AMI Life News

မေမေတိုင်းသိထားသင့်တဲ့ ကလေးကာကွယ်ဆေးများအကြောင်း

ရောဂါဘယပေါများတဲ့ ဒီကမ္ဘာမှာ ရင်သွေးလေး အနာရောဂါကင်းပြီး ကျန်းမာ‌ပျော်ရွှင်စွာကြီးပြင်းဖို့  မေမေတို့လုပ်ဆောင်နိုင်တဲ့ အရေးကြီးဆုံးအရာတစ်ခုကိုပြောပါဆိုရင် ကာကွယ်ဆေးပြည့်စုံစွာထိုးနှံခြင်းပါပဲ။  မွေးကင်းစကလေးတွေမှာ ကိုယ်ခံအားဆဲလ်တွေရှိတယ်ဆိုပေမဲ့လည်း တချို့ပိုးမွှားတွေကိုမတိုက်ထုတ်နိုင်တာကြောင့် ပြင်းထန်တဲ့ဝေဒနာတွေ၊ အသက်ဆုံးပါးခြင်းတွေဖြစ်တတ်ပါတယ်။ ဒါကြောင့် ကလေးတိုင်းက ကာကွယ်ဆေးထိုးဖို့လိုအပ်ပြီး မေမေတို့အနေနဲ့လည်း ကာကွယ်ဆေးပုံမှန်ထိုးနှံပေးဖို့ သိပ်အရေးကြီးပါတယ်။ ဒါကြောင့် ဒီနေ့မှာတော့ မေမေ့ရင်သွေး ဘယ်အရွယ်မှာ၊ ဘယ်ကာကွယ်ဆေးထိုးရမလဲဆိုတာကို ပြောပြသွားပါမယ်နော်။

✅ ထိုး/တိုက်ပေးရမည့် ကာကွယ်ဆေးများနှင့် အသက်အရွယ်

◾ဘီစီဂျီ – ပြင်းထန်တီဘီရောဂါကာကွယ်ဆေးဖြစ်ပြီး ကလေး မွေးကင်းစ (သို့) အသက် ၂ လမှာ ထိုးနှံပါတယ်။

◾ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ) – အသက် ၂ လနဲ့ ၄ လမှာ ထိုးနှံပါတယ်။

◾အသည်းရောင် အသားဝါဘီ – မွေးကင်းစမှာ တစ်ကြိမ်ထိုးပြီး အသက် ၂ လ၊ ၄ လ၊ ၆ လ၊ ၁ နှစ်ခွဲမှာ ငါးမျိုးစပ်အဖြစ် ထိုးနှံပါတယ်။

◾ပိုလီယို – ပိုလီယိုအကြောသေရောဂါကာကွယ်ဆေးဖြစ်ပြီး အသက် ၂ လ၊ ၄ လ၊ ၆ လ မှာ ပါးစပ်ကနေ အစက်ချပါတယ်။ ၄ လမှာ ပိုလီယိုကာကွယ်ဆေးလည်း ထိုးနှံပါတယ်။

◾ပီစီဗီ – ပြင်းထန်အဆုတ်ရောင်ရောဂါကာကွယ်ဆေးဖြစ်ပြီး  အသက် ၂ လ၊ ၄ လ၊ ၆ လ မှာ ထိုးနှံပါတယ်။

◾ငါးမျိုးစပ် – ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီ၊ ဦးနှောက်အမြှေးရောင်ရောဂါကာကွယ်ဆေးဖြစ်ပြီး အသက် ၂ လ၊ ၄ လ၊ ၆ လ၊ ၁ နှစ်ခွဲမှာ ပေါင်ကိုထိုးနှံပါတယ်။

◾ဝက်သက် ဂျိုက်သိုး – အသက် ၉ လ နဲ့ ၁ နှစ်ခွဲမှာ လက်မောင်းကိုထိုးနှံပါတယ်။

◾ဂျပန်ဦးနှောက်ရောင် – အသက် ၉ လမှာ လက်မောင်းကိုထိုးနှံပါတယ်။

◾သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး – အသက် ၉ နှစ်နဲ့ ၁၀ နှစ်မှာ ထိုးနှံပါတယ်။

👉 အသက်အလိုက်မြင်သာအောင်ပြရရင် အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

🔹မွေးစ – ဘီစီဂျီ၊ အသည်းအရောင်အသားဝါဘီ

🔹၂ လ – ဘီစီဂျီ(မွေးစမှာ မထိုးဖြစ်ခဲ့ရင်)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ပိုလီယို၊ ပီစီဗီ၊ ငါးမျိုးစပ်

🔹၄ လ – ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ)၊ ပိုလီယို၊ ပိုလီယိုကာကွယ်ဆေးထိုးဆေး၊ ပီစီဗီ၊ ပါးမျိုးစပ်

🔹၆ လ – ပိုလီယို၊ ပီစီဗီ၊ ငါးမျိုးစပ်

🔹၉ လ – ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်-ဂျိုက်သိုး

🔹၁ နှစ်ခွဲ – ငါးမျိုးစပ်၊ ဝက်သက်-ဂျိုက်သိုး

🔹၉ နှစ် – သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး

🔹၁၀ နှစ် – သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး

ကာကွယ်ဆေးဆိုတာ လူတွေမှာမထိုးနှံခင် ပညာရှင်တွေက စမ်းသပ်လေ့လာမှုတွေများစွာပြုလုပ်ကြတယ်။ လူမှာစတင်စမ်းသပ်တဲ့အခါလည်း အချိန်တွေထပ်ယူပြီး (တခါတလေ နှစ်နဲ့တောင်ကြာပါတယ်) ဘေးကင်းတာ၊ အကျိုးထိရောက်တာသေချာအောင် ပြုလုပ်ကြတယ်။

နောက်ဆုံးအသုံးပြုခွင့် လိုင်စင်ရပြီဆိုရင်တောင် အစိုးရအဖွဲ့အစည်းက အမြဲစောင့်ကြည့်စစ်ဆေးနေတာမို့ ကာကွယ်ဆေးတွေဟာ ယုံကြည်စိတ်ချရပါတယ်။

ဒါကြောင့် မေမေ့ရင်သွေးလေးကို ကာကွယ်လို့ရနိုင်တဲ့ရောဂါတွေကနေ အပြည့်အဝကာကွယ်နိုင်ဖို့အတွက် မွေးကတည်းက ကာကွယ်ဆေးအပြည့်အစုံထိုးပေးဖို့ ဘယ်တော့မှမမေ့ပါနဲ့နော်။

Share Now: