ကလေးငယ်တွေ အဖြစ်များတဲ့အရေပြားပြဿနာတွေထဲမှာ နို့ပွေးကလည်း တစ်ခုအပါအဝင်ပါပဲ။ ကလေး အယောက် ၁၀၀ မှာ ၂၅ ယောက်အထိဖြစ်နိုင်ပြီး အများအားဖြင့် အသက်တစ်နှစ်အောက်ကလေးတွေမှာ ပိုဖြစ်လေ့ရှိပါတယ်။ နာမည်က “နို့ပွေး” ဆိုတော့ ဒီအရေပြားပြဿနာက မိခင်နို့ကြောင့်ဖြစ်တာလားဆိုပြီး မေးကြတဲ့မေမေတွေလည်း ရှိပါတယ်။ ဒါကြောင့် ဒီနေ့မှာ နို့ပွေးအကြောင်း သိကောင်းစရာတွေကိုမျှဝေသွားပါမယ်။
နို့ပွေးဆိုတာ ဘာလဲ
နို့ပွေးဆိုတာ မျိုးရိုးဗီဇနဲ့ ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းတရားတွေ စုပေါင်းပြီးဖြစ်တဲ့ နှင်းခူပုံစံအရေပြားပြဿနာဖြစ်ပါတယ်။ ကလေးရဲ့ပါးနဲ့ ဦးရေပြားမှာ အဖြစ်များပြီး အရေပြားက ခြောက်သွေ့၊ အဖတ်ကွာ၊ ယားယံ၊ နီရဲရောင်ရမ်းနေတတ်ပါတယ်။
နို့ပွေးဖြစ်စေတဲ့ အကြောင်းတရားတွေက …
ကလေးအရေပြားနဲ့ ဓာတ်မတည့်တဲ့အရာတွေ/ ကလေးအရေပြားကို ထိခိုက်စေတဲ့အရာတွေ (ဥပမာ – အဝတ်ပိတ်စအသား၊ ပတ်ဝန်းကျင်အပူချိန်၊ ချွေး၊ လေပူ၊ ဆပ်ပြာ၊ ချွတ်ဆေး၊ အစားအသောက်၊ ဖုန်အမှုန်၊ တိရစ္ဆာန်အမွှေး)
ကလေးကိုယ်ခံအားစနစ် လွန်ကဲစွာတုံ့ပြန်ခြင်း
မျိုးရိုးဗီဇ(မိသားစုထဲမှာ နှင်းခူ၊ ပန်းနာရင်ကျပ်၊ ဓာတ်မတည့်တာဖြစ်တဲ့သူရှိခြင်း) စတာတွေ ဖြစ်နိုင်ပါတယ်။
မိခင်နို့ကြောင့်ရော ဖြစ်နိုင်လား?
လေ့လာတွေ့ရှိချက်တွေအရတော့ မိခင်နို့က ကလေးတွေ(နို့ပွေးဖြစ်တဲ့ကလေးအပါအဝင်)အတွက် ယေဘုယျအားဖြင့် အကျိုးကျေးဇူးများပါတယ်။ မိခင်နို့မှာ ကိုယ်ခံအားဆဲလ်တွေလည်းပါဝင်တာမို့ (ဓာတ်မတည့်တာကြောင့်ဖြစ်နိုင်တဲ့)နို့ပွေးဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။
ဒါပေမဲ့ ရှားရှားပါးပါး တချို့အခြေအနေတွေမှာတော့ ကလေးမတည့်တဲ့အရာကို မိခင်ကစားသောက်မိပြီး နို့ကတဆင့် ကလေးဆီရောက်တဲ့အခါဖြစ်တတ်ပါတယ်။
တကယ်လို့ မိခင်နို့ကတဆင့်ဖြစ်တယ်လို့ သံသယရှိရင် ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပြီး ကလေးနဲ့ဓာတ်မတည့်တာဖြစ်နိုင်တဲ့ အစားအသောက်တွေကို ရှောင်ကြဉ်ပြီး တိုးတက်မှုရှိမရှိ စောင့်ကြည့်နိုင်ပါတယ်။
ကလေးသက်သာအောင် ဘာလုပ်ပေးရမလဲ
ကလေးရဲ့လက္ခဏာနဲ့ ပြင်းထန်မှုအပေါ်မူတည်ပြီး ကုသမှုကကွဲပြားနိုင်ပါတယ်။
ဖြစ်စေနိုင်တဲ့အကြောင်းအရင်းတွေကို ရှောင်ကြဉ်ဖယ်ရှားပါ – အနံ့ပါတဲ့/ပြင်းတဲ့ ကိုယ်တိုက်ဆပ်ပြာ၊ လိုးရှင်း၊ အဝတ်လျှော်ဆပ်ပြာစတာတွေကို ရှောင်ကြဉ်ပါ။
လိမ်းဆေးလူးပါ – Corticosteroid ပါဝင်တဲ့လိမ်းဆေးတွေက ယားယံရောင်ရမ်းခြင်းကို သက်သာစေပါတယ်။ နို့ပွေးသိပ်မဆိုးဘူးဆိုရင် 1% hydrocortisone ပါဝင်တဲ့ဆေးကို တစ်နေ့နှစ်ကြိမ်
နှစ်ပတ်ထက်မကျော်ဘဲ လိမ်းနိုင်ပါတယ်။ လက္ခဏာပြင်းထန်ရင်တော့ ဆရာဝန်နဲ့ပြသပြီး ညွှန်ကြားတာကိုလိမ်းပါ။
(Steroid ပါတဲ့ဘယ်လိမ်းဆေးမဆို နှစ်ပတ်ထက်ကျော်မလိမ်းသင့်ပါဘူး။ အရေပြားပါးပြီး အရောင်ပြောင်းသွားနိုင်ပါတယ်။)
Moisturizer လူးပေးပါ – ကလေးအရေပြား အစိုဓာတ်ပြည့်ဝနေရင် နို့ပွေးလက္ခဏာသက်သာပါတယ်။ ကလေးအတွက် သီးသန့်ထုတ်ထားတဲ့ Moisturizer လိမ်းပေးပါ။ ကလေးရေချိုးပြီးတိုင်း၊ အရေပြားခြောက်သွေ့လာတဲ့အခါတိုင်း လိမ်းပေးပါ။
တကယ်လို့ကလေးကခဏခဏပြန်ဖြစ်နေမယ်၊လက္ခဏာပြင်းထန်တယ်ဆိုရင်ကလေးအထူးကုဆရာဝန်နဲ့ပြသပါ။
ဒီတော့ အနှစ်ချုပ်ပြောရရင် မိခင်နို့ကြောင့် နို့ပွေးတိုက်ရိုက်ဖြစ်နိုင်ခြေက မရှိသလောက်နည်းပါတယ်။ နို့ပွေးဖြစ်စေနိုင်တဲ့အကြောင်းအရင်းနဲ့ လိုက်နာရမယ့်အရာတွေလည်း ဖော်ပြခဲ့ပြီးပြီမို့ နို့ပွေးဖြစ်လာရင် ဘာလုပ်ရမလဲ မေမေတို့ကောင်းကောင်းသိပြီထင်ပါတယ်။

