြစ်တဲ့ Cetirizine လိုဆေးမျိုးကို တစ်နေ့တစ်ကြိမ်သောက်ဖို့ လိုအပ်နိုင်ပါတယ်။

◼️သတိပြုရမယ့် အရာများ

ကလေးရဲ့ နှင်းခူကိုပို‌ဆိုးစေနိုင်တဲ့ ခွေးမွှေး၊ ကြောင်မွှေး၊ ဖုန်အမှုန်၊ အပင်ဝတ်မှုန်တွေ၊ ဓာတ်မတည့်တဲ့ အစားအသောက်တွေကို ရှောင်ကြဉ်ပါ။

▪️အရေပြားကိုအုပ်ထားပေးနိုင်တဲ့ ချည်သားအင်္ကျီ၊ ဘောင်းဘီအရှည် ဝတ်ပေးထားပါ။

▪️အခန်းအပူချိန်ကို အေးအောင်ထားပါ။(ချွေးထွက်ရင် ပိုယားတတ်ပါတယ်)

▪️အမွှေးပွတဲ့အသားတွေ၊ လေဝင်လေထွက်မကောင်းတဲ့၊ ကြမ်းရှတဲ့ ပိတ်သားတွေရှောင်ပါ။

▪️ဖုန်အမှုန်တွေ ခိုကပ်နေနိုင်တဲ့အရုပ်တွေ၊ အိမ်မွေးတိရစ္ဆာန်တွေနဲ့ ပေးမဆော့ပါနဲ့။

▪️ပူလွန်းအေးလွန်းခြင်း၊ ချွေးထွက်ခြင်းတွေ မဖြစ်အောင်ဂရုစိုက်ပါ။

◼️ဘယ်အခါမှာ ဆရာဝန်နဲ့ပြဖို့ လိုမလဲ

▪️ကလေးအရေပြားမှာ အရည်တစိမ့်စိမ်ထွက်ပြီးနာခြင်း၊ အဖျားပါတက်ခြင်း

▪️နှင်းခူနာ ပိုဆိုးလာခြင်း၊ ညွှန်ကြားတဲ့ဆေးတွေနဲ့ မသက်သာခြင်းတွေဖြစ်လာရင် ဆရာဝန်နဲ့ပြသဖို့လိုအပ်ကြောင်း မျှဝေလိုက်ရပါတယ်။

Share Now: