AMI Life News

မျက်စိစွံခြင်းကို ဘယ်လိုဂရုစိုက်ကာကွယ်မလဲ

မျက်ခွံအစပ်နဲ့ မျက်ခွံထဲမှာ အဖုထရောင်ရမ်းခြင်းကိုဖြစ်စေတဲ့ မျက်စိစွံဝေဒနာက ၂ မျိုးရှိပါတယ်။ တခါတလေမှာတော့ ခွဲခြားရခက်နိုင်ပေမဲ့ ဒီနှစ်မျိုးရဲ့မတူညီမှုကို ဦးဆုံးပြောပြချင်ပါတယ်။

Stye

Stye ဆိုတာ မျက်တောင်မွှေးအမြစ်မှာ ဘက်တီးရီးယားပိုးဝင်ကူးစက်ခြင်းဖြစ်ပါတယ်။ ဒီအခါ မျက်ခွံအစပ်မှာ ထိရင်နာတတ်တဲ့ အနီရောင်ဖုဖြစ်လာပါတယ်။ ဒီကူးစက်မှုက မျက်ခွံတစ်ခုလုံးနီရဲရောင်ရမ်းတဲ့အထိ ပျံနှံ့သွားနိုင်ပါတယ်။ Stye က အများအားဖြင့် သူ့ဘာသာသူ ပြည်တွေပေါက်ထွက်ပြီး တစ်ပတ်လောက်အတွင်းမှာ ပျောက်သွားတတ်ပါတယ်။ ဒါပေမဲ့ တခါတလေမှာတော့ ပိုးသတ်ဆေးသောက်ဖို့လိုအပ်တာမျိုးရှိနိုင်ပါတယ်။

Chalazion

Chalazion ကတော့ မျက်ခွံအတွင်းထဲကအဆီအိတ်တွေ ရောင်ရမ်းခြင်းကြောင့်ဖြစ်လာတာပါ။ ပုံမှန်အားဖြင့် ပိုးဝင်လို့ဖြစ်တာမဟုတ်ပါဘူး။ ဒီအဖုကတော့ ပျောက်ဖို့လအနည်းငယ်လောက်ကြာနိုင်ပါတယ်။ တကယ်လို့ Chalazion က ပို‌ရောင်ပြီးနာလာမယ်၊ ပျောက်မသွားဘူးဆိုရင် ဆရာဝန်နဲ့ပြပြီး ဖောက်ထုတ်ဖို့လိုအပ်ကောင်းလိုအပ်နိုင်ပါတယ်။

🔘မျက်စိစွံရင် ကိုယ့်ကိုယ်ကိုယ် ဘယ်လိုဂရုစိုက်မလဲ

▪️အဖုကို ညှစ်တာ၊ ဖောက်တာမျိုး မလုပ်ပါနဲ့။

▪️ရေနွေးဝတ်လေးကို မျက်စိအပေါ်အုပ်ထားပါ။ တစ်နေ့ကို ၃ – ၆ ကြိမ်အထိ တစ်ကြိမ်ကို ၅ – ၁၀ မိနစ်လောက် ရေနွေးဝတ်ကပ်ပါ။ အရမ်းပူတဲ့ရေတော့ မဖြစ်ပါစေနဲ့။

▪️တကယ်လို့ ဆရာဝန်က မျက်စဥ်းဆေးပေးရင် ညွှန်ကြားတဲ့အတိုင်းသုံးပါ။ မျက်စိက သက်သာလာရင်တောင် ညွှန်ကြားထားတဲ့ရက်အထိ အသုံးပြုပါ။

▪️မျက်စဥ်းထည့်တဲ့အခါ ခေါင်းကိုမော့၊ အောက်မျက်ခွံကိုလက်တစ်ချောင်းနဲ့ အောက်ကိုဆွဲထားပါ။ အောက်မျက်ခွံအထဲကို ဆေးထည့်ပါ။ ပြီးရင် ဆေးတွေပြန့်သွားအောင် စက္ကန့် ၃၀ – ၆၀ လောက်မျက်စိကိုမှိတ်ထားပါ။ မျက်စဥ်းဘူးထိပ်ကို ဘာနဲ့မှမထိပါစေနဲ့။

▪️မျက်စိစွံနေချိန်မှာ မျက်စိကိုမိတ်ကပ်ခြယ်တာ၊ မျက်ကပ်မှန်အသုံးပြုတာကို ရှောင်ကြဥ်ပါ။

▪️မျက်စိစွံနေရင် မျက်နှာသုတ်ဝတ်၊ သဘက်၊ ခေါင်းအုံးကို သီးသန့်အသုံးပြုပါ။

🔘မျက်စိမစွံအောင် ဘယ်လိုကာကွယ်မလဲ

▪️မျက်စိကိုမပွတ်ပါနဲ့။ မျက်လုံးကိုထိခိုက်နိုင်သလို ဘက်တီးရီးယားတွေလည်း ဝင်နိုင်ပါတယ်။ တကယ်လို့ မျက်စိကိုကိုင်မှဖြစ်မယ်ဆိုရင်လည်း လက်ကိုအရင်ဆေးပါ။

▪️တတ်နိုင်သလောက် မျက်စိကို ဖုန်မှုန့်အညစ်အကြေးတွေကနေ ကာကွယ်ပါ။

▪️အိပ်ခါနီးရင် မျက်လုံးမှာခြယ်ထားတဲ့မိတ်ကပ်ကိုဖျက်ပါ။ မျက်လုံးအတွက်မိတ်ကပ်ကို အနည်းဆုံး ခြောက်လတစ်ကြိမ် အသစ်လဲလှယ်ပါ။ မိတ်ကပ်မှာ ဘက်တီးရီးယားတွေပေါက်နိုင်ပါတယ်။

▪️တကယ်လို့ မကြာခဏ မျက်စိစွံတတ်ရင် ဘေဘီရှန်ပူနည်းနည်းသုံးပြီး ရေနွေးနဲ့ မျက်ခွံကိုပုံမှန်ဆေးကြောသန့်စင်ပါ။

🔘ဘယ်အခါမှာ ဆရာဝန်နဲ့ပြသဖို့လိုမလဲဆိုရင် …

▪️မျက်စိနာခြင်း

▪️အမြင်အာရုံကြည့်မကောင်းခြင်း

▪️နီရဲရောင်ရမ်းမှု ပိုမိုဆိုးရွားလာခြင်း

▪️Stye က တစ်ပတ်တွင်း မသက်သာလာခြင်း

▪️Chalazion က သုံးလေးပတ်ကြာတောင် မသက်သာခြင်း အစရှိတာတွေခံစားရတဲ့အခါမှာ ဆရာဝန်နဲ့ပြသဆွေးနွေးပါ။

Share Now: