Psoriasis ဆိုတာ အရေပြားအတွင်း ခုခံအားစနစ်လွန်ကဲခြင်း (Autoimmune) နှင့် Psoriasis ဖြစ်နိုင်သော (Genetic) မျိုးရိုးဗီဇ ပေါင်းစပ်မှုကြောင့်ဖြစ်တဲ့ နာတာရှည် အရေပြားရောင်ရမ်းသော ရောဂါတစ်မျိုး ဖြစ်ပါတယ်။
Psoriasis ကို မြန်မာလို ထပ်တစ်ရာနာ/ဂျွတ်ပွေးနာ လို့လည်းခေါ်ကြပါတယ်။ Psoriasis (ဆို-ရယ်-ရေး-စစ်) လို့ အကြမ်းဖျင်း ခေါ်လည်းရပါတယ်။
ဘယ်သူတွေမှာဖြစ်တတ်လဲ?
လူအယောက် ၁၀၀ မှာ ၃ ယောက်ခန့်ဖြစ်တတ်ပါတယ်။
အသက်အပိုင်းခြား(၂)ခုမှာ စဖြစ်တာများပြီးတော့ အသက် ၁၆-၂၂ အတွင်း (သို့) အသက် ၅၇-၆၂ အတွင်း မှာအဖြစ်တာများတာတွေ့ရတတ်ပါတယ်။
အသက်ငယ်ပိုင်းမှာဆို
အမျိုးသမီး တွေမှာဖြစ်တာက အမျိုးသား တွေမှာဖြစ်တာထက် ပိုများတတ်ပါတယ်။ ဒါ့အပြင် ကလေး တွေမှာလည်း ဖြစ်တတ်ပါသေးတယ်။
ဘာကြောင့်ဖြစ်တာလဲ?
Psoriasis ဆိုတာ အပေါ်မှာပြောခဲ့သလိုပဲ Autoimmune အရေပြားရောဂါတမျိုးဖြစ်ပါတယ်။ ထူးခြားတာက အခြား Autoimmune အရေပြားတွေလို အရေပြားနီလာတာတင်မကပဲ အရေပြားဆဲလ်တွေပွားများနှုန်းမှာလဲ သာမာန်ထက် ၅/၆ ဆ မြင့်တက်လာပါတယ်။ ဒါကြောင့် အရေပြားတွေကထူလာတာ အဖြူဖတ်တွေအချပ်လိုက်ထွက်လာတာမျိုးဖြစ်လာရတာကြောင့်လည်း ထပ်တစ်ရာနာလို့ခေါ်ကြတာဖြစ်နိုင်ပါတယ်။
ကူးစက်ရောဂါပိုးတစ်ခုခု ကြောင့် ဖြစ်တာမဟုတ်သလို မှို ပိုးဝင်လို့လဲမဟုတ်ပါဘူး။ဒါကြောင့် Psoroasis ရှိသူတစ်ယောက်နဲ့ သာမာန်ထိတွေ့မိတာမျိုး ရေကူးကန်ထဲအတူတူကူးမိတာမျိုး၊ တစ်ကိုယ်ရေအသုံးအဆောင်တွေ မျှသုံးမိတာတို့၊ လိင်ဆက်ဆံတာကနေ လူတစ်ယောက်မှ တစ်ယောက်ဆီ ကူးစက်မှုမရှိပါဘူး..
မျိုးရိုးလိုက်တတ်လား?
မျိုးရိုးရှိရင်ပိုဖြစ်တတ်တာဖြစ်လို့ မိသားစု အရင်းတွေမှာ ဖြစ်ရင် ကိုယ့်မှာဖြစ်ဖို့ အခွင့်အလမ်းများနိုင်ပါတယ် (၁၀၀% ဖြစ်နိုင်တယ်လို့တော့မပြောနိုင်ပါ)။
တိတိကျကျပြောရရင်တော့
သာမာန်မျိုးရိုးမရှိတဲ့သူတစ်ယောက်ဆိုရင်တော့ (၃-၄% )ဖြစ်နိုင်ပြီး မိဘတယောက်မှာရှိနေရင်တော့ ကိုယ့်မှာဖြစ်ဖို့ (၂၈% )နှင့် မိဘနှစ်ယောက်လုံးမှာရှိရင်တော့ (၆၅% )ထိဖြစ်နိုင်တယ်လို့ဆိုပါတယ်။ Monozygotic လို့ခေါ်တဲ့အမွှာတွေမှာ တစ်ယောက်ဖြစ်ရင်နောက်တစ်ယောက်ဖြစ်ဖို့ ၁၅-၂၀% သာဖြစ်တာကို တွေ့ရတာကြောင့် ၁၀၀% မျိုးရိုးမလိုက်တတ်ဘူးလို့လည်း ပြောလို့ပါတယ်။
အများအားဖြင့် Psoriasis ကို ခံစားရပြီဆိုရင် လူအများစု စစချင်း သတိပြုမိကြတာကတော့ ဦးရေပြားပေါ်မှာ ဗောက်ထသလို အမှုန်တွေ အဖတ်ဖြူဖြူတွေ ခေါင်းဖီး တဲ့အခါ သတိပြုတတ်ကြပါတယ်။ ပုံမှန်ဗောက်ထသလို အမှုန်သေးသေးလေးတွေ မဟုတ်ပဲ အနည်းငယ်ကြီးမားသော အရေပြားအဖတ်တွေအနေနဲ့ တွေ့ကြတတ်ပါတယ်။ဦးရေပြားပေါ်ကိုစမ်းကြည့်ရင် ခပ်ကြမ်းကြမ်းခပ်ထူထူ နေရာအကွက် တစ်ကွက် (သို့) ၃-၄ကွက်စမ်းမိတတ်ပါတယ်။ ဦးရေပြားဂျွတ်ပွေးနာ (scalp psoriasis) က သာမာန်ဗောက်ထတာမျိုးနဲ့ ဆင်တူတတ်သော်လည်း တကယ်တမ်းသေချာကြည့်ရင် သူ့မှာထွက်တဲ့ အဖြူဖတ်တွေက အဆမတန်သိပ်သည်းတာတွေ့ရတယ်၊ အဖတ်တွေပိုကြီးတယ်၊ တခါတရံ ဦးရေပြားမှာ နီပြီး ရောင်ရမ်းနေတာမျိုးတွေပါတွေ့ရတတ်ပါတယ်။ တချို့လူနာတွေမှာဆိုရင်တော့ ဦးရေပြားနှဖူးအစပ်နှင့် နားရွက်နားတဝိုက်မှာလဲ ထိုကဲ့သို့ဖြစ်တာ ကြုံရတတ်ပါတယ်။
Psoriasis က ဦးရေပြားမှာပဲ ရှိတတ်ကြသော်လည်း အချို့လူနာတွေမှာတော့ ခန္ဓာကိုယ်ပေါ်ရှိ အခြားနေရာတွေမှာပါတွေ့ရတတ်ပါတယ်။အထူးသဖြင့် တတောင်ဆစ်အပြင်ဖက်, ခါး , တင်ပါးအပေါ်ဖက်, ဒူးဆစ်အရှေ့ နှင့် ညို့သူကြီးတဝိုက်မှာ အဖြစ်များတာတွေ့ရတတ်ပါတယ်။ ဖြစ်ပွားရာနေရာမှာ အနီရောင် ခပ်ကြမ်းကြမ်းကြပ်ထူ အရေပြားအကွက်ငယ်များအဖြစ် စတင်တွေ့ရတတ်ပြီး ကုသမှုမပြုပါက ပိုမိုကျယ်ပြန့်ကာ ထူထဲလာတတ်ပါတယ်။ ထိုအရေပြားထူထူရဲ့အပေါ်မှာလည်း ငွေရောင်/အဖြူရောင် ဗောက်ထသလို အရေပြားအဖတ်များကပ်နေသဖွယ်တွေ့ရပါလိမ့်မယ်။Psoriasis အကွက်တွေဟာ အလွန်အမင်းယားယံမှုသိပ်မရှိပေမယ့်လည်း အရေပြားခြောက်သွေ့မှုကြောင့် ရန်ဖန်ရံခါယားယံတတ်ပါတယ်။
အထူးသတိပြုရမှာကတော့ ယားယံလို့ဖြစ်စေ ထူနေလို့ဖြစ်စေ ကုတ်ဖဲ့မိခဲ့ပါက ထိုနေရာမှာ Psoriasis အကွက်အသစ်တစ်ခု အစပျိုးဖြစ်ပွားမှု (Koebner ဖြစ်စဉ်) ကိုဖြစ်စေပါတယ်။
မဖြစ်မနေ သိရမည့်အချက်ကတော့ Psoriasis ဆိုတာ အရေပြားပေါ်တင်မဟုတ်ပဲ လက်သည်း ခြေသည်းတွေ.. အဆစ်အမြစ်များကိုပါ ရောင်ရမ်းပျက်ဆီးစေတတ်တယ် ဆိုတာသိထားဖို့လိုပါတယ်။ Psoriasis ဖြစ်တဲ့လူနာတွေရဲ့ ၃၀% မှာ Psoriasis Arthritis (ခေါ်) Psoriasis နှင့်အတူတွဲဖြစ်သော အဆစ်အမြစ်ရောင်ရောဂါပါ တဆက်တည်းဖြစ်ပွါးနိုင်တယ်လို့ဆိုပါတယ်။