နှာခေါင်းသွေးလျှံတယ်ဆိုတာ အဖြစ်များတဲ့အရာပါ။ နှာခေါင်းထဲမှာရှိတဲ့ နူးညံ့တဲ့သွေးကြောတွေပေါက်ပြဲတဲ့အခါ ဖြစ်တတ်ပါတယ်။ ရာသီဥတုပြောင်းခြင်း၊ ခြောက်သွေ့ခြင်း၊ ကုတ်ဖဲ့ခြင်း၊ ဆေးဝါးတချို့နဲ့ ထိခိုက်မှုတွေကြောင့် အဖြစ်များပါတယ်။ သွေးကျဲဆေးသောက်နေတဲ့သူတွေက ပိုဆိုးတတ်ပါတယ်။ နှာခေါင်းသွေးလျှံတာက စိတ်ရှုပ်စရာဆိုပေမဲ့ အများအားဖြင့် ရောဂါပြဿနာမဟုတ်ပါဘူး။
🔴 အောက်ပါအခြေအနေမှာဆိုရင်တော့ အရေးပေါ်ကုသမှုခံယူသင့်ပါတယ်။
◾ပုံမှန်ထက် နှာခေါင်းသွေးပိုထွက်ခြင်း
◾မိနစ် ၃၀ ထက်ပိုကြာခြင်း
◾မူးခနဲ မိုက်ခနဲဖြစ်ခြင်း
◾ပြုတ်ကျ/လဲကျ/မတော်တဆဖြစ်ပြီးနောက် နှာခေါင်းသွေးထွက်ခြင်း
✅ ပုံမှန်နှာခေါင်းသွေးလျှံခြင်းအတွက် လုပ်ဆောင်ရမယ့်နည်းလမ်းတွေကတော့ …
💡ခုံမှာထိုင်ပြီး ကိုယ်ကို အရှေ့နည်းနည်းညွှတ်ပါ။ ခေါင်းကို မတ်မတ်ထားပါ။ ဒါမှ သွေးတွေက လည်ချောင်းထဲကိုစီးမကျဘဲ သီးတာ၊ ဗိုက်နာတာတွေမဖြစ်မှာပါ။
💡ညင်ညင်သာသာ နှာခေါင်းလေမှုတ်ထုတ်ပါ။ သွေးခဲလေးတွေ ရှင်းသွားပါလိမ့်မယ်။
💡နှာခေါင်းကိုပိတ်ထားပါ။ လက်မနဲ့ လက်ချောင်းကိုသုံးပြီး နှာနုရိုးနဲ့ နှာခေါင်းရိုးဆုံရာကိုပိတ်ထားပါ။ ပါးစပ်ကနေပဲ အသက်ရှူပါ။ ၁၀ – ၁၅ မိနစ်ကြာအောင် နှာခေါင်းပိတ်ထားပါ။ သွေးကြောကိုဖိထားလို့ သွေးထွက်တာကို ကူညီတားနိုင်ပါတယ်။
💡သွေးထွက်တာ မရပ်ဘူးဆိုရင် နောက်ထပ် ၁၅ မိနစ် နှာခေါင်းထပ်ပိတ်ပါ။ သွေးထွက်ရပ်/မရပ်စစ်ကြည့်ချင်ရင်တောင် အနည်းဆုံး ၅ မိနစ်နေမှကြည့်ပါ။ ဒုတိယတစ်ခေါက် နှာခေါင်းပိတ်ပြီးလို့မှ သွေးဆက်ထွက်နေရင်တော့ အရေးပေါ်ကုသမှုခံယူပါ။
ဘယ်အခါမှာ ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ရမလဲဆိုရင် …
✔️ မကြာခဏ နှာခေါင်းသွေးလျှံနေမယ်
✔️ နှာခေါင်းသွေးလျှံပြီး သွေးကျဲဆေးလည်းသောက်နေတယ်ဆိုရင် ဆရာဝန်နဲ့ပြသဆွေးနွေးသင့်ပါကြောင်း မျှဝေလိုက်ရပါတယ်။