မနက်ရောက်ရင် မြည်လာတဲ့ Alarm ကိုပိတ်ပြီး နည်းနည်းပဲဖြစ်ဖြစ်ထပ်အိပ်ချင်တာက လူတိုင်းနီးပါပဲ။ ဒါပေမဲ့ အိပ်ရာကနိုးတိုင်း မကြည်မလင်ဖြစ်နေမယ် (သို့) နေ့ဘက်တွေမှာ အမြဲလိုလို နွမ်းနယ်သလိုခံစားနေရမယ်ဆိုရင် ဒါဟာ ကျန်းမာရေးပြဿနာ (သို့) အိပ်စက်မှုပုံစံမမှန်ခြင်းရဲ့ လက္ခဏာဖြစ်နိုင်ပါတယ်။
ဒီနေ့မှာတော့ မနက်အိပ်ရာထရင် မလန်းဆန်းရခြင်းရဲ့ ဖြစ်နိုင်ခြေအကြောင်းအရင်းတချို့ကို မျှဝေသွားပါမယ်။
အိပ်နေစဉ် အသက်ရှူခဏခဏရပ်ခြင်း(Sleep Apnea)
ဒီကျန်းမာရေးပြဿနာက သင်အိပ်နေတုန်းမှာ အသက်ရှူရပ်ရပ်သွားစေတာမို့ သတိပြုသင့်တဲ့ အခြေအနေဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကြောင့် သွေးထဲအောက်စီဂျင်ကအကြိမ်ကြိမ်ကျပြီး နှလုံးနဲ့သွေးကြောဆိုင်ရာ ပြဿနာတွေဖြစ်လာနိုင်ပါတယ်။ မကုသဘဲထားရင် သွေးတိုးခြင်း၊ နှလုံးကြွက်သားအားနည်းခြင်း၊ နှလုံးမခုန်နိုင်ခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း၊ လေဖြတ်ခြင်းစတဲ့ ကျန်းမာရေးပြဿနာတွေဖြစ်လာနိုင်ပါတယ်။ နောက်ပြီး ဆီးချိုနဲ့ အဝလွန်ခြင်းဖြစ်နိုင်ခြေ မြင့်တက်စေပါတယ်။
Sleep Apnea ရဲ့ လက္ခဏာတွေကတော့ …
ဟောက်ခြင်း
အိပ်နေစဉ် လေရှိုက်အသက်ရှူခြင်း
မနက်နိုးတဲ့အခါ ပါးစပ်ခြောက်နေခြင်း
မနက်ဘက် ခေါင်းကိုက်ခြင်း
တစ်ညလုံးအိပ်ထားပေမဲ့ နုံးနေခြင်း စတာတွေဖြစ်ပါတယ်။
တကယ်လို့သင့်မှာ Sleep Apnea ရှိတယ်လို့သံသယဖြစ်ရင် ဆရာဝန်နဲ့ပြသဖို့ အရေးကြီးပါတယ်။
အိပ်ပျော်ဖို့ခက်ခဲခြင်း(Insomnia)
တော်ရုံနဲ့အိပ်မပျော်တာ၊ နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်တာမျိုးရှိရင် Insomnia ဖြစ်နိုင်ပါတယ်။ ဒီအခါ လူက အားမရှိသလိုခံစားရပြီး စိတ်မကြည်လင်ခြင်း၊ စိတ်ကျခြင်းတွေ ဖြစ်တတ်ပါတယ်။
ခြေထောက်အငြိမ်မထားနိုင်တဲ့ လက္ခဏာစု(Restless Legs Syndrome)
ခြေထောက်မလှုပ်ရမနေနိုင်အောင်ဖြစ်စေတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ အများအားဖြင့် ညနေနဲ့ ညဘက်တွေ အနားယူတဲ့အခါ ခြေထောက်မှာ မသက်မသာတစ်ခုခုခံစားရပြီး ခြေထောက်လှုပ်နေမှ နေသာသလိုခံစားရပါတယ်။ ဒီလိုနဲ့ ညကောင်းကောင်းအိပ်ဖို့ခက်ပြီး မနက်ကျနုံးနေတတ်ပါတယ်။
ညဘက် အပေါ့ခဏခဏသွားခြင်း
ညအိပ်နေချိန်မှာ ခဏခဏအပေါ့ထသွားရခြင်းက အိပ်ရေးကိုပျက်စေပါတယ်။ ညအိပ်ခါနီး ရေသောက်များတာကြောင့် ဖြစ်နိုင်သလို ဆီးချိုစတဲ့ ရောဂါတစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။
နေထိုင်အိပ်စက်ပုံ အလေ့အကျင့်
လွဲမှားတဲ့နေထိုင်စားသောက်ပုံ၊အိပ်စက်ပုံတွေကြောင့်လည်းအိပ်ရေးမဝတဲ့ခံစားချက်ကိုဖြစ်စေနိုင်ပါ တယ်။
နေ့စဉ်အချိန်မှန် အိပ်ရာမဝင်ခြင်း၊ အိပ်ရာမထခြင်း
အိပ်တဲ့အခါမှာ သက်သောင့်သက်သာမရှိခြင်း(ဥပမာ – မွေယာ/ ခေါင်းအုံး အဆင်မပြေခြင်း၊ ပူခြင်း၊ မီးလင်းနေခြင်း၊ အသံဆူခြင်း)
ညမအိပ်ခင် ဖုန်း၊ ကွန်ပျူတာသုံးခြင်း
နေ့လည်ဘက်မှာ တရေးတမောအိပ်ထားခြင်း
အိပ်ခါနီး အဆီ/ အစပ်များတဲ့ အစားအစာစားခြင်း
ညနေ/ညဘက်မှာ ကော်ဖီသောက်ခြင်း
မအိပ်ခင် အရက်သောက်ခြင်း
အိပ်ခါနီးမှ လေ့ကျင့်ခန်းပြုလုပ်ခြင်း/ တစ်နေကုန် ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း
ဒီတော့ မနက်အိပ်ရာထ မလန်းရင် ဖြစ်နိုင်တဲ့ကျန်းမာရေးပြဿနာကို ထည့်စဉ်းစားပြီး မိမိရဲ့နေထိုင်အိပ်စက်ပုံကို ပြောင်းလဲကြည့်ဖို့ တိုက်တွန်းအကြံပြုလိုက်ပါတယ်။

