AMI Life News

ကိုယ်ဝန်ဆောင်ချိန်မှာ သတိပြုရမည့်လက္ခဏာများ

မိခင်ဖြစ်ချင်သူတွေအတွက် ကိုယ်ဝန်ဆောင်ကာလဆိုတာ ပျော်ရွှင်စိတ်လှုပ်ရှားစရာကောင်းသလို အခက်အခဲတွေ၊ ကျန်းမာရေးပြဿနာတွေလည်းရှိတတ်ပါတယ်။ အများအားဖြင့် ကိုယ်ဝန်ဆောင်ကာလဟာ အဆင်ပြေပြေနဲ့ပြီးသွားကြပေမဲ့လည်း သတိထားစောင့်ကြည့်ဖို့တော့ လိုအပ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သတိပြုရမယ့် အရေးကြီးလက္ခဏာတွေကိုသိထားခြင်းက မိခင်ရောကလေးအတွက်ပါ အသက်တမျှအရေးကြီးတာကြောင့် ရေးသားဖော်ပြလိုက်ရပါတယ်။

🪧 မိန်းမကိုယ်သွေးဆင်းခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာသွေးဆင်းတာက နည်းနည်းများများ စိုးရိမ်ဖို့လိုပါတယ်။ ကိုယ်ဝန်အစောပိုင်းမှာ သာမန်သွေးဆင်းတာမျိုးရှိတတ်ပေမဲ့ အချင်းကွာတာ၊ ကိုယ်ဝန်ပျက်ကျတာလိုမျိုး အန္တရာယ်ရှိတာတွေလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သွေးဆင်းတယ်ဆိုရင် နည်းနည်းများများ၊ နာနာ မနာနာ ဆရာဝန်နဲ့ချက်ချင်းပြသဖို့လိုပါတယ်။

🪧 အပြင်းအထန် ဗိုက်နာ၊ ဗိုက်အောင့်ခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာ ဗိုက်ထဲမသက်မသာဖြစ်တာက ပုံမှန်ဆိုပေမဲ့လည်း အကြာကြီးဗိုက်အောင့်နေတာ၊ ရုတ်တရက်နာပြီး ပိုပိုဆိုးလာတာဆိုရင်တော့ လျစ်လျူရှုမထားသင့်ပါဘူး။ ဒါဟာ အချင်းကွာတာ၊ နေရာမှားသန္ဓေတည်တာ၊ လမစေ့ဘဲကလေးမွေးတာဖြစ်နိုင်ပြီး အရေးပေါ်ပြသဖို့လိုပါတယ်။

🪧 ပြင်းထန်စွာခေါင်းကိုက်ခြင်း (သို့) အမြင်အာရုံကြည့်မကောင်းခြင်း

ပြင်းပြင်းထန်ထန် တောက်လျှောက်ခေါင်းကိုက်နေတယ် (သို့) မျက်စိတွေကကြည့်လို့မကောင်းဘဲ ဝါးနေတယ်၊ အစက်အပြောက်တွေမြင်နေရတယ်ဆိုရင် ကိုယ်ဝန်ဆိပ်တက်တာဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆိပ်တက်တယ်ဆိုတာ သွေးပေါင်ချိန်တက်ပြီး ကိုယ်တွင်းအင်္ဂါထိခိုက်ပျက်စီးနိုင်တဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ ဒီလိုလက္ခဏာတွေပြလာရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသစစ်ဆေးပါ။

🪧 ဖောရောင်ခြင်း

ဖောရောင်တာက ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်လေ့ရှိတဲ့အရာဆိုပေမဲ့ ရုတ်တရက် (သို့) ဆိုးဆိုးရွားရွားဖောရောင်တာ၊ အထူးသဖြင့် မျက်နှာနဲ့ လက်မှာဖြစ်တာက ကိုယ်ဝန်ဆိပ်တက်ခြင်း (သို့) တခြားရောဂါနောက်ဆက်တွဲဖြစ်နိုင်ပါတယ်။

🪧 ကလေးအလှုပ်နည်းခြင်း

ကလေးလှုပ်တာ (တနည်း) ကလေးကန်တာ အကြိမ်အရေအတွက်နည်းရင် စိတ်ပူရပါတယ်။ တစ်နေ့လုံးမှာ ကလေးလှုပ်တဲ့အကြိမ်အရေအတွက် အမျိုးမျိုးပြောင်းလဲနေတာက ပုံမှန်ဆိုပေမဲ့ သိသိသာသာ ‌တောက်လျှောက်ကြီးငြိမ်သွားတာဆိုရင် ကလေးမှာပြဿနာတစ်ခုခုရှိနေနိုင်ပါတယ်။

🪧 ဖျားခြင်း

ကိုယ်ဝန်ဆောင်ချိန်မှာဖျားတာက ကလေးရော အမေအတွက်ပါအန္တရာယ်ရှိနိုင်တဲ့ ရောဂါပိုးကူးစက်ခံရခြင်းလက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်။ ရောဂါပိုးဝင်ရင် လမစေ့ဘဲမွေးတာ၊ ကလေးဖွံ့ဖြိုးမှုဆိုင်ရာပြဿနာ နဲ့ တခြားနောက်ဆက်တွဲပြဿနာတွေဆီ ဦးတည်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အဖျားကြီးရင် ဆရာဝန်နဲ့ချက်ချင်းပြသသင့်ပါတယ်။ အခုဖော်ပြခဲ့တာတွေက အကုန်မဟုတ်သေးပါဘူး။ သင့်အနေနဲ့ တခြားပုံမှန်မဟုတ်တဲ့၊ စိုးရိမ်ရတဲ့လက္ခဏာတစ်ခုခုခံစားနေရရင် ဆရာဝန်နဲ့ချက်ချင်းဆွေးနွေးတိုင်ပင်ပါ။ ဒါမှသာ လိုအပ်တဲ့ကုသမှုကိုခံယူနိုင်ပြီး ဘေးကင်းတဲ့ကိုယ်ဝန်တစ်ခုဖြစ်လာမယ်ဆိုတဲ့အကြောင်း မျှဝေလိုက်ပါတယ်နော်။

Share Now: